Monday, September 26, 2011

ငါ့အတွက် သင်မငိုပါနဲ့ ဗမာပြည်

ငါ့အတွက် သင်မငိုပါနဲ့ ဗမာပြည်
(  ဧ  ရာ  ၀  တီ  ကို  ယ်  စား  )
စံညိမ်းဦး

အဲဒီမှာ ...
ဧရာဝတီတဲ့
မြစ်တစင်းတဲ့
မြစ်တစင်းဆိုတာထက်
ငါဟာ ...
အချစ်သီချင်းတွေကိုသာ နားစွင့်
အချစ်သီချင်းတွေကိုသာ နာယူလိုခဲ့သူ
ဒါပေမယ့် ...
စစ်တလင်းတွေကိုသာ ဖြတ်ခဲ့ရ
စစ်သတင်းတွေကိုသာ နားဆင်ခဲ့ရသူဖြစ်လို့ ...။

အဲဒီမှာ ...
ဧရာဝတီတဲ့
မြစ်တစင်းတဲ့
မြစ်တစင်းဆိုတာထက်
ငါဟာ ...
ဓမ္မတရားကိုလည်း ငတ်
အလှတရားကိုလည်း ငတ်
ငြိမ်းချမ်းရေးကိုလည်း ငတ်
စိမ်းလန်းရေးကိုလည်း ငတ်သနဲ့
အဲဒီလို ဒုဗ္ဗိကန္တရကပ်တည့်တည့်မှာ တွင်းဆုံးကျလို့
ငါဟာ အငတ်ဘေးကျရောက်နေသူ။

တကယ်တော့
သင်နဲ့ ငါဟာ
‘အလံ’ နဲ့ ‘လေ’ ဆိုလည်းဟုတ်ခဲ့ရဲ့ ဗမာပြည်
‘ထီး’ နဲ့ ‘ဖိနပ်’ ဆိုလည်းဟုတ်ခဲ့ရဲ့ ဗမာပြည်
သင်ပြုံးရင် ငါပျော်
သင်မော်ရင် ငါမြူး
သင်လဲတော့ ငါထူ
သင်ပူတော့ ငါကျွမ်း
သင်က ဓားရေး လှံရေးဆိုရင်
ငါက တော်လှန်တေးတွေကို တံပိုးခရာမှုတ်လို့။

အဲဒီ ၀ါကျင့်ကျင့် သမိုင်းခေတ် ဇာတ်ဝင်ခန်းများထဲ
စီးဆင်းခဲ့အတူ
နေ့စွဲတွေကို လွမ်းလို့။

ဗမာပြည်တဲ့
သင်က
တိုင်းပြည်တပြည်တဲ့
သင်က
တိုင်းပြည်တပြည်ဆိုတာထက်
သင်ဟာ
အာရှတိုက်ရဲ့နေရောင်ခြည်ထဲ
ရွှေရည်တဖျပ်ဖျပ်နဲ့ တန်ဖိုးအနဂ္ဃကြီးမြတ်
သင်ဟာ အားလုံးရဲ့ အလေးမြတ်ပြုခံခဲ့ရဖူးတဲ့ ကဒေါင်း
သင်ဟာ အားလုံးရဲ့ အမော်အဖူးကို ခံခဲ့ရဖူးတဲ့ ရွှေထီးတလက်
အခုတော့ ...
နှစ်ပရိစ္ဆေဒရဲ့ချောက်ကမ်းပါးထဲ
ရွှေရောင်ဒဏ္ဍာရီဟာ ပျော်ကျ
အရာရာဟာ မှုန်ဝါးလို့။

တကယ်ဆို
ဘာပဲဖြစ်ဖြစ်
ငါဟာ သင့်ကို ချစ်ခဲ့ရဲ့ ဗမာပြည်
ငါဟာ သင့်ကို ချစ်နေသေးရဲ့ ဗမာပြည်
သင့်ကို ချစ်ခဲ့သမျှ
ငါပြန်ရခဲ့တာကတော့
သင့်ရဲ့ ကြင်နာမှုဟာ ရက်စက်ခြင်း
သင့်ရဲ့ သစ္စာမဲ့မှုဟာ မိုက်မဲခြင်း
အို ...
အခုတော့
သင့်ရဲ့အမြော်မြင်မဲ့မှုမှာ
ငါဟာ အသက်ကို တမျှင်းမျှင်းရှူလို့။

ငါဟာ သင်ပစ်ချလိုက်တဲ့
သူစိမ်းတစ်ရံဆံတွေရဲ့ သံဖနောင့်အောက်မှာ
သောင်ထွန်းနေသော ငါ့နှလုံးသားကိုငါဖွဖွကိုင်ရင်း
သင့်ကိုငေးရီလို့။

ငါ … ဘာများပြောရမလဲ ဗမာပြည်။
ဟောဟိုမှာ
ဧရာဝတီကို ကယ်တင်ကြတဲ့
ငါ့အပေါ်ထားတဲ့ လီစ္ဆ၀ီတွေထက်လှတဲ့
ငါ့ပြည်သူတွေရဲ့တေးသံမှာ
ငါ့သွေးခုန်သံဟာ ပူနွေးခဲ့ရ။

ငါ့ပြည်သူတွေရဲ့ မေတ္တာပန်းများမှာ
ငါ့သွေးခုန်သံဟာ မွှေးမြခဲ့ရ။

သင်ကတော့
ငါ့အဝေးမှာ
ငါ့မှာတော့
ဖွတ်မိချောင်းဖြစ်
မြစ်မချမ်းသာ နေ့ရက်များကို
ကျောပေါ်တင်ပြီးစီးရ။

အခုတော့ ...
ငါ့အတွက် သင်ငိုလည်း အပိုပဲဖြစ်လို့နေမလား ဗမာပြည်
သင်ရဲ့ ရက်စက်သော မျက်ဝန်းဆီမှ
ကျလာမယ့်အရာဟာ ကမ္ဘာဖျက်မိုးများ (သို့မဟုတ်) မျက်ရည်တဲ့လား
အခုတော့ ...
‘လေ’ ဟာလည်း ‘အလံ’ ကို မလွင့်စေတော့ဘူးလေ။ ။

စံညိမ်းဦး
၂၆-၉-၂၀၀၁

No comments: