Sunday, October 23, 2011

ပခုက္ကူ ရွှေချောင်းတံတားအနီး ရေတိုက်စားခံရသောပြည်သူများထံ သွားရောက် မှုခရီး (ရုပ်သံ)


ရွှေချောင်း (ပခုက္ကူ) သို့ တခေါက်

ပခုက္ကူမြို့တွင် မြို့အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားသော ရွှေချောင်းဟု ခေါ်တွင်သည့် ချောင်းသည် နှစ်ပေါင်း ၃၀ အတွင်း မကြုံဖူးသော အင်အားကြီးမားသည့် ရေဆင်းစီးမှုဖြစ်ပေါ်ခဲ့ရာ ထိုချောင်း ၏နံဘေး (ကမ်းပါး) သဲနုန်းလွင်ပြင်ပေါ်တွင် အခြေချနေထိုင်ကြသော လူနေအိမ်များ၊ ဇီးခြံများနှင့် ကျူးကျော် တဲများ ရေထဲမျောပါ ပျက်စီးခဲ့ကြသည်။ ထို့အတူ မြို့နှစ်ခြမ်းကို ဆက်သွယ်သွားလာနေသော ရွှေချောင်း တံ တားသည်လည်း ခါးပြတ်ကျသည်အထိ ပျက်စီးပြိုကျသွားသည်။

၂၂-၁၀-၁၁ နေ့တွင် ပခုက္ကူမြို့သို့ သွားရောက်၍ ဖြစ်ပွားမှုအခြေအနေများကို သိရှိနိုင်ရန် မန္တလေးမြို့ရှိ လူမှု အသင်းအဖွဲ့ အသီးသီးမှ လူငယ်များက သွားရောက်ခဲ့ပါသည်။ ချောင်းသို့ ရောက်သောအခါ တံတားပြိုကျမှု ကြောင့် အရှေ့နှင့်အနောက် ဆက်သွယ်သွားလာနိုင်ရန် စက်ယန္တရားများဖြင့် အောက်ခံ မြေမာရအောင် သဲ နုန်းများကို အင်အားသုံး ဆောင်ရွက်နေတာ မြင်တွေ့ရ၍ ဒေသခံလူထုအတွက် ဝမ်းသာခဲ့ရသော်လည်း စိတ် မချမ်းသာစရာ မြင်ကွင်းကိုလည်း ကြားမြင်ခဲ့ရသည်။

သဲနုန်းများ တူးဖော်ရာမှ ကလေး ၄ ယောက်မှ မိခင်ကို ဖက်ထားသည့် မိသားစု ၅ ဦး၏ ရုပ်အလောင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိရခြင်းဖြစ်သည်။ ဓာတ်ပုံရိုက်ကူးခွင့် မရလိုက်သဖြင့် သဲနုန်းသောင်ပေါ်ရှိ မျောပါ လာသော လူနေအိမ်သုံးပစ္စည်များ၊ အမြစ်လိုက် ကျွတ်ပါလာသော သစ်ပင်ကြီးများ၊ အဆောက်အဦ အပိုင်းအ စများ၊ အင်္ဂတေချပ်များကို လိုက်လံရိုက်ကူးခဲ့သည်။ ထို့အတူ အဝေးမှ မြင်ရသော ပြိုကျနေသည့် ရွှေချောင်း တံတားကို မှုန်ပျပျဖြင့် လှမ်းရိုက်လိုက်သည်။ တာဝန်ကျသော ရဲတဦးက“လူတွေလည်း မနားရသေးဘူး၊ စက် တွေလည်း မနားရဘူး၊ ဓာတ်ခဲတွေလည်း အားကုန်နေပြီ၊ ချာချင်သွင်းရအောင် မီးပျက်နေတာ ၃ ရက်ရှိပြီဗျာ” ဟု ပြောရှာသည်။ တကယ်လုပ်နေသူတွေ ပင်ပန်းမှာ ငြင်းမရနိုင်ပေ။

ထို့နောက် အနောက်ဘက်ကမ်းဘက်သို့ ဆက်ထွက်ခဲ့ရာ မျောပါခြင်းမရှိဘဲ လမ်းဝဲ/ယာတွင် ပျက်စီးနေသော အိမ်များကို တွေ့ရပြီး ရွှံ့နွံလမ်းအောက်တွင်လည်း ဝါးကပ်အပျက်အစီးများကြောင့် ခြေထောက်ကို သတိဖြင့် လှမ်းနေရသည်။ ထိုမှလွန်သော် ဘေးဒုက္ခသည်များ နားခိုရာစခန်းသို့ ရောက်ရှိခဲ့သည်။

ပင်မ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်၊ ပခုက္ကူမြို့

ထိုကျောင်းအတွင်းသို့ ရောက်သွားသည်နှင့် လက်ယာဘက်တွင် သူနာပြုဆရာမများနှင့် ကျန်းမာရေးစောင့် ရှောက်မှု စားပွဲကို တွေ့မြင်ရပေမည်။ ထို၏ တောင်ဘက်တွင် ဧည့်ခံစားပွဲ၌ စီမံခန့်ခွဲနေသော သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့် လ.ဝ.က အရာရှိများ၊ မီးသတ်၊ ကြက်ခြေနီများကို တွေ့မြင်ရသည်။ ထိုနေရာမှဆက်သော် ခုံများတန်းဆက်၍ ဆောင်ရွက်နေကြသော ဆရာတော်များနှင့် လူပုဂ္ဂိုလ်အချို့ စာရင်းများ၊ စာရွက်များနှင့် အ လုပ်ရှုပ်နေသည်ကို မြင်တွေ့ရသည်။ တောင်ဘက်တွင် ထမင်းထုပ်များ စီစဉ်နေသော လူငယ်များကို မြင်ရ သည်။ ဆရာတော်အား ဦးချကန်တော့၍ မိတ်ဆက်စကားဆိုလိုက်သည်။

“တပည့်တော်တို့က မန္တလေးမြို့က လာတာပါဘုရား။ လူမှုအဖွဲ့အစည်းတွေကပါ ဘုရား၊ ဒီမှာ ဒီလိုဖြစ်တယ် သိရလို့ မည်သည့် အကူအညီတွေ လိုအပ်နေမလဲ၊ ဘာတွေ လိုအပ်နေမလဲ သိရအောင် တပည့်တော်တို့ကို လွတ်လိုက်တာပါဘုရား”

“အော် ... ဘုန်းကြီးတို့ ဝမ်းသာပါတယ်။ ဒီမှာက ဒုက္ခသည်တွေဆိုတာ ဘာလိုအပ်လဲဆိုတော့ စားဝတ်နေရေး ၃ မျိုးမှာ စားဖို့က မြို့ခံတွေက ထမင်းထုပ်တွေ ပို့ကြတယ်။ ဝတ်ဖို့ကလည်း လုံလောက်နေတယ်။ နေရေးက တော့ မြင်တဲ့အတိုင်း ကျောင်းမှာ နေနေကြတယ်။ အဲတော့ စားဝတ်နေရေးက လောလောဆယ် မလိုအပ်ဘူး၊ ပြည့်စုံတယ်။ ဘယ်တော့ ဘာတွေ လိုအပ်မလဲဆိုတော့ သူတို့က ဒီကယ်ဆယ်ရေးပြီးသွားရင် ပြန်စရာ၊ နေစ ရာ အိမ်မရှိဘူး။ ဘုန်းကြီးတို့ကလည်း အမြဲခေါ်မထားနိုင်ဘူး။ တချို့က အိမ်ပျက်သွားတာ၊ တချို့က အိမ်လုံး ကျွတ် မျောပါသွားတာ။ အိမ်လုံးကျွတ်မျောပါသွားတာက အိမ်ခြေ ၈၀ လောက်ရှိတယ်။ အဲဒီတော့ ဒကာလေး တို့နဲ့ အလှူရှင်တွေကို ပြောလိုတာက လှူချင်ရင် သူတို့ကို ပြန်လည်ထူထောင်ရေးအဆင့်မှာ အိမ်တွေ၊ တဲ တွေ၊ အိမ်ထောင်မှုပစ္စည်းတွေ လှူတာက သူတို့အတွက် အကျိုးရှိမယ်။ စားစရာတို့၊ ဆန်တို့ဆိုတာ စားပြီး ဟို ဟာပဲဖြစ်သွားမယ်၊ နောက်နေ့ မရှိတော့ဘူး။ ဒကာမတယောက်က လာတယ်၊ ဗလာစာအုပ် လှူချင်လို့တဲ့ ဒီ အခြေအနေမှာ ကျောင်းမှ မဖွင့်သေးတာ၊ ဆိုလိုတာက စိတ်ရင်းစေတနာတွေ ကောင်းတယ်၊ လှူတယ်၊ သို့ သော် ဘုန်းကြီးတို့က အကျိုးဖြစ်စေချင်တယ်။ လိုအပ်မယ့်အရာ ဖြစ်စေချင်တယ်။ အဲဒီတော့ ပြန်လည်ထူ ထောင်ရေးအဆင့်မှာ လှူပေးတာ အကောင်းဆုံးပဲ” ဟု မိန့်ကြားပါသည်။

ထိုနောက် အခြားသော လိုအပ်မှုဆိုတာကလည်း သူတို့ (သက်ဆိုင်ရာ) ဘာတွေလုပ်ပေးလဲ၊ ဘာကျန်နေလဲ၊ အဲဒီကျမှ လိုက်ဖြည့်တာ ကောင်းတယ်ဟု ပြောပြသည်။

“ဒီမှာရှိတဲ့ စာရင်းက ၆၇၅ ဦး၊ အိမ်ထောင်စုပေါင်းက ၁၄၇ စု ရှိတယ်။ အသေအပျောက်စာရင်းကတော့ ဘုန်း ကြီး တိတိပပမသိဘူး။ မနေ့ ၂၁-၁၀-၁၁ က ရုပ်အလောင်း ၄ လောင်း တွေ့တယ်။ ဒီနေ့လည်း ရုပ်အလောင်း ၅ လောင်း တွေ့တယ်။ မအေကို ကလေး ၄ ယောက်က ဖက်ထားလျက် တစုတည်း တွေ့တာ ...။ အဲဒါတွေက သဲတွေအောက်တွေ့တာ၊ ရှာလို့လည်း မလွယ်ဘူး၊ လုပ်ကိုင်ရင်း တွေ့တာ။ ဒီက မဟုတ်ဘူး၊ အထက်က မျော လာတာတွေ၊ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ ဒီမှာကတော့ မိသားတစုက ၈ ယောက်ပျောက်နေတာ၊ ခုထိတော့ ဘာမှ မသိရသေးဘူး။”

ထိုနောက် ရေစီးဒဏ်ခံ ရေဘေးသင့်ပြည်သူများကို လေ့လာခဲ့ပြီး ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာကို စာနာ၍ အ မှောင်လည်းသမ်းနေပြီဖြစ်၍ ဓာတ်ပုံမရိုက်ခဲ့တော့ပါ။

အရင်အလှူအသီးသီးတွင်လည်း လှူဒါန်းသည့် (ဝေငှသည့်) အချိန် ဝမ်းသာနေချိန်သာ ရိုက်ခဲ့တာကြောင့်ပါ။

ကိုဝိုင်ဝိုင်ကေ (၂၂-၁၀-၁၁)
လွတ်လပ်သော သူငယ်ချင်းများအင်အားစု
(Yeyint Kyaw facebook စာမျက်နှာမှ ...)

No comments: