Wednesday, September 28, 2011

စက်တင်ဘာမိုးရေ တရွှဲရွှဲစိုနေတဲ့ မေတ္တာ

စက်တင်ဘာမိုးရေ တရွှဲရွှဲစိုနေတဲ့ မေတ္တာ
မောင်ငြိမ်းအေး

ရွှေဝါရောင်တော်လှန်ရေးဟာ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘုရားကိုယ်တိုင်ပါဝင်၏
အလွန့်အလွန်ကြီးကျယ်၏။

ရွှေဝါရောင်တော်လှန်ရေးဟာ
ဓမံ္မ သရဏံ ဂစ္ဆာမိ
တရားကိုယ်တိုင်ပါဝင်၏
အလွန့်အလွန်မြင့်မြတ်၏။

ရွှေဝါရောင်တော်လှန်ရေးဟာ
သံဃံ သရဏံ ဂစ္ဆာမိ
ဘုန်းကြီးကိုယ်တိုင်ပါဝင်၏
အလွန့်အလွန်ထင်ရှား၏။

ဘုန်းတော်ကြီးတွေရဲ့ဆွမ်းတနပ်ဟာ
လူထုရဲ့သဒ္ဓါတတ်အားနည်းများမဆို ... ဆိုတဲ့
ယဉ်ကျေးမှုဆန်ပုံးတွေထဲက
ဖြူစင်သန့်ရှင်းတဲ့ ပန်းကိုပန်ပြီး လာတယ်
အဲဒီဆန်ပုံးကို ဖြည့်ရတဲ့ အသက်တွေအပေါ်
မတရားမှုတွေ ...
အာဏာအလွဲသုံးစားလုပ်မှုတွေ ...
ကြီးနိုင်ငယ်ညှဉ်းမှုတွေ ...
မမျှမတမှုတွေ ...
မျက်နှာကြီးရာ ဟင်းဖတ်ပါမှုတွေ
သောကနဲ့ ဗျာပါဒတွေ
စာရိတ္တလောက်ကိုက်မှုတွေ စွန်းထင်းပေကျံလာစေတဲ့အခါ
သန်းခေါင်ထက်ညဥ့်မနက်နိုင်တော့ဘဲ
သင်္ကန်းတွေ ပွက်ပွက်ထခဲ့ကြရတာ
အတ္တာဟိအတ္တနောနာထောပဲ
စက်တင်ဘာမိုးနဲ့အပြိုင်ဝါခဲ့ကြ
မြတ်စွာဘုရားရှေ့ဆုံးက။

မေတ္တာရဲ့ပကတိသဘောက
အသွားအပြန်ရှိစမြဲလို့ ယုံကြည်ကြတယ်
ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ရင်ထဲအသည်းထဲက အူလှိုက်သည်းလှိုက်
အသံတွေ ... အသံတွေ ... အသံတွေ
မေတ္တာပို့တဲ့ အသံတွေလေ
ကမ္ဘာမြေတုန်းဟီး ကျယ်လောင်ပေါက်ကွဲသွားခဲ့
မေတ္တာရဲ့အမြိုက်တရားကို
ငမိုက်သားမကောင်းဆိုးဝါးတွေ မခံနိုင်ကြဘူး
ကျည်ဆံတွေ သာဓုခေါ်လိုက်ကြတာ
ဘုရားလည်းမှန် ... တရားလည်းမှန်
သံဃာလည်းမှန် ... လူထုလည်းမှန် ... နဲ့
ကြားထဲက ငထွားခါးနာဆိုသလို
ဂျပန်သတင်းထောက် ခန်ချိနာဂအိတောင်
မောင်ကြီးအိမ်မပြန်နိုင်အဖြစ်တိုးခဲ့ရတယ်မဟုတ်လား။

စိပ်ပုတီးနဲ့ ညောင်ရေအိုးတွေအပေါ်
ဘုရားစင်နဲ့ ကမ္မဌာန်းကျောင်းဆောင်တွေအပေါ်
ချီတက်ကြစို့ တူပျော်ပျော် ... ဘယ် ... ညာ ... ဘယ် ... ညာပေါ့
အပ္ပါယ်မကြောက် ငရဲမကြောက် မိစ္ဆာဓိဌိတွေ ဓမ္မန္တရာယ်တွေ
ထုရိုက် ကန်ကျောက် တွန်းထိုး ဆွဲလှဲ
ယူငင် ဖျက်ဆီး သိမ်းပိုက် သော့ခတ်
သံဃာတော်တွေခမျာ သီတင်းသုံးစရာ ကျောင်းသင်္ခန်းမဲ့
အာဟာရအတွက် ဘုဉ်းပေးစရာ ဆွမ်းခဲဘွယ်ဘောစဉ်မဲ့
စစ်ကြောရေးစခန်းတွေထဲမှာတော့
ကျနော်တို့ ယုံကြည်ကိုးကွယ်ကြတဲ့ သံဃာတော်တွေခမျာ
‘မင်ဂလီ’ လက်ထဲရောက်တဲ့ ပိုလန်ဂျူးအကျဉ်းသားတွေလို
ကိုယ်ခန္ဓာပျော့ပျော့ ... အသက်မျော့မျော့ ... ဘ၀ဖျော့ဖျော့
ဒါပေမယ့် ... မငိုမယို မတောင်းပန် ဒူးမထောက်ခဲ့ကြ
ကြောက်စရာကောင်းလောက်အောင် အံ့သြလေးစားစရာ
“ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ”
“ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ”
“ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ” ...။

ဒါတွေအားလုံးဟာ သမိုင်းပါ
သမိုင်းဆိုတာ လုပ်သားပြည်သူ့နေ့စဉ်နဲ့
ကြေးမုံသတင်းစာတွေက မသီးပွင့်နိုင်ဘူး၊
မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီရုပ်မြင်သံကြားကလည်း
ခေါင်းမပြူနိုင်ဘူး၊
စာပေကင်ပေတိုင်ရုံးက ဘတ်စ်ကားတက်စီးလာတဲ့
လွယ်အိတ်တွေကိုလည်း ယီးလေးခို လိုက်မလာဘူး၊
အာဏာရှင်ခွင့်ပြုချက်နဲ့
အကန့်အသတ်တခုအတွင်း
စီးဆင်းလာတဲ့ မြစ်ကောထဲမှာလည်း မကူးခတ်နိုင်ဘူး၊
သမိုင်းက လူထုသားအိမ်ထဲက ရင်သွေး
တစတစ ပါးလျားပျောက်ကွယ်သွားတတ်တဲ့ ပရုတ်လုံးမဟုတ်ဘူး
တဖြည်းဖြည်း စုပုံလာတတ်တဲ့ နုန်းတင်မြေနု
အမှန်တရားဆိုတာ နောက်ကျတတ်ပေမယ့်
သမိုင်းနဲ့အတူ သေချာပေါက်ပန်းဝင်မယ့် အပြေးသမားပေါ့။

ဗုဒံ္ဓ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ရွှေဝါရောင်တော်လှန်ရေးဟာ
သဗ္ဗေသတ္တာကမ္မသကာမဟုတ်
ကြီးကျယ် ...
မြင့်မြတ် ...
ထင်ရှား ...
အာဏာရှင်တွေရဲ့မျက်နှာဖုံးကို ကျွတ်ကျစေခဲ့တဲ့
သံဃာနဲ့လူထုရဲ့ ရဲရဲတောက်အတ္ထုပ္ပတ္တိ ... ။ ။

မင်ဂလီ = ဟစ်တလာ၏ အကျဉ်းစခန်းတာဝန်ခံ ဆရာဝန်။
လူနာများကို ထုံဆေး မေ့ဆေးမပေးဘဲ အစိမ်းလိုက် ခွဲစိတ်ဖြတ်တောက်သူ။

မောင်ငြိမ်းအေး

1 comment:

yoo said...

အမေလေး..လေ့...
ခုမှ...ဘုရား.ဘုရား...နဲ့....။

ဒီ့အရင်...
(အိမ်ပြန်ချင်စိတ်တွေကို တဝေါ့ဝေါ့ ထိုးအန်ချလိုက်တော့တယ်။
အန်ဖတ်တွေက မနည်းလှဘူး
အဲဒီအန်ဖတ်တွေထဲမှာ
ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်စရာ ရွှေတိဂုံဘုရားကြီး ပါတယ်။)..လို့
ပြောပြီးပြီ...။

ဘယ်လိုလူလဲ..မသိဘူး..။
ရွှေဝါရောင်နှစ်ပတ်လည် မှာတောင်..
ဘုရားကိုမသွားနိုင်တဲ့ သူတွေ
ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်စရာ ရွှေတိဂုံဘုရားကြီး
ပါတဲ့ သူ့ အန်ဖတ်ကို တောင်းပြီး၊
ပလတ်စတစ်နဲ့ ထုတ်၊
တိုင်မှာချိတ်ပြီး
ဝတ်ပြုဆုတောင်းရမဲ့ အပေါက်..။