Sunday, October 2, 2011

ယနေ့ နေ့လည် ၁၂ နာရီခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီး၌ လူဦးရေ ၂၀ ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊ ၂ ဦး ဖမ်းဆီးထား

(Myit Makha Mediagroup ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နေ့လည် ၁၂ ခွဲဝန်းကျင်တွင် လှည်းတန်း ပြည်မြန်မာကုန်တိုက်အ နီးတွင် လူဦးရေ ၂၀ ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်မြန်မာအဆောက်အအုံအား လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့် ဘေးပတ်ဝန်း ကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့် ဖယ်ရှားပေးရသူ များမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတနေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအ တွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ကျနော်တို့ ငှားရမ်းဝယ်ယူထားတဲ့ ဆိုင်ခန်းတွေကို သိမ်းဆည်းသွားတဲ့အတွက် သင့်တော် တဲ့နေရာမှာ ပြန်လည်စီစဉ်ပေးဖို့ တောင်းဆိုတာပါ။ ဒီနေရာလေးမှာလည်း ၁၀ နှစ်မက လုပ်လာတာပါ။ သိန်း ကို ဆယ်နဲ့ချီပြီး ၀ယ်ထားရတဲ့သူတွေပါ။ တချို့ဆိုင်ခန်းတွေဆို သိန်း ၁၅၀ ကျော်ထိ ပေးခဲ့ရတယ်။ အဲဒါကို ဖယ်ခိုင်းတယ်၊ နေရာပေးတာမျိုး၊ တစုံတရာ ဆောင်ရွက်ညှိနှိုင်းပေးတာမျိုးလည်းမရှိဘူး။ ချက်ခြင်းကြီးမောင်း ချတာ” ဟု ဆန္ဒပြသူများထဲတွင် ပါဝင်သူတဦးက ပြောသည်။


ပြည်မြန်မာကုန်တိုက်အတွင်းတွင် ဆိုင်ခန်းပေါင်း ၉၈ ခန်းရှိပြီး အလုပ်သမားဝန်ထမ်းပေါင်း ၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုထဲမှ အချို့ဆိုင်ခန်းရှင်များမှာ အရောင်းအ၀ယ်စာချုပ်ဖြင့် ဆိုင် ခန်းများအား ၀ယ်ယူထားသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။

လေလံအောင်ပြီးနောက် ပြောင်းရွှေ့ပေးရသည့်အချိန်မှစ၍ ငါးလကျော်ကြာသည်အထိ သက်ဆိုင်ရာမှ စီစဉ် ပေးမှုတစုံတရာမရှိမှုကြောင့် ယခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်း ပြောဆိုချက်များကြောင့် သိရသည်။

အဆိုပါ ဆိုင်းခန်းများအား ငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ ၂၀၁၁ ခုနှစ် မေလ တွင် အသနားခံစာတင်ထားခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဆန္ဒပြရခြင်းမှာ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နစ်နာနေသောကြောင့် စာနာထောက်ထား သောအားဖြင့် တစုံတရာ ဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြနေသူတဦးက ပြော သည်။

ထိုဆန္ဒပြခြင်းသည် ၁၂ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့် ကြာမြင့်ပြီး လူဦးရေ ၂၀ ၀န်းကျင် ပါဝင်ကြောင်းသိ ရသည်။

“ကျနော်တို့ဆန္ဒပြကြတဲ့အထဲက အမျိုးသမီး ၂ ဦးကို ဖမ်းသွားတယ်။ သူတို့က ဆိုင်းဘုတ်အကြီးတွေ ကိုင်ပြီး ဆန္ဒပြကြတဲ့သူတွေပါ” ဟု ပြည်မြန်မာကုန်တိုက်အတွင်းတွင် မိုးကျော်နာရီပြင်ဆိုင်ဖွင့်ခဲ့သူ ကိုလှိုင်မိုးက ပြော သည်။

ဖမ်းဆီးခံရသူနှစ်ဦး၏ အမည်များမှ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ပြီး အသက် ၃၀ ၀န်းကျင်ရှိကြောင်း သိရ သည်။ ၎င်းတို့ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များတွင် “ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ နစ်နာ ဆုံးရှုံးမှုများအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည်” ဟု ရေးထားကြောင်း သိရသည်။

ထိုဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးနှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်သွားသော ကမာရွတ်မြို့နယ် မယက ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ထိုဖမ်းဆီးခြင်းခံထားရသူများအား ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မယက ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

သို့သော် မယကရုံးအနီးတွင် စောင့်ဆိုင်းနေသော ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မခင်မျိုးလွင်၏ အစ်မဖြစ် သူ မစိုးက မခင်မျိုးလွင်တို့အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့ကိုလည်း ရုံးအတွင်းသို့ ၀င်ခွင့်မပြု ကြောင်း ပြောသည်။

“သူတို့ ပြန်လွှတ်မပေးသေးပါဘူး။ ကျမက ကျမညီမလေးကို ခေါ်သွားကတည်းက ဒီရုံးနားမှာ ထိုင်စောင့်နေ တာပါ။ ရုံးထဲကိုလည်း ၀င်ခွင့်မပေးပါဘူး။ ကျမညီမလေးကို စိတ်ပူလို့ပါ” ဟု ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရသူ မခင်မျိုးလွင်၏ အစ်မ မစိုးက ပြောသည်။

ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏ လေလံစာရင်းထဲတွင် ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၁ ရက် နေ့တွင် ဆိုင်ခန်းများအား အပြီးပြောင်းရွှေ့ပေးရမည်ဟု ၂၀၁၁ ခုနှစ်မေလနောက်ဆုံးပတ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ဆိုင်ရှင်များထံမှ သိရသည်။

“ဒီပြည်မြန်မာကုန်တိုက်ကို လေလံအောင်တာက အေအေ အင်တာပရိုက်စ်ကပါ။ သူတို့က အရင်စီးပွားကူး သန်းကနေ အရောင်းအ၀ယ်စာချုပ်တွေနဲ့ ချုပ်ပြီးရောင်းခဲ့တဲ့သူတွေကို ကျေနပ်အောင် တစုံတရာဆောင်ရွက် ပေးထာမျိုး ညှိနှိုင်းဆောင်ရွက်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ခုလောက်ထိ မဖြစ်နိုင်ပါဘူး။ ညှိနှိုင်း ဆောင်ရွက်ပေးသင့်တယ်” ဟု လှည်တန်းဈေးအနီးတွင် နေထိုင်သူတဦးက ပြောသည်။

ကျော်ဇင်မန်း (မြစ်မခ)
အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။

No comments: