Friday, September 23, 2011

တုတ်ကြီး (ခေတ္တ-တာဝတိံသာ) - အမေနဲ့ ကျနော်တို့ ... (ကဗျာ)

မေနဲ့ ကျနော်တို့ ...
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

ဇူလိုင်ဆယ့်ကိုးဆို
ကောင်းကင်ကြီးညိုလို့
ကျနော်တို့မြို့ကလေးမှာ
မိုးပြေးရွာတယ် ...။

လူမမယ် ကျနော်က
မိုးရေတွေစို
ကုက္ကိုပင် ခပ်အိုအိုအောက်မှာ
တယောက်တည်း မျက်ရည်ဝဲလို့
ဥသြသံစဲမှ ရှိုက်မိတယ် ...။

အိမ်ရှေ့အလံတိုင်က
ခပ်ယိုင်ယိုင် အလံတ၀က်လည်း
ရွှဲရွှဲစို သူ့ကိုယ်သူသိမ်းလို့
ဦးညွှတ်လေ့ရှိတယ် ...။

အဲဒီနေ့တွေမှာ
အဘိုးဟာ အံကြိတ်လို့
အသံတိတ်တယ် ...။

အဘွားဟာ ဆေးလိပ်ဖွာလို့
ပါးရေတွန့် မျက်လုံးမို့တွေနဲ့
ခပ်ယဲ့ယဲ့ မဲ့မဲ့ပြုံးကာ
ရိပ်သာဘက် ခြေဦးလှည့်တယ် ...။

ဒီလိုနဲ့ ...
အရွယ်လည်းရောက်
လူပျိုပေါက်ချိန်
ကျောင်းအပြန် အိမ်မရောက်
လမ်းပျောက်ခဲ့တယ် ...။

ပျောက်တဲ့လမ်းမှာ
မကြောက်ခဲ့စတမ်း
အမှောင်မှာလည်း စမ်းလျှောက်
ရင်ဆို့အောင် ၀မ်းမြောက်ခဲ့ပါတယ်
အမေ ... တကယ်လာတယ်နော် ...
ကျနော်တို့ ပျော်လို့
ပြတ်နေတဲ့ ဖိနပ်ကလေး ထိုးချိတ်ထားတဲ့
တွယ်ချိတ်ကလေးတောင် ထောင်းကနဲပြုတ်လောက်အောင်
အောက်ခြေတွေ လွတ်ခဲ့ပါတယ် ...။

အားမာန်အပြည့်လေ ...
ယုံကြည်ချက်တွေများဆို
အို ... ဇလုတ်နဲ့ တိုက်ချရင်တောင်မှ
မောက်ကနဲ မောက်ကနဲ တိုးကြွ
နိုင်မှနိုင်ပါ့မလားမသိ
အဲသလောက် ပြည့်ခဲ့တာ ...။

ဘ၀နဲ့စာရင် မျက်စိတမှိတ်လောက်မှာပဲ
ဒီခရီးက ...
ဂျီသရီးက စတယ် ...။

ငှက်ဖျားက တုန်နေအောင်အချစ်နဲ့
စစ်ကြေညာတယ် ...။

ငတ်မွတ်ခြင်းနဲ့
ဘယ်ညာနင်းတယ်...။

ရွေးချယ်မှုတွေပါ ...
ကိုယ့်ဘ၀လေးတွေကို ထိုးကျွေးချင်တဲ့
ရူးသွပ်မှုတွေပေါ့
ကိုယ့်နုပျို ငယ်ရွယ်မှု ထင်းချောင်းကလေးတွေနဲ့
အားလုံးဘ၀တွေ လင်းချင်းနွေးထွေးနေပါစေတော့ဆိုတဲ့ စိတ်ကလေးက
ဘယ်သူ့အတွက်မှ စတေးခဲ့တာတော့မဟုတ်ပါဘူး ...။

အဲသလို မကြီးကျယ်မှုတွေနဲ့
ဖရိုဖရဲ ကွေးခဲ့ရတဲ့ လက်ညှိုးလေးတချောင်းဟာ
အဲသလို မျက်ရည်ဝဲခဲ့ဖူးတဲ့ မျက်လုံးဝေသီသီတစုံဟာ
တင်းမာနေအောင် အံကြိတ်ခဲ့တဲ့ မေးဖျားတွေဟာ
လက်ညှိုးထောင်၊ မျက်လွှာချ၊ ခေါင်းညိတ်ရုံအတွက်
ခရီးဝေးကြီးကို ကိုယ်သေရင် ကိုယ့်အလောင်းကိုပတ်မယ့် စောင်ကလေး ကျောပိုးလို့
မိုးရွာရွာ နေပူပူ နှင်းထူထူ ထမ်းခဲ့ပိုးခဲ့ ...
ထွက်ခဲ့တာမဟုတ်ပါဘူး....။

အဲဒီမှာ ...
တခုသော မေလမှာ ...
ဖက်ဆွတ်မိုးလေးတပြိုက်
မထိတထိ ...
ညုတုတု ...
ထိထား ပွတ်ထားတဲ့ မေလမှာ
ငုနဲ့ ပိတောက်တွေလှိုင်တဲ့ မေလမှာ
နွေညတွေ အလှထူးတဲ့ မေလမှာ
ခါကာဘိုရာဇီ နှင်းနုတွေ သူတို့ကိုယ်သူတို့အရည်ဖျော်ပြီး
လျှောစီးကြသလို ...
အပျော်တွေပို
ကျနော်တို့ကိုယ်ကျနော်တို့ စင်္ကြ၀တေးမင်းတပါးရဲ့
အရှင်သခင်များလို ပီတိတွေဝေလို့
ဘောင်းဘီအနွမ်းကလေး ဖာနေတဲ့ လက်တွေများ ...
အပ်သွားကလေးကို ထိုးလိုက်တာတောင်မှ
ဗီသိုဘင်ရဲ့ဂီတကို အချက်ပြ သီကျူးနေတဲ့ ကွန်ဒပ်တာတယောက်လိုပါ ...။

နောက်တော့ ...
ပိတောက်ဝါတွေကြားက
ရဲရင့်ပြတ်သားတဲ့ မျက်နှာနဲ့
ပြုံးနေတဲ့ ဓာတ်ပုံကလေးတွေ
ကျနော်တို့ ရတယ် ...

လက်ဝါးထက်သေးတဲ့ ဓာတ်ပုံကလေးတွေ
အိပ်ကပ်ထဲထည့်လို့ ...
တောင်ပေါ်ရွာတွေမှာ ...
တခါက ... ဗမာလို မတတ်တတတ်
ကွမ်းချေးတွေ အထပ်ထပ်သွားနဲ့
အဲဒီရွာက အဘွားက မေးတယ် ...
ဟဲ့ ... အဲဒါ နင်တို့အမေလား ...
ကျနော်တို့မှာ ပြုံးရင်း
ဘယ်သူမှ မငြင်းတဲ့အခါ
ဟဲ့ ... နင်တို့အကုန် ဒီအစိုးရကို ပုန်ကန်ရင်
နင့်အမေတောင်ယာ ဘယ်သူပြန်ကူမှာတုန်းတဲ့ ...
ဝမ်းပန်းတသာ ကျနော်တို့ ရယ်ခဲ့ရပါတယ်....။

ကျနော်တို့ လက်ခုပ်မတီးတတ်တော့ဘူး
ဟောဒီလက်တွေဟာ ဘက်တူတူ မတူတူ
ကျဆုံးသူ ညီအစ်ကိုများစွာရဲ့အလောင်းတွေကို မြှုပ်ခဲ့ရတယ် ...။

ကျနော်တို့တွေ အမေရေ ... အမေလို့
လူကြားကောင်းအောင် မခေါ်တတ်တော့ဘူး
တိုက်ပွဲသံ ... ဆဲသံ ... ညည်းသံ ... ငိုသံတွေနဲ့ပဲ
အက်ကွဲ တိတ်ဆိတ် ခပ်မဆိတ်ဘဲ နေသားကျခဲ့ပြီ
ထင်ရာမြင်ရာ အဆင်တန်ဆာမပါဘဲလည်း ပြောတတ်ခဲ့ပြီ
ဘ၀ထဲက ဒဏ်ရာ၊ ခေတ်ရဲ့ဒဏ်ရာ ကိုယ်သာ လည်စင်းခံလိုက်မယ်
ဘယ်မိခင်ကိုမှ ဘယ်သားသမီးက မလဲပြိုစေချင်တဲ့ ဇာတိစိတ်
ကျနော်တို့ သိပ်မြင်ချင်တဲ့လမ်း ခြောက်ကမ်းပါးကြီးများလား
ဒဏ်ရာနဲ့ ယဉ်ပါးဖူးတဲ့ သားကောင်လို စိုးရိမ်စိတ်တွေနဲ့ ...။

