Monday, October 24, 2011

လှသန်းဘွဲ့

လှသန်းဘွဲ့
မောင်လွမ်းဏီ

တကျွမ်းတ၀င်
မဆုံခဲ့ပေမယ့်လည်း၊ တရင်းတချာ
ကဗျာမာယာဘုံမှာ ကြုံခဲ့ရတဲ့ ရေးဘော်။

၇၀ မိုးဝေအလွန်
၈၀ မိုးဝေ ပြန်လည်၊ ပျိုးကြဲ ထွန်ချ
နတ်နွယ်၊ မောင်သွေးသစ်က
တစ်က ပြန်စတာ့၊ ပေါင်ချိန်ကြစို့ ဆိုတဲ့ လှသန်း
မောင်လွမ်းဏီရဲ့ ရွှေစက်တော်နွေ
ကွန်စစ်ကောင်းရဲ့ရင်ခုန်သံ
နောက်တမျက်နှာက၊ ရေးဖော်တယောက်
ထိုလ ထိုကဗျာများ
အတွင်းကဗျာ စာမျက်နှာမှာ
ကဗျာလူငယ်များအဖြစ်
မိုးဝေဆိုတဲ့ ခေတ်တခေတ်ကို
မွေးဖွားထုဆစ်၊ ကုတ်ခြစ်တူးဆွ
ဆရာတွေက
မျှော်လင့်ကိုးစားခဲ့ကြတယ်။

ဒတ္ထ
မင်းလည်း တသ လွမ်းရစ်နေမှာပဲ။

တို့တတွေရဲ့ ကဗျာဖောင်က
ထောင်တွေထဲမှာ ကြိုးကျစ်ခဲ့ရတယ်။
တို့တတွေရဲ့ ကာရန်တွေက
ထောင်နံရံကို ပဲ့တင်ပြန်ခဲ့တယ်။
တို့တတွေရဲ့ သမုဒယ
ခုဘ၀နဲ့ မဆံ့မပြဲဘဲ လှသန်းရာ။

ဆရာနတ် ဆုံးပါးတော့
အောင်ဝေး၊ လှသန်း၊ ကွန်စစ်ကောင်း၊ မောင်ဒေါင်းတို့
ခေါင်းတလားကို ထမ်းနေကြရောပေါ့လို့
ငါ ရေးခဲ့ပါသေးတယ်။

ငါတို့တတွေမှာက၊ လှသန်းမှမဟုတ်
တောအုပ်ထဲက တောပန်းတွေကို
ရဲရင့်ကြေကွဲ စိတ်နဲ့ပဲ
ကဗျာရေး၊ တေးဖွဲ့၊ တိမ်တောက်ချိန်
တံတားအောက်ခြေက
ရေစီးတွေ သန်မြန်နေခဲ့။

အညာသမိုင်းထဲက မြို့တမြို့ဆိုတဲ့
ငါ့ရဲ့
မစို့မပို့ကဗျာလေးမှာ
ဒီပဲရင်းကျောက်စာနဲ့ ဒီပရင်္ဂကဗျာကို
အလေးအမြတ် တန်ဖိုးထားရေးတာ
မင်းသိရ၊ ငါပီတိဖြစ်ရ၊ ထာဝရပါ ရဲဘော်။

လှသန်း
ဒီပရင်္ဂကဗျာက
ငါ ဖတ်တိုင်း ရင်စို့။

အဲဒီ့မြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ကြ၊
သစ္စာဖောက်တွေ အတောင်ပေါက်ကြ၊
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရ၊
အမျိုးသမီးတယောက်
သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ၊
အံကြိတ်ရ တောက်ခေါက်ရ
အဖြစ်အပျက်တွေထဲ
ကဗျာဆရာတယောက်လည်း
ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။

လှသန်းရေ ...
မင်းကို ဘယ်လိုလူကမှ
မီးလောင်တိုက်သွင်းမရနိုင်ဘူး။

ငါ့ကဗျာနဲ့ ဦးညွတ်တယ်။ ။

မောင်လွမ်းဏီ
၂၃-၁၀-၂၀၁၁

2 comments:

ကဗြာဆရာ said...

လှသန်းရေ မိုးဝေဆိုတဲ့ ခေတ်တခေတ်မှာ လွဏ်းနီ ဆိုတာလည်း ဘယ်သူမှ မသိတာ မင်းအသိ၊ အခုမှ အမျိုးလိုက်စပ်ရတာ မောပါဘိ..

yoo said...

မိုးဝေဆိုတဲ့ ခေတ်တခေတ်ကို
မွေးဖွားထုဆစ်၊ ကုတ်ခြစ်တူးဆွ
ဆရာတွေက
မျှော်လင့်ကိုးစားခဲ့ကြတယ်။

ကိုလှသန်း ။ ။ "ကိုလွဏ်းနီ ရေ....၊
ခု..ငါတို့ ကဗျာဆရာတွေ၊
ဘာဘာ ဘာခေတ် မှ
မမွေးဖွား မထုဆစ်၊ မကုတ်ခြစ် မတူးဆွ နိုင်သေးပေမဲ့.....

လူရယ်လို့ ဖြစ်လာရင် အလုပ်ခွဲခြားလုပ်ကိုင်
ရင်း ဘ၀ ကို ရပ်တည်ကြရတဲ့ သဘာဝလောကမှာ..
အရင်တုန်းက.. ကြက်ဥ ကို ဘဲဥ၊
ခု.. ဘဲဥ ကို ကြက်ဥ၊
အရင်တုန်းက.. လိပ် ကို ကြမ်းပိုး၊
ခု..ကြမ်းပိုးကို လိပ်၊
ဘယ်ပြန် ညာပြန် ပြောဆို လုပ်ကိုင်စားသောက်ပြီး၊
ကလိန် ကကျစ် အလုပ်ကိုလုပ်ကြရတဲ့
လူတန်းစားအလွှာနိုင်ငံရေးသမား တွေရဲ့
အသုဘ အခမ်းအနားတွေမှာ ငါတို့ ကဗျာဆရာတွေ
ကဗျာ သွားမရွတ်စေချင်ဘူးကွာ..."