Tuesday, September 13, 2011

အိမ်ပြန်ချင်နေတဲ့သူကို တံခါးဖွင့်ပေးတာ ဥပုသ်မစောင့်ဘဲ ကုသိုလ်ရတယ်

အိမ်ပြန်ချင်နေတဲ့သူကို တံခါးဖွင့်ပေးတာ
ဥပုသ်မစောင့်ဘဲ ကုသိုလ်ရတယ်
မောင်ငြိမ်းအေး

အမေ
ကျနော်အိမ်ပြန်ချင်တယ်။

မူးလို့မှရှူစရာ
ကိုယ်ပိုင်အိမ်ဆိုတာမရှိပေမယ့်
အိမ်တွေကိုမြင်တိုင်း
ရိုင်းရိုင်းစိုင်းစိုင်းကြီးကိုပဲ အိမ်ပြန်ချင်တယ် အမေရယ် ...။

အိမ်မှာ ...
အဖေနဲ့အမေရှိမယ်၊ ဇနီးရှိမယ် ခင်ပွန်းရှိမယ်
ညီအစ်ကိုမောင်နှမတွေရှိမယ်
ဦးလေး အဒေါ်နဲ့ ဆွေမျိုးသားချင်းတွေရှိမယ်
အို ... ဘာမှမတော်တဲ့ သူစိမ်းတွေရှိတယ်ဆိုရင်တောင်
အိမ်ထဲမှာသာဖြစ်ပါစေ
ကျနော်တို့ လုံခြုံအေးမြနေတယ်မဟုတ်လားအမေ။

အိမ်ထဲမှာဆိုရင်
မေတ္တာတွေကလည်း စဗျစ်သီးလိုအခိုင်လိုက်
ရင်းနှီးနွေးထွေးမှုတွေဆိုတာကလည်း
သီချင်းအော်ဆိုချင်စရာချည်းပဲပေါ့အမေရယ် ...။

ကျနော်တို့က လူတွေမဟုတ်လား
ကိုယ့်အတွေးအခေါ်နဲ့ကိုယ်
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်
ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်
ကိုယ့်သမိုင်းနဲ့ကိုယ်ပဲအမေ
ရန်ဖြစ်တဲ့အခါလည်း သတ်ကြပုတ်ကြ
အော်ကြဟစ်ကြ ဆဲကြဆိုကြ
ငယ်ကျိုးငယ်နာတွေလည်း ဖော်ရင်ဖော်ကြမှာပဲ
ပြီးတော့လည်း ပြန်ချစ်ကြရစမြဲပါအမေရယ်
ဒါ ... အိမ်ရဲ့ပြည့်စုံတဲ့အဓိပ္ပါယ်ပဲပေါ့ အမေ။

ဒီမှာ ကျနော်တို့
ဗဟိဒ္ဓအလံက ကောင်းကင်မှာ တလူလူလွင့်နေတဲ့အချိန်
အဇ္ဈတ္တလူနာက ပုဆိုးခြုံထဲမှာ မျက်ရည်စက်လက်နဲ့ပေါ့အမေ
ရေ .. ဖွင့်လိုက်ရုံ .. ဝေါခနဲ
မီး .. ဖွင့်လိုက်ရုံ .. ထိန်ခနဲ
ကွန်ပြူတာနဲ့ .. အင်တာနက်နဲ့
လက်ကိုင်ဖုန်းနဲ့ ‘ဒိုနာ’ နဲ့
ဇာတ်လမ်းကောင်းနေတုန်း မီးပြတ်သွားတတ်တဲ့
တယ်လီဗေးရှင်းတွေလည်းမရှိဘူး
ကလေးလည်းရှိ မိန်းမလည်းရှိတဲ့ ကျနော်တောင်
Facebook မှာ ‘Single’ ဆိုပြီး
မုန့်လေပွေလုပ်နေနိုင်သေးတယ်လေ
ဒါပေမယ့် .. အပျော်တွေနဲ့ ရှင်ခန်းပြတ်နေခဲ့တာ ကြာပြီအမေရယ်။

ဘယ်လောက်ပဲပြည့်စုံပြည့်စုံ
အိမ်ရှင်မျက်နှာမှုန်နေသုန်နေရင်တော့
ကျနော်တို့ ခုန်နေတုန်နေကြရတာပါပဲအမေ
ဧည့်သည်ဘ၀ဆိုတာ
ကြွေးရှင်ကို ကြောက်နေရသလိုမျိုး
ဖျာလိပ်ထဲ ၀င်မပုန်းရပေမယ့်လည်း
ကြွက်တွင်းထဲ ခုန်ဆင်းနေရသလိုပေါ့။

အသိတွေ ... သူငယ်ချင်းတွေ ပြန်ကြတော့
ရင်ထဲမှာ မွှားတက်တဲ့အတိုင်း ယားကျိယားကျိနဲ့ပါအမေ
သူတို့ပြန်တာ ဘာအပြစ်ရှိရမှာလဲနော်
အိမ်ကိုပြန်ကြတာပဲမဟုတ်ဘူးလား အမေရယ်
ကျနော်တို့ ဘာမှမတွေးသင့်ကြဘူး
ကျနော်တို့ ဘာမှအပြစ်မပြောသင့်ကြဘူး
နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး
ပညာရေး ကျန်းမာရေး အာဏာရှင်စနစ်
သူတို့ မေ့ပစ်မှာတော့မဟုတ်ပါဘူးလေ
လောလောဆယ် သူတို့အိမ်ပြန်ချင်နေတာမဟုတ်လား
အိမ်ပြန်ချင်နေတဲ့သူကို တံခါးဖွင့်ပေးတာ
ဥပုသ်မစောင့်ဘဲ ကုသိုလ်ရပါတယ်အမေရယ် ... နော်။

ပြီးတော့ ... အိမ်ပြန်ချင်တဲ့သူ အိမ်ပြန်တာ လူ့အခွင့်အရေး
မပြန်ချင်တဲ့သူ မပြန်တာကလည်း လူ့အခွင့်အရေး
ပြန်လို့ ဘာဘာညာညာ ကျနော်တို့ ပြောနေကြမှာလား
မပြန်လို့လည်း ဘာဘာညာညာ ကျနော်တို့ ပြောနေကြမှာလား
ဒီမိုကရေစီအတွက် ကျနော်တို့ တိုက်ပွဲဝင်နေကြမှတော့
လူ့အခွင့်အရေးကိစ္စကို ဖျာလိုလိပ် ထိပ်ပေါ်တင်ရတော့မှာပေါ့အမေ
ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ...။

ပြန်မယ် ... ပြန်မယ်
ကျနော်လည်း ပြန်ခဲ့တော့မယ်အမေ
အခြေအနေတွေက
ပန်းတွေ ပွင့်တဲ့ရာသီဆိုရင် ...
ထောင်တံခါးတွေ အကြွင်းမဲ့ဖွင့်တဲ့ မိုးသောက်အရုဏ်ဦးဆိုရင် ...
လူခြေတိတ်ချိန်မှာ ကြားရတဲ့ခြေသံတွေ ၀ိညာဉ်ချုပ်ငြိမ်းသွားပြီဆိုရင် ...
သေနတ်ပြောင်းဝတွေထဲမှာ ငှက်ကလေးတွေ အသိုက်ပျော်ရွှင်နေကြပြီဆိုရင် ...
ကျနော်တို့ရဲ့ဒေါ်အောင်ဆန်းစုကြည်ရနံ့တွေ
တရားဝင် တပြည်လုံး သင်းပျံ့မွှေးကြိုင်လှိုင်ဘောလယ်နေမယ်ဆိုရင် ...
ကျနော့်ရဲ့မြွေရေခွံအိတ်လေးထဲ
အမေ့ကို ပြဖို့
မီးပူမတိုက်ဖြစ်တဲ့ သိမ်ငယ်အောက်ကျခဲ့ရသော ရက်စွဲများနဲ့
မရဲတရဲ မျှော်လင့်ချက်တွေကို ဖြစ်သလို ထိုးသိပ်ထည့်ပြီးတော့ပေါ့။ ။

မောင်ငြိမ်းအေး
(ကဗျာရေးသူ၏ အာဘော်သာဖြစ်သည်)

1 comment:

Anonymous said...

နှလုံးသားက အရိုးသားဆုံးစီးကျလာတဲ့အနုပညာပစ္စည်းပါဆရာ။ ဖတ်ခွင့်ရတာကျေးဇူးတင်ပါတယ်။