Wednesday, September 21, 2011

ပြောရတာ မောလှပါပြီ

ပြောရတာ မောလှပါပြီ
စိန်သံလုံး

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပြောကြ ဆိုကြ တောင်းဆိုကြ၊ မေတ္တာရပ်ခံပန်ကြားခဲ့ကြတာ တနှစ် ကျော်ခဲ့ပါပြီ။ အစိုးရ အပြောင်းအလဲမလုပ်ခင် ရှင်းလင်းသွားမယ်။ အကျိုးပြုတခုခုတော့ ချန်ခဲ့မယ်လို့ မျှော် လင့်ကြတာ သဲထဲရေသွန် ဖြစ်ခဲ့ပြီးပါပြီ။

မကြာခင်ကလည်း လွှတ်တော်မှာ ကိုယ်စားလှယ် (၁၇) ဦး အကြံပြု ထောက်ခံခဲ့ကြလို့ ပြည်ထဲရေးဝန်ကြီးက သမ္မတကြီးထံ အမြန်ဆုံး တင်ပြပေးမယ်လို့ ပြောသွားခဲ့တာ မှတ်မိမှာပါ၊ နေပြည်တော် လွှတ်တော်အဆောက် အအုံကနေ သမ္မတရုံးကို သွားရတာ ဝေးနေသလား။ သီချင်းတစ်ပုဒ် ရှိတယ်နော် “လာချင်ရင် အနီးလေး မ လာချင်ရင် ခရီးဝေး” တဲ့။ မလာချင်လို့ ဒီလောက်ကြာအောင် ခရီးဝေးနေရတာလား၊ စဉ်းစားစရာပေါ့၊ အမှန် က နောက်ကွယ် ရုပ်သေးကြိုးဆွဲ ဆရာကြီးရဲ့ အမိန့်မရသေးလို့ပါ။

ဒါနဲ့များ ဒီမိုကရေစီနိုင်ငံတော်တဲ့။ အော်နေကြတာ မရှက်ကြဘူးလား။ ပြည်သူ့ဆန္ဒ ပြည်သူ့လိုလားချက်တွေ လေးလေးစားစား ဖော်ဆောင်နိုင်မှ ဒီမိုကရေစီနိုင်ငံလို့ ခေါ်နိုင်တာပါ။

ဒီနှစ် ၂၀၁၁ ခုနှစ်မှာ မြန်မာအစိုးရသစ်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပခဲ့ပါတယ်၊ အဲဒါကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ ဆုံးဖြတ်ချက် အေ/၆၂/၇ (၂၀၀၇) အရ ဒီမိုကရေစီကို မြှင့်တင်ရန်၊ ကျစ်လစ်သိပ်သည်း ခိုင်မာစေရန်အတွက် နှစ်မြှုပ်ရန် ချထားရသော နိုင်ငံအဆင့် အစီအစဉ်များ ခိုင်မာစေရန် ဆိုပြီး အစိုးရများကို တိုက်တွန်းအားပေးခဲ့ပါတယ်၊ နှစ်စဉ် စက်တင်ဘာ (၁၅) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ကျင်းပကြရန် ဆုံးဖြတ်ထားခဲ့တာပါ။ အဲဒီသတ်မှတ်ချက်နဲ့ရော ကိုက်ညီအောင် ကျင့်ကြံဆောင်ရွက်ရဲ့လားလို့ မေးရမှာပါ။

ပြည်သူ့လွှတ်တော်ကြီးထဲမှာ (ပြည်သူ့အသံ - လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့ မျှော်လင့်ချက် - လွှတ်တော်က ဖော်ဆောင်ရွက်) ဆိုပြီး ရေးပြီး ချိတ်ထားတဲ့ ဆိုင်းဘုတ်တွေကတော့ အပျော် တမ်း ချိတ်ထားတာလို့ မထင်ပါဘူး၊ ဟုတ်မှာပါနော်။

ဒါပေမယ့် ပြည်သူလူထုရဲ့လိုလားချက်၊ တောင်းဆိုမှုများဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး၊ ပြည် တွင်းစစ် ရပ်ဆိုင်းရေး၊ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ဆိုတဲ့ ကိစ္စတွေက ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေ မဟုတ်လို့လား။ မြစ်ဆုံကိစ္စက ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး မစတင် ကတည်းက ဖြစ်နေတာ။ ဒီကိစ္စကို လွှတ်တောာ်မှာ မမေးရဲ မဖြေရဲ ဖြစ်နေကြတယ်။ ဒါမှမဟုတ် မေးခွင့်မပေး တာလား (တမျိုးကြီးပဲနော်)။

ဒီကြားထဲ ဗြောင်လိမ်ကြသူတွေကို သနားမိတယ်။ အဖြူကြီးမြင်နေတာကို အမဲကြီးပါလို့ ဇွတ်ငြင်းဇွတ်လိမ်နေ ကြတာတွေကလည်း အရပ်ရပ် နေပြည်တော်ကြားလို့ မတော်ပါဘူး။

နိုင်ငံရေးအကျဉ်းသားမရှိဘူးတဲ့။ ပြောရက်လိုက်ကြတာနော်။ ထောင်ထဲမှာ သီးသန့်အကျဉ်းသားဆိုပြီး သတ် မှတ်ခွဲခြာားတာ ဘယ်လိုလူတွေလဲ။ အဲဒီ သီးသန့်အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားတွေလို့ မခေါ် ချင်လို့ နံမည်ပြောင်းထားတာ။ ခိုး၊ ဆိုး၊ လုယက်၊ ဓားပြတိုက်၊ ခါးပိုက်နှိုက်၊ လူသတ်၊ ဘိန်းချ၊ မူးယစ်ဆေးဝါး ရောင်း/သုံး၊ လူကုန်ကူး၊ မုဒိမ်းကျင့်တဲ့အမှုနဲ့ ထောင်ကျတဲ့အကျဉ်းသားတွေက လျှော့ရက်ရတယ်။ တလကို ၄ ရက် အနည်းဆုံး သတ်မှတ်ထားတာ။ သီးသန့်အကျဉ်းသားလို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ လျှော့ရက်လည်းမရ၊ ချုပ်ရက်လည်း များများမပေးတဲ့ ဘ၀မှာ အညစ်ခံ၊ အငြှိုးအတေးခံ၊ ညှင်းပန်းခြင်းကို ခံ နေရတာပါ၊ နိုင်ငံရေးအကျဉ်းသားတွေမိုလို့ တမင်အမှုကြီးအောင် လုပ်ထားတာ အနည်းဆုံး ၃ နှစ်ကနေ အ များဆုံး ၁၀၆ နှစ် (ဗိုလ်ချုပ်ဆေထင်)။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ၁၁ ဦးက ဆုံးဖြတ်လို့ရတဲ့ အ ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လာလုလုငေးနေရတဲ့ ဘ၀က ကျော်လွန်ချင်လှပါ ပြီဆိုတဲ့ ဆန္ဒကတော့ ပြည်သူ့ဆန္ဒ အစစ်အမှန်ဖြစ်ကြောင်းပါဗျာ။

စိန်သံလုံး

1 comment:

ထာဝရမိုး said...

မောရင် ပိတ်မယ်ဆိုပြီးများစောင့်နေလျှော့သလားဗျာ
လွတ်ပေးကြပါတော့