ဒီလိုပဲ ...
ထမင်းကြမ်းခဲက ကိုယ့်သွားကို ချိုးသွားမယ့်
မြိန်ရှက်မှုတွေနဲ့ ကျနော်တို့ရဲ့ထောင်ထဲက ညီအစ်ကိုတွေ
ဟော်တယ်တက် ရက်ရှည်တည်းနေတာ မဟုတ်သလို
တောထဲက ညီအစ်ကိုတွေ
တောထူထူမှာ ငှက်ပျောအူ အမျှင်တန်းလန်းကို
ဒီနေ့အထိ ရှင်ခန်းမဖြတ်နိုင်တဲ့ သံယောဇဉ်နဲ့
ငှက်ကြည့် တောလည် မွေ့လျော်နေတယ်လည်း မထင်လိုက်ပါနဲ့ ...။

ငြိမ်းချမ်းရေးလား ...
ငြိမ်းချမ်းရေးဆိုတာ လင်ရှိမယားမဟုတ်လို့သာ
ခဏခဏ ပစ်မှားမိခဲ့တာ လူပျိုပေါက်ကတည်းကပေါ့ ...
သိပ်လိုချင်ခဲ့တာ ... ဘကြီးအောင်ညာခဲ့လို့
သေခဲ့ရတဲ့ ကလေးလိုသာဆို
ကျနော်တို့ဘ၀တွေဟာ အကြိမ်ကြိမ်သေခဲ့ပြီးတာလည်း ကြာပေါ့ ...။

တကယ်တော့
ကျနော်တို့ညီအစ်ကိုတွေ
ရန်ဖြစ်ကြတယ် ...
ကျနော်တို့ညီအစ်ကိုတွေ
တယောက်မျက်နှာတယောက်မကြည့်ကြဘူး
ကျနော်တို့ညီအစ်ကိုတွေ
တယောက်သတင်းတယောက်နားစွင့်ကြတယ်
ကျနော်တို့ညီအစ်ကိုတွေ
တယောက်ကောင်းတာလုပ်တာကြားရင် ...
မျက်နှာက မဲ့ထားပေမယ့်
စိတ်ထဲကတော့ “ဟင်း ... ဒီကောင် မဆိုးဖူးပဲ” ဆိုပြီး
ကိုယ့်မျက်လုံးက ကြည်နူးရိပ်ကလေးတောင် စွန်းမထွက်ရအောင်
ဟန်ဆောင်ကောင်းကြတယ် ...
တကယ်တော့
ကျနော်တို့ညီအစ်ကိုတွေဟာ
မြေပြန့်တောင်ပေါ် အခေါ်အဝေါ် အ၀တ်အဆင်ကွဲပေမယ့်
တသွေးတည်းတသားတည်း တမြေတည်းရဲ့ ကလေးတွေပါ....။

ဒီလိုနဲ့ ...
အရွယ်လည်းကျ
ဇရာ စချိန်
ကျောင်းအပြန် အိမ်မပျောက်
လမ်းသစ်ရောက်ချင် ...။     ။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

2 comments:

burma said...

တုတ်ကြီးကို လက်ခုပ်တီးပြီး အားပေးပါတယ်

yoo said...

အရွယ်လည်းကျ
ဇရာ စချိန်
ကျောင်းအပြန် အိမ်မပျောက်
လမ်းသစ်ရောက်ချင် ...။

ဒေါက်တာလွှတ်ဆွ ။ ။ "ကျုပ်တို့ စိုးနေလင်း
တယောက်ကတော့ ...
လားရာပျောက်ပြီး အက်သံပါနေတဲ့
လေသံကြီး နဲ့  သတိ လို့ အော်ပြီး ရှေ့ အကွေ့ က
အသူတရာ နက်တဲ့ ချောက်ထဲ ခုန်ချသွားတာ....
အချိန်ကိုက်စောင့်နေတဲ့ သိမ်းငှက် က ထိုးသုတ်
သွားလေရဲ့ တုတ်ကြီးရေ...."