Sunday, October 9, 2011

ပေးစာ၊ တိုင်ကြားစာ၊ ရင်ဖွင့်စာ (၄) စောင်

ကျွန်းပင်ရောင်းစားပြီး ကိုယ်ကျိုးရှာတဲ့ ဗျူဟာမှူး

မြ၀တီမြို့နယ်၊ အမှတ် (၃) အခြေကျ စစ်ဗျူဟာ သင်္ကန်းညီနောင်ရဲ့ လက်ရှိဗျူဟာမှူးဟာ စစ်ဗျူဟာဝင်းအ တွင်းက လုံးပတ် ၇ ပေကျော် သက်တမ်းရင့် ကျွန်းပင်ကြီးသုံးပင်ကို မိမိကိုယ်ကျိုးအတွက် ခုတ်လှဲရောင်းချ လိုက်ပါတယ်။ ၀ယ်သူကတော့ ၀ိရှမ်းရွာ (သင်္ကန်းညီနောင်အနီး) တွင် နေထိုင်သူ လောပု (ကိုးကန်း-၀ ငြိမ်း ချမ်းရေးအဖွဲ့ဝင်ဟောင်း) ဆိုသူ သစ်ကုန်သည် ဖြစ်ပါတယ်။ ဗျူဟာမှူးအဆက်ဆက် ထိန်းသိမ်းစောင့်ရှောက် ခဲ့တဲ့ အဆိုပါ ကျွန်းပင်ကြီးတွေကို ခုတ်လှဲလိုက်တဲ့အတွက် ဒေသခံလူထုများ မကျေမနပ်ဖြစ်နေကြပါတယ်။

သစ်တောဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ(က) မှာ မည်သည့်နေရာမဆို ပေါက်ရောက်သည့် ကျွန်းပင်သည် နိုင်ငံတော် ပိုင်ဖြစ်သည်။ ခုတ်လှဲသူများအား ပုဒ်မ ၄၃ (က) အရ ထောင်ဒဏ် ၇ နှစ် (သို့) ငွေဒဏ်ငါးသောင်းလို့ ဖော်ပြ ပါရှိပါတယ်။ အဆိုပါ ဗျူဟာမှူးဟာ သစ်ကားတင်ကား၊ ခရီးသည်ကား၊ ကုန်ကားများက ဂိတ်ကြေးကောက်ခံ သလို လိုင်စင်မဲ့ကားများလည်း ကုန်သည်များနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေသူဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ စီမံဆောင်ရွက်နိုင်ဖို့ ပြည်သူများကိုယ်စား တင်ပြလိုက်ပါ တယ်။

သင်္ကန်းညီနောင် တာဝန်သိပြည်သူတစု

ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့အာဏာကို အသုံးပြုပြီး လိုင်စင်မဲ့ မော်တော်ယာဉ် သယ်ဆောင်

ကျနော် မော်လမြိုင်မြို့သားတဦး ဖြစ်ပါတယ်။ အခုပေးပို့တဲ့ သတင်းလေးကို အင်တာနက်ကတဆင့် ဖော်ပြ ပေးစေလိုပါတယ်။ ကျနော်တို့ မော်လမြိုင်မှာ ကျော်ဆန်းဆိုတဲ့သူဟာ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ အာဏာကို အသုံး ပြုပြီး လိုင်စင်မဲ့မော်တော်ယာဉ် သယ်ဆောင်ခြင်းများကို ပြုလုပ်နေပါတယ်။ ၂၃-၉-၂၀၁၁ နေ့ကလည်း မုဒုံ မြို့၊ ကန်ကြီးကျောင်းထိုင်ဆရာတော်ရဲ့ ကားဆိုပြီး စူပါကာစတန်တစီးကို နံနက် ၇ နာရီလောက်မှာ ဘားအံမှ တဆင့် မော်လမြိုင်ကို သယ်ဆောင်လာခဲ့ပါတယ်။ အလားတူ အခြားလိုင်စင်မဲ့ကားများကိုလည်း မကြာခဏ ဆိုသလို သယ်ဆောင်လေ့ရှိပါတယ်။ သူ့ကို တံတားမှာ တာဝန်ကျတဲ့ ရဲအရာရှိတွေက ဘာမှ မပြောရဲကြပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ကျော်ဆန်းဟာ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ပိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ တံတား တာဝန်ကျ ရဲအရာရှိ မပြောနဲ့၊ မြို့နယ်မှူးနဲ့ စခန်းမှူးများပင် သူ့ကို ကြောက်ကြရပါတယ်။ သူက မြို့နယ်မှူးနဲ့ စခန်းမှူးတို့ရဲ့အကြောင်းကို ခရိုင်မှူးထံ မဟုတ်မမှန် လုပ်ကြံပြီး ပြောလိုက်ရင် ခရိုင်မှူးက မြို့နယ်မှူးနဲ့ စခန်း မှူးတွေကို ခေါ်ယူကြိမ်းမောင်းလေ့ရှိပါတယ်။ ဒါကြောင့် ခွေးကို ရိုက်ချင်သော်လည်း ခွေးပိုင်ရှင်မျက်နှာကို ကြည့်နေရတဲ့အတွက် ခွေးကို မရိုက်ရဲကြဘူးလို့ လက်အောက်ခံ ရဲအရာရှိတွေနဲ့ စခန်းမှူး၊ မြို့နယ်မှူးများက မကြာခဏဆိုသလို ပြောဆိုလေ့ရှိပါတယ်။

