Sunday, September 25, 2011

စစ်သားဆိုတာ ချစ်မယားကို ကြောက်တာပေါ့

စစ်သားဆိုတာ ချစ်မယားကို ကြောက်တာပေါ့
စိန်သံလုံး

လောကကြီးမှာ မိန်းမကြောက်ရတယ်ဆိုတဲ့ နာမည်က အဆိုးသား။ ဒါပေမယ့် ကြောက်တတ်ရင် ၀န်ကင်းဆို တဲ့ စကားကလည်း ရှိနေပြန်တော့ ကြောက်တာပဲ ခပ်ကောင်းကောင်းလို့ ဆိုရမှာပေါ့။ စစ်သားဆိုတာ သေမှာ မကြောက်ကြလို့ စစ်ထဲဝင်ကြတာမဟုတ်လား။ ဒါပေမယ့် အိမ်က မိန်းမ အဲ ... လူကြားကောင်းအောင် သုံး နှုန်းရမယ်ဆိုရင် ချစ်မယားပေါ့လေ။ အဲဒီမိန်းမကိုတော့ ကြောက်ရတာပေါ့။ ဥပမာပြရရင် ဓာတ်ချုပ်ကြီး ယိုင် ယိုင်က ကြိုင်ကြိုင်ကို ကြောက်ရတာလေ။ ယိုင်ယိုင်အထက်မှာ ကြိုင်ကြိုင်ရှိတယ်လေ။ ဘာပဲဖြစ်ချင်ဖြစ်ချင် ကြိုင်ကြိုင်နဲ့ သွားညှိလိုက်၊ ဖြစ်ချင်တာဖြစ်ရမယ်။ ဒါပေမယ့် ကန်တော့ပွဲတော့ ပါရမယ်နော် ... ဟဲ ဟဲ။

ကြားဖူးကြမှာပါ။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးတဲ့။ ကောလဟာလပဲဖြစ်မှာပါ။ မယုံကြနဲ့။ အားလုံးရဲ့ အထက်မှာ ကြိုင်ကြိုင်ရှိတယ်။ စုဖုရားလတ် သေလို့ဝင်စားတာလားမသိဘူး။ သြဇာရှိလိုက်တာ ကြိုင်ကြိုင်ကို သူ့ယောက်ျားယိုင်ယိုင်က ကြောက်ရသလို တပည့်တွေကလည်း ကြောက်ရသမှ ပြားပြားဝပ်။ တပ်ထဲမှာ သူ ငယ်ချင်း ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ ရှိတယ်။ ရဲဘော်အဆင့်တွေလည်း ပါတာပေါ့။ သူတို့လည်း မိန်းမ ကြောက်ရ တာပဲ။ စစ်သားက ချစ်မယားကို ကြောက်ရတဲ့ ရိုးရာအပျက်မခံကြဘူးလေ။ စိန်သံလုံး သူငယ်ချင်းတွေ စစ် သားတွေ ဆယ်ယောက်မှာ ရှစ်ယောက်ကတော့ ချစ်မယားကို ကြောက်ကြရတာပဲ။ တကယ်ပြောတာ နာမည် နဲ့တောင် ဖော်ပြလိုက်ချင်ပါရဲ့။ သူတို့မှာ မရှိတော့တဲ့ သိက္ခာတွေကျကုန်မှာစိုးလို့ပါ။ တကယ်ပြောတာ။ ယုံ … ယုံ … ယုံ။

စိန်သံလုံးလည်း တပ်ထဲက သူငယ်ချင်းတွေ မေးကြည့်မိတယ်။ ဘာကြောင့် မိန်းမကြောက်ရတာလဲ၊ မင်းတို့ စစ်သားတွေပဲ၊ သတ္တိမရှိဘူးလားဆိုတော့ သူတို့က စစ်တိုက်ရမှာကိုမကြောက်ဘူးတဲ့၊ မိန်းမကိုတော့ကြောက် ရပါတယ်တဲ့။ တပ်ရင်းမှူးကို တိုင်ရင် သူတို့ပဲ အရေးယူခံရမှာတဲ့။ တပ်ရင်းမှူးကလည်း သူ့မိန်းမကို ကြောက် ရတော့ သူတို့မိန်းမတွေကလည်း တပ်ရင်းမှူးရဲ့မိန်းမကို ကြိုပြီးတိုင်ပြီးသားတဲ့။ ဒါနဲ့ စိန်သံလုံးက မေးတယ်၊ ဘာကြောင့် ကြောက်ရတာလဲ၊ အပြစ်ရှိလို့လားဆိုတော့ သူတို့က မပွင့်တပွင့် ဖြေကြတယ်။ ဟုတ်တယ် ငါတို့ အပြင်မှာ မိန်းမရှုပ်တာ ပွေတာလေး နည်းနည်းတော့ ရှိတာပေါ့တဲ့၊ ကောင်းရော။

စစ်သားက ချစ်မယားကိုသာကြောက်တာ၊ လိမ်ရမှာတော့မကြောက်ကြဘူးနော်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက် ပွဲကြီးမတိုင်ခင်က သူတို့ရဲ့ဓာတ်ချုပ်ကြီးက စစ်တန်းလျားကို ပြန်မယ်၊ အာဏာကို ရွေးကောက်ပွဲမှာ အနိုင်ရ သူကို လွှဲအပ်ပေးမယ်လို့ ကတိပေးခဲ့တာ ပြည်တွင်းပြည်ပ အကုန်ကြားကြသိကြပါတယ်။ အာဏာကို လက်မ လွှတ်ချင်တဲ့ လူတွေကတော့ အခု ၂၃ နှစ် ပြည့်ပြီလေ။ သူတို့က လိမ်လို့ကောင်းတုန်း၊ စည်းစိမ်ခံလို့ကောင်း တုန်း၊ လူတွေကို ဒုက္ခပေးလို့ကောင်းတုန်း၊ နိုင်ငံရေးသမားတွေကို ထောင်ချလို့ကောင်းတုန်း၊ စကားပုံတခုရှိ တယ်။ သူတို့မေ့နေသလားတော့မသိဘူး၊ ဘာတဲ့ “ယိုသူမရှက်၊ မြင်သူရှက်” တဲ့လေ။

ဇွတ်ခေါ်တဲ့ လွှတ်တော်မှာလည်း ချွတ်ချော်နေတာလေးတွေ ရှိသေးတယ်။ ကျိန်ချင်ရင်ကျိန်လိုက်စမ်း လိမ် ဆင်တွေက အများကြီးပဲ။ ပြည်သူတွေက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် (အဲဒါလည်း လိမ်ဆင်တွေနဲ့ပဲ) သူတို့က ပြည်သူတွေရဲ့ဆန္ဒ ပြည်သူတွေရဲ့လိုလားချက်တွေကို လူအင်းအားနဲ့ မဲခွဲပြီး ကန့်ကွက်မဲနဲ့ အနိုင် ကျင့်နေကြတာ မြင်တဲ့ကြားတဲ့အတိုင်းပဲ။ သူတို့လူကြီးတွေကတော့ ပြောရှာပါတယ်။ ပါတီအကျိုးနဲ့ နိုင်ငံအ ကျိုးယှဉ်ရင် နိုင်ငံအကျိုးကို ဦးစားပေးပါတဲ့။ ပါတီစွဲမထားကြပါနဲ့၊ ပုဂ္ဂိုလ်စွဲမထားကြပါနဲ့လို့တော့ ပြောတာပဲ။

ဟုတ်ကဲ့ … ဟုတ်ကဲ့ … ဟုတ်ကဲ့ လွှတ်တော်မှာ မဲခွဲရင်တော့ တပါတီတည်းက လူတွေရော တမတ်သားတွေ ရော ညီညွတ်နေလိုက်ကြတာ၊ တမတ်သားတွေက ပုတ်သင်ညိုတွေလို၊ ကြံ့တွေ ဖွတ်တွေကလည်း အင်အား ကကြီးပါ့။ ပုတ်သင်ညိုထက်ကြီးတဲ့ ဒိုင်နိုဆောတွေ ဖြစ်ကုန်ကြပေမယ့် … ကဲ … ဘာပြောချင်သေးလဲ။ ဘယ် သူက ဘာပြောရဲလဲ၊ ပြောရဲရင် ပြောကြည့်စမ်း ဂွမ်း … ဂွမ်း … ဂွမ်း ... (ကြောက်သေးထွက်သံ)

စိန်သံလုံး

No comments: