Thursday, September 29, 2011

နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ဗြောင်လိမ်ရဲတာ မရှက်ဘူးလား

နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ဗြောင်လိမ်ရဲတာ မရှက်ဘူးလား
စိန်သံလုံး

တာဝန်ရှိသူတွေ တာဝန်မဲ့လွန်းတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးတဲ့။ ဗြောင်လိမ်ရဲ လိုက်တာ။ ဒါနဲ့များ လူကြီးနေရာ ယူရဲတယ်။ မရှက်ကြဘူးလားလို့ မေးချင်တယ်။ ဟုတ်ကဲ့ ... ရှက်တတ်တဲ့ ကြောက်တတ်တဲ့ လူတွေမဟုတ်ဘူးဆိုတာ သူတို့ရဲ့လုပ်ရပ်တွေက သိသာလွန်းပါတယ်။ ဘယ့်နှယ်ဗျာ နိုင်ငံ ရေးကိစ္စနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းထားတဲ့ လူတွေကို နိုင်ငံရေးအကျဉ်းသားလို့ မခေါ်နိုင်လောက်အောင် နိုင်ငံရေးဆိုတာကြီးကို သူတို့ စိတ်နာလို့ မဆုံးတော့ဘူးလား ...။

၈၈ မျိုးဆက် ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဌေးကြွယ်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်လို့ သူတို့ က ခိုး - ဆိုး - လုယက်တဲ့ လူတွေလား။ သူတို့အုပ်စုကို ရက်ရက်စက်စက် ထောင် ၆၅ နှစ်စီ ချလိုက်တယ်။ နောက်ပြီး ကိုသူရ (ခေါ်) ဇာဂနာကို အီလက်ထရွန်နစ် ပုဒ်မ ၁၇/၁ ပုဒ်မတွေနဲ့ ထောင် ၅၉ နှစ်ချပြီးမှ အနှစ် ၂၀ ပြန်လျှော့ပေးတယ်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ တောင်ကြီးမှာ အစည်းအ ဝေးတခုလုပ်မိလို့ ထောင် ၉၃ နှစ်၊ ဗိုလ်ချုပ်ဆေထင်ကို ၁၀၆ နှစ်၊ 7 DAY NEWS က သတင်းထောက်မအေး သီတာကို ထောင် ၁၈ နှစ်၊ ဘလော်ဂါ နေဘုန်းလတ်ကို ထောင် အနှစ် ၂၀၊ မနှင်းမေအောင် (ခ) မနိုဘယ် အေးဆိုတဲ့ ကျောင်းသူလေးကို ထောင် ၁၀ နှစ် အသီးသီးချထားတယ်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲနေပါပြီလို့ အသံကောင်းဟစ်နေချိန် လတ်တလောလေးတင်ပဲ NLD က ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ချလိုက်တာက ထောင်ဒဏ် ၁၀ နှစ်တဲ့ ... ကောင်းကြသေးရဲ့လား။

အဲဒီလူတွေဟာ ခိုး - ဆိုး - လုယက်လို့၊ လူသတ်လို့၊ မူးယစ်ဆေးဝါးရောင်းဝယ်လို့၊ လူကုန်ကူးလို့ ထောင်ကျ ကြတာမဟုတ်ဘဲ နိုင်ငံရေးလုပ်လို့ ဖမ်းဆီးထောင်ချခံရတာ။ တရားဥပဒေအတိုင်း စီရင်ချက်ချတာလည်း မ ဟုတ်ဘူး။ တရားရုံးက စာအိတ်အမိန့်နဲ့ အနိုင်ကျင့်ခံရတာ။ အဲဒီနိုင်ငံရေးအကျဉ်းသား အများစုဟာ နှစ်ရှည် ထောင်ဒဏ်ကျခံနေကြရတယ်။

- နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်က အနှစ် ၂၀ ကနေ ၅၀
- နိုင်ငံရေးအကျဉ်းသား ၅၄ ဦးက ၅၁ နှစ်ကနေ ၁၀၆ နှစ်
- နိုင်ငံရေးအကျဉ်းသား ၉၁ ဦးက သေဒဏ်ချခံထားရတယ်။

ခုတော့ သေဒဏ်တွေ ၁၆.၅.၂၀၁၁ က ထောင်တသက် ပြောင်းသွားပြီ။ AAPP ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံ ရေးအကျဉ်းသား ၂,၀၀၀ ကျော်တယ်လို့ တရားဝင် ကြေညာခဲ့တယ်။ အဲဒါကို နိုင်ငံရေးအကျဉ်းသား မရှိပါဘူး လို့ ဗြောင်လိမ်နေတာ မရှက်ကြဘူးလား။

ဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေပါလို့ သူတို့ဝန်မခံချင်တဲ့လူတွေကို သူတို့မိသားစုတွေနဲ့ဝေးရာ ထောင်တွေကို ပို့ထားတယ်။ ဥပဒေမဲ့ စာအိတ်အမိန့်နဲ့ နှစ်ရှည် မတရားထောင်ချရုံမက အဲသလို ရပ်ဝေးအ ကျဉ်းထောင်တွေကို ပို့ထားတာဟာ လူဆန်တဲ့လုပ်ရပ်ဟုတ်ရဲ့လား၊ အငြှိုးအတေးတွေနဲ့ ညစ်ပတ်စုတ်ပဲ့နေ တာဟာ လူ့အခွင့်အရေးကို အစိုးရကိုယ်တိုင် ချိုးဖောက်နေတာမဟုတ်ဘူးလား၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနေ တာ မဟုတ်ဘူးလားလို့ မေးရင် ဘာဖြေကြမလဲ။

၁၆.၉.၂၀၁၁ နံနက် ၇ နာရီက`၀´လူမျိုး ဘိန်းမှောင်ခို ၁၆ ဦးကို ဘူးသီးတောင်ထောင်က လွှတ်ပေးလိုက် တယ်လို့ နေရဉ္စရာသတင်းဌာနက ဖော်ပြထားတယ်။ သူတို့က ၁၀ နှစ် ထောင်ကျတာ ၆ နှစ် ထောင်ထဲမှာနေ ပြီးပြီ။ နေပြည်တော်က အမိန့်နဲ့ အထူးလျှော့ပေါ့ရက်တွေပေးပြီး လွှတ်ပေးလိုက်တာ။ ကဲ ... နိုင်ငံရေးအကျဉ်း သားတွေက ဘိန်းမှောင်ခိုတွေလောက်တောင် အရေးမပါတော့ဘူးလားလို့ မေးရင်ကော ဘယ်လိုဖြေမလဲ။ အ မျိုးသားရင်ကြားစေ့ရေးပဲဖြစ်ဖြစ်၊ ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ပဲကြည့်ကြည့် ဒီလောက်ကြာကြာ ညစ်မထား သင့်ဘူးဆိုတာ လူစိတ်ရှိတဲ့လူတိုင်း သိကြပါတယ်။ မရှက်ကြဘူးလား ဗြောင်လိမ်ဗြောင်စားတို့ရေ ...။

မှတ်ချက် ။     ။ အကျဉ်းထောင်တွေထဲမှာ ဘိန်းမှောင်ခိုမှုနဲ့ အခြားအကျဉ်းသားတွေ ရှိသလို ရှမ်း၊ ကချင်၊ ကရင် ... စတဲ့ အကျဉ်းသားတွေလည်း ရှိတယ်။ အခုတော့ ‘၀ကွက်တယ်’ ဆိုတဲ့ စကားအတိုင်း `၀´ကိုပဲ ကွက်ပြီးတော့ လွှတ်လိုက်တယ်ဆိုတော့ စဉ်းစားစရာပေါ့။ သိထားဖို့က ထမင်းစားတဲ့လူတိုင်း အကျဉ်းသား လွတ်မြောက်ရေးကို မျှော်လင့်နေကြတယ်ဆိုတာပဲ။     ။

စိန်သံလုံး

3 comments:

Anonymous said...

မပြောင်းလဲသေးတဲ့ အချက်တချက်ပေါ့။ အရှိကို အရှိအတိုင်းမြင်မိပါတယ်။

Maung Maung Kyaw Win said...

I do not see any reason to trust the new government or the puppet government. I do not understand how come some people hope something from this fake government. If this government want to expose their honesty (1)release all the political prisoners without any condition (2) stop all the projects of building dam on the Irrawaddy River (3) Step down from power as almost all the govt.members had committed crime. We need a genuine and clean government and we want to rebuild our country at fast pace.

khin maung than said...

ဘယ်ခါများပြောင်းလဲပါမလည်းဗမာပြည်ရယ်။တိုင်းချမ်းသာအောင်မလုပ်ဆောင်ပဲ၊ဆင်းရဲတွင်နက်သထက်နက်အောင်ပဲ
လုပ်နေကြပါလားနှော်။