Thursday, October 6, 2011

ဧရာဝတီမြစ်ဆုံကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ

ဧရာဝတီမြစ်ဆုံကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ
စိန်သံလုံး
ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်

မြန်မာပြည်ကို စီးပွားရေးအရ တရုတ်က အသုံးချနေခဲ့တာ ကြာပါပြီ။ မှတ်မှတ်ရရ ပြောရရင်တော့ ဗိုလ်ချုပ် နေ၀င်းခေတ်ကစပြီး မြန်မာဘက်က အလျှော့ပေး ဆက်ဆံခဲ့တာပါ။ မူဆယ်ဘက်က နယ်စပ်မှာ သတ်မှတ် ကျောက်တိုင် အခိုင်အမာရှိခဲ့တဲ့ နေရာတွေကိုတောင် တရုတ်အတွက် ဗိုလ်ချုပ်နေ၀င်းက ရက်ရက်ရောရော ပေးခဲ့တာလေ။ အဲဒီကစပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးက ဆွေမျိုးပေါက်ဖော် ဖြစ်ခဲ့ကြတာပါ။ အဲဒီဆွေမျိုး ပေါက်ဖော်ကြီးက တချိန်တုန်းက ဗကပကို မွေးပြီး ဆန့်ကျင်ဖို့ အားပေးခဲ့သလို နောက်ပိုင်းမှာတော့ န၀တနဲ့ နအဖက စစ်ခေါင်းဆောင်တွေကို မွေးခဲ့ရာက ဧရာဝတီမြစ်ဆုံကိစ္စကြီး ပေါ်ပေါက်လာခဲ့တာပါ။

မှတ်မိသလောက်ပြောရရင် ပေါက်ဖော်ကြီးက နေရာတိုင်းမှာ သူ့မျက်နှာဖြစ်ဖို့ ကြိုးစားလာခဲ့တာ နှစ်တော် တော်ကြာပါပြီ။ ကမ္ဘာအရပ်ရပ်မှာလည်း သူ့စီးပွားရေးလုပ်ငန်းတွေ မြှုပ်နှံထားတယ်။ လစ်ဗျားမှာတော့ ကဒါဖီ နဲ့ လက်ဝါးချင်းရိုက်ထားတဲ့ကိစ္စမှာ ပေါက်ဖော်ကြီး တော်တော်အထိနာခဲ့တယ်။ အမေရိကန်လို နေရာမျိုးမှာ တောင် ဈေးကွက်ချဲ့နေတဲ့ ပေါက်ဖော်ကြီးကတော့ မြန်မာနိုင်ငံရဲ့အထက်မြန်မာပြည်ကို စပြီး မြိုခဲ့တာပါ။

အထူးသဖြင့် မန္တလေးကို အခြေချဖို့ ကြိုးစားပြီး မူဆယ်ကတဆင့် သယံဇာတတွေရော၊ စားသောက်ကုန်တွေ ပါမကျန် အဆီစားပြီးအသားမြိုခဲ့တာပါ။ နောက်ဆုံး လူကုန်ကူးလုပ်ငန်းနဲ့ တရုတ်နိုင်ငံသားတွေကို မိန်းမ၀ယ် ဖို့ အားပေးခဲ့တာလည်း ပေါက်ဖော်ကြီးပါပဲ။ မြန်မာပြည်က လူပွဲစားတွေ တော်တော်စီးပွားဖြစ်တယ်ဆိုပဲ။

နောက်ပြီး မြန်မာနိုင်ငံရဲ့ သံယံဇာတတွေကို ဈေးပေါပေါနဲ့ ရဖို့ ကြိုးပမ်းရာမှာလည်း ပေါက်ဖော်ကြီးအနေနဲ့ အောင်မြင်ခဲ့ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးဆိုတဲ့ စကားလုံးကို ယဉ်ယဉ်လေးသုံးပြီး မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်သံပတ္တမြား၊ ရွှေနဲ့သတ္တုအမျိုးမျိုး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နဲ့ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ နောက်ဆုံး သား ငါး ပုဇွန် ငါးရှဥ့် အရွယ်စုံပါမချန် အကုန်ယူခဲ့အတွက် “ရွှေကို ယူသည်၊ ငွေကို ယူသည်၊ ပြီး တော့ လူကိုပါယူသည်” ဆိုတဲ့ စကားအတိုင်း ဖြစ်ခဲ့ရပြီလေ (ကျောက်ဖြူရေနက်ဆိပ်ကမ်းပါ အဆစ်ပါသေး။ သူကလည်း ရင်းနှီးမြှုပ်နှံမှု မသေးဘူး။ ဒေါ်လာသန်း ၂,၅၀၀ ကျော်တယ်တဲ့)။

အခုဆို မြစ်ဆုံကိစ္စ ပွဲစားလုပ်ခဲ့လို့ ၁၀ ရာခိုင်နူန်းရမယ့် အေရှားဝေါလ်ကုမ္မဏီနဲ့ သူနဲ့ ပတ်သက်သူတွေလည်း မျက်ကလူးဆန်ပြာဖြစ်ကုန်ပြီး တရုတ်ကြီးက သူ့နိုင်ငံသား CPI ကုမ္ပဏီရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးဖို့ ပြင် ဆင်နေပြီလို့ ကြားနေရတယ်။ ကြိုပွိုင့်စားထားတဲ့ လူတွေ အသက် ဖက်နဲ့ထုပ်ထားကြနော်။

ဧရာဝတီမြစ်ဆုံကိစ္စကို ဆက်မလုပ်ဖို့ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ မိမိတို့အ စိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ ဆိုတာကြောင့် အစိုးရသက်တမ်း ၅ နှစ်အတွင်း စိတ်ချရပြီပေါ့၊ ဒါပေ မယ့် စိတ်မချရတဲ့ ကိစ္စကတော့ ပေါက်ဖော်ကြီးက ဘယ်လိုပုံစံနဲ့ တုံ့ပြန်လာမလဲဆိုတာပေါ့။ အစ မကောင်းခဲ့ တော့ အနှောင်း မသေချာသေးဘူးလေ။ ၅ နှစ်ပြည့်အောင် စောင့်နိုင်ပါ့မလား။ ဒါမှမဟုတ် ပေါက်ဖော်ကြီးကို သစ္စာခံမယ့် သမ္မတအသစ်ကို ဆွဲတင်မှာလား။ ဘာပဲပြောပြော ပေါက်ဖော်ကြီး ထင်တာလုပ်လို့ မရတော့ဘူး ဆိုတဲ့ ခေတ်ကို ရောက်လာပြီ။ မြန်မာနိုင်ငံအနေနဲ့ အနိုင်ကျင့်မခံရဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ နေရာ တိုင်းမှာ လက်ဝါးကြီးအုပ်ချင်တဲ့ ပေါက်ဖော်ကြီးကို လျော့မတွက်ကြနဲ့နော် (မြန်မာပြည်မှာ ပေါက်ဖော်ကြီးနဲ့ ပေါင်းစားနေတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ရှိနေသေးတယ်။ အဲဒီလူတွေရဲ့ နာမည်စာရင်းကို ငရဲ မင်းဆီ ပို့လိုက်ပြီ)။

သယံဇာတတွေ ကုန်အောင်ရောင်းပြီးတော့ ဧရာဝတီမြစ်ကြီးကို ရောင်းစားတဲ့ကိစ္စ ပြည်သူတွေ၊ ပညာရှင်တွေ ကန့်ကွက်ကြလို့ ရပ်ဆိုင်းလိုက်ရတာဖြစ်ပေမယ့် အပြီးဖျက်သိမ်းလိုက်တာမဟုတ်ဘူး။ တရုတ်နဲ့မြန်မာ စီးပွား ရေးက ဆက်စပ်နေတာပါ။ အဲလိုဆက်စပ်အောင်လည်း သွားလေသူကြီးက လုပ်ခဲ့တယ်လေ။ ၂၀၀၅ ခုနှစ် မှာ သွားလေသူကြီး တရုတ်ပြည် အလည်သွားရင်း သဘောတူခဲ့၊ ခေါင်းညိတ်ခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ်ကိစ္စ က ၂၀၀၉ ခုနှစ်မှာ စာချုပ်ချုပ်ပြီး လုပ်ငန်းတွေ စတင်ခဲ့တယ်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၆၀၀ ရင်း နှီးမြှုပ်နှံထားတဲ့ စီမံကိန်းကြီးဖြစ်ပြီး အခု ၁၀ ရာခိုင်နူန်း ရင်းနှီးထည့်ဝင်ပြီးပြီ။ အခု ရပ်ဆိုင်းလိုက်ပြီဆိုတော့ တရုတ်အမျိုးသားပိုင်ကုမ္မဏီတွေကို အပြည့်အ၀ကာကွယ်ပေးဖို့ အစီအစဉ်တွေက ရှိပြီးသားဖြစ်တဲ့ တရုတ်အ စိုးရအနေနဲ့ ဘာဆက်လုပ်လေမလဲ။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုတာကြောင့် ပေါက်ဖော်ကြီး စိတ်ဆိုးသွားပြီ။ ဥပဒေကြောင်းအရ ဖြေရှင်း မယ်လို့ အဲဒီစီမံကိန်းလုပ်တဲ့ CPI ဥက္ကဌက ပြောတယ်။ စီမံကိန်းစာချုပ်အရ နှစ် ၅၀ ပြည့်မှ (အသုံးချရမယ့် သက်တမ်းကုန်ခါနီး အကြွင်းအကျန်ကို) မြန်မာပိုင်အဖြစ် လွှဲပေးမှာလေ။ နှစ်ငါးဆယ်အတွင်း ဒေါ်လာသန်း ပေါင်း ငါးသောင်းလေးထောင် ခံစားနိုင်မယ်လို့ တွက်ထားတာမို့ စားမယ့်ပါးစပ်ကို လက်နဲ့ ပုတ်ချခံရတဲ့အပေါ် ပေါက်ဖော်ကြီး မကျေမနပ်ဖြစ်ရတာပေါ့။ တရုတ်နဲ့ မြန်မာ ဘယ်လိုဖြေရှင်းကြမလဲ။ မြန်မာက တရုတ်ကို လျော်ကြေးတွေ ပေးရမှာလား၊ ပေးနိုင်ပါ့မလား ဒါ့အပြင် နောက်ထပ် CPI ကိုပေးမယ့် စီမံကိန်းတွေကလည်း ရှိနေသေးတော့ ဒီပွဲက သိပ်ကြည့်လို့ကောင်းနေပြီ။

ကဲ ... မြစ်တစ်စင်းအတွက် ချစ်ခြင်းပျောက်ကုန်ပြီ။ မြစ်ဆုံအတွက် ချစ်ပုံခြင်း မတူကြတဲ့ တာဝန်ရှိသူတွေက ဘယ်သူတွေလဲ။ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ တချိန်က တရုတ်ပြေးမင်းကြောင့် ပထမ မြန်မာနိုင်ငံတော် (ပုဂံ) ပျက်ခဲ့ရပြီ။ အခုရော တရုတ်ကြောင့် ဆင်းပြေးရမယ့်လူတွေ အထုပ်အပိုးပြင်ထားပေတော့။ စလုပ်တုန်း က ပြည်သူတွေကို ပွင့်လင်းမြင်သာအောင် တင်ပြခြင်းမရှိခဲ့တဲ့ကိစ္စ၊ ပြည်ဖျက်သူများရဲ့ ထင်ရာစိုင်း အကြံအ စည်ကို မီဒီယာများရဲ့ ဖော်ထုတ်ရေးသားမှုတွေကြောင့်သာ ပြည်သူတွေ သိခဲ့ကြတာပါ။ အဲဒါကြောင့် ပြည်သူ များရဲ့ ကန့်ကွက်သံ သောသောညံခဲ့ပါတယ်။ နယ်နမိတ်ချင်း ထိဆက်နေတဲ့ အိမ်နီးချင်း တရုတ်ပြည်ကို မုန်း စမရှည်အောင် ဘယ်သူတာဝန်ယူမှာလဲ။ ဘယ်သူတားတား ဆက်လုပ်မှာပဲဆိုတဲ့ ပုဂ္ဂိုလ်ကြီးရော ဘာပြော ချင်သေးလဲ။ တခြားနိုင်ငံတွေမှာတော့ ပြည်သူကို စော်ကားတဲ့ စကားပြောမိရင် ရာထူးက နုတ်ထွက်ကြတဲ့ အစဉ်အလာ ရှိကြတယ် (မရှက်တတ်ရင်တော့ မသိချင်ယောင်ဆောင်နေပေါ့လေ)။ မြစ်ဆုံစီမံကိန်းကိစ္စက ထုထည်ကြီးသလို ဆိုးကျိုးကလည်း ကြီးတယ်။ အများပြည်သူ ဒုက္ခရောက်အောင် မိုက်မဲခဲ့တာ ဘယ်သူလဲ။ အမြော်အမြင်နည်းတာ ဘယ်သူလဲ။ ဧရာဝတီမြစ်ဆုံကိစ္စ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ကဲ ... ကဲ ... ကဲ ... ဘယ်လိုရှင်းကြမှာလဲ။     ။

စိန်သံလုံး

3 comments:

Anonymous said...

တရုတ်ဆိုတာယပလက်နဲ.ယုတ်တဲ့ကောင်းတွေဆိုတာကိုတော့သိသင့်တာပေါ့။သာပေါင်းတွေအကြောင်းကိုကျောရှတော့မှဓားမြမှန်းသိသင့်တာပေါ့။ဟုတ်တယ်မဟုတ်လားဒေါတ်တာလွဏ်း

Anonymous said...

တကယ်စိတ်မကောင်းစရာကမြန်မာ အစိုးရကပြည်ထောင်စုမပြို
ကွဲရေးလို့ ကြွေးကြော်ပြီး အစိုးရအဆက်ဆက်တိုင်းပြည်
ကိုရောင်းစားတယ်။ ကချင်ပြည်နယ်က ဖိမော်၊ဂေါ်လန်၊ဂန်
ဖန်(စာလုံးပေါင်းမှားရင်ခွင့်လွှတ်ပါ) ကိုလည်းတရုပ်လက်
ထဲပေးလိုက်တယ်။ တိုင်းရင်းသားတွေကိုရန်သူလိုဆက်
ဆံပြီး မြန်မာပြည်ကိုရောင်းစားတယ်။ ပြီးတော့တိုင်းပြည်
ပြိုကွဲအောင်လုပ်တယ်လို့သူခိုးကလူပြန်ဟစ်တယ်။ တရား
ကျစရာပါပဲ။

Anonymous said...

တရုပ်က ပြသနာမဟုတ်- ယုတ်မာနေတာ ဗမာစစ်အုပ်စုပါ။