ယခုသတင်းလေးကို ယနေ့အင်တာနက်စာမျက်နှာမှာ ဖော်ပြပေးစေလိုပါတယ်။ ဒီကောင့်ကို ငြိမ်းချမ်းရေးအဖွဲ့ အစည်း၊ စီးပွားရေးသမားနဲ့ ဒေသခံပြည်သူတွေကပါ ကြောက်နေရတာပါခင်ဗျာ။

ခင်မင်စွာဖြင့် …
နေမျိုးမောင်

အရက်မျိုးစုံနှင့် ကံစမ်းမဲများ

ကျနော်တို့ မြန်မာပြည်မှာ အရက်မျိုးစုံကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပြီး ငွေသားကံစမ်းမဲ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ဟန်းဖုန်း၊ တီဗွီတွေကို မက်လောက်အောင် ကြေညာပြီး အပြိုင်ပေးနေကြပါတယ်။ ကံ စမ်းမဲဆိုကတည်းက ဥပဒေနဲ့ ငြိစွန်းနေပြီဆိုတာ မသိကြလို့လား၊ သိလျက်နဲ့ အရေးမစိုက်ကြတာလားတော့ မသိဘူး။ ဘယ်နေရာကြည့်ကြည့် အရက်ကံစမ်းမဲတွေ ပလူပျံအောင် တွေ့နေရပါတယ်။ လူငယ်လူရွယ်လေး တွေအတွက် ရင်လေးစရာတွေ ဖြစ်နေပါပြီ ...။

မျိုးထက်
၎-၁၀-၂၀၁၁

ကွက်ကြားမိုးတွေ ရွာနေတာလား

မင်္ဂလာပါဆရာ ...

စာနဲ့အတူပါတဲ့ ဓာတ်ပုံတွေကတော့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် တံတားမြို့ကို သွားတဲ့လမ်းရဲ့ လက် ရှိအနေထားပဲဆရာ။ ရန်ကုန်မြို့အထိ တိုက်ရိုက်သွားလို့ရပါတယ်။ အဲဒီကိုသွားရင် သုံးခွမြို့ကနေပြီး ကားနဲ့ ဆက်သွားလို့ရတယ်ဆရာ။ အခုတော့ မဟုတ်ဘူးနော်။ ရန်ကုန်တိုင်းမှာ ပဲထွက်တာ ကျနော်တို့ဒေသပါ။ စိုက် ပျိုးရေးကို အားထားရတာပါ။

အခုလမ်းအနေထားကတော့ အားလုံး ဒုက္ခရောက်တော့တာပဲဆရာ။ ဈေးရောင်းဈေးဝယ်သူတွေအားလုံး ဒုက္ခ ရောက် လမ်းမကောင်းတော့ ဈေးတွေတက်၊ စရိတ်စကတွေများ တော်တော်လေးဒုက္ခရောက်ကြတယ်ဆရာ။ အထက်ကို ပြောတော့လည်း အစီစဉ်မရှိဘူးတဲ့။ ဒီမိုကရေစီဖော်ဆောင်နေပါပြီဆိုတဲ့ တိုင်းပြည်မှာ ကွက်ကြား မိုးတွေ ရွာနေသလိုပဲ ဆရာရေ ...။

လေးစားစွာဖြင့် …
mg san naing

No comments: