Friday, September 16, 2011

တုတ်ကြီး (ခေတ္တ-တာဝတိံသာ) - အတိတ်စိမ်းနဲ့ ရိတ်သိမ်းမယ့် မောင်

အတိတ်စိမ်းနဲ့ ရိတ်သိမ်းမယ့် မောင်
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

ခင်ဗျားကတော့ ပြောပေါ့
ခင်ဗျားကတော့ ခင်ဗျားပဲဗျာ ...

ဟိုတောင်ယာဘေး
ရွာသေးသေးမှာ ရှမ်းမအလောင်း
ပွယောင်းပုပ်ပွ ထမီမှမရှိ ...။

ဒေါနတောင်တန်း ပြာရောင်သမ်းလို့
ယမ်းငွေ့တို့ဝေ ...။

ကချင့်မြေမှာ သွေးပေညှီစို့
နေညို့မှောင်ရီ
ဧရာဝတီတောင် ပြို့အန်လု ...။

မယ်မယ်ရရ ဘာမှမရေးဖြစ်ခဲ့သည်မှာ ကြာပြီ။ ရင်ထဲ စူးစူးနင့်နင့်ရှိလှသဖြင့် ကဗျာရေးလိုစိတ်ဖြစ်မိလာ၏။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတို့၏ သတင်းများနှင့် အဆက်မပြတ်သော်လည်း စိတ်ကုန်ကုန်ရှိလှသဖြင့် မြန်မာလို ဘာမှမရေးဖြစ်။ တချိန်ထုတ်မည်စိတ်ကူးထားသော စာတချို့ကိုသာ ရေးလိုက် နားလိုက်ဖြင့် ယခုကာလတွင် ဖြတ်သန်းဖြစ်၏။ ဘကေးရှင်းယူ၍ စိတ်အေးလက်အေး စာရေးရင်း ဥပေက္ခာတရားနှင့် အေးအေးဆေးဆေး နေမည် စိတ်ကူးမိသော်လည်း ယခုတော့ မအောင်မြင်တော့။ ဒါကလည်း ကျွန်ုပ်တုတ်ကြီး၏ လှလှပပ ရင် သားသားကော့ကော့ အဆီတ၀င်းဝင်း ကျဆုံးမှု ဘာဘီကျူးမီးဖိုကြီးထဲက ညှော်နံ့သင်းသင်း တဝှေ့ဟုပင် ပြောရမလို ...။

အားလုံးသော သပုရိဿနွယ်ဝင် သူတော်စင်အပေါင်းတို့ မြစ်မင်းဧရာအတွက် ရတက်မအေး ရေးချွတ်နေကြ သလို proposal သမား project သမားများ၏ ဧရာဝတီကယ်တင်ရေး ဆင်ဖိုနီကိုလည်း ဝေးဝေးက ကြားနေ မြင်နေရသကဲ့သို့ ထိုသူအားလုံးအား လက်ညှိုးထိုးကာ ရောဂါသည်များဟု ပြောခဲ့သည့် စိတ္တဇလူသတ်သမား ၏ ပြောရဲလိုက်တာနော် အဟွန့်ဟုပင် ထိုင်ညည်းရလောက်သည့် အပြောကိုလည်း ကြားလိုက်ရပြန်၏။ သြော် ... ဂုဏ်ယူလို့ဖြင့် ကုန်နိုင်ဖွယ် တို့လူမျိုးတွေရယ်ဟုပင် မင်းသားဖိုးစိန်ကြီးအလား ဟဲလိုက်ရတော့မလို ...။

“အစိုးရတရပ်အနေနှင့် contract ကို honor လုပ်စရာမလိုဟု သက်သေပြလိုက်သည်မှာကား လစ်ဗျားနိုင်ငံပင် ဖြစ်ပါတော့၏။ အဘယ်ကြောင့်ဟူမူ ဂဒါဖီ အမြီးထောင် မြေအောင်းသွားရအောင် လုပ်နိုင်ခဲ့သဖြင့် ဖြစ်ပေ၏။”

ယနေ့အထိ တုတ်ကြီး မျိုခဲ့ စို့ခဲ့ ရိက္ခာချခဲ့သည်များမှာ မိဘထမင်း၊ အဘိုးအဘွားထမင်း၊ တောင်ပေါ်တိုင်းရင်း သားတို့၏ ထမင်းနှင့် တုတ်ကြီးနဖူးကချွေး ခြေမကျအောင် ကိုယ့်အားကိုယ့်အင်ဖြင့် ပင်ပန်းကြီးစွာ ရှာဖွေစား သောက်ရသော ထမင်းဖြစ်လို့ ပြောင်ပြောင်ရပ်တည်နေမြဲဖြစ်ပါ၏။ ကြောင်လျှာသီးလည်ပင်းပတ် သိုးဆောင်း စကားကို ငပိလက်လေးသစ်ပါးစပ်က ထွက်အောင် မပြောသည့်အပြင် ကိုယ့်ထမင်းကိုယ်မစားဘဲ လူပါးဝ တောက်ပြောင်နေလောက်အောင် သောက်ရှက်မနည်းသေးသည့် သိမ်ငယ်မှုဖြင့် ကိုယ်ယုံကြည်ရာ ကိုယ့်ရွေး ချယ်မှုနှင့်ကိုယ် ရပ်တည်မြဲဖြစ်ပါ၏။ ဂေါ်ဇီလာပြောသည့် ပြည်ပမှာ အများစုက လုပ်စားနေတာပါ ဆိုသည်မှာ မှန်လိုက်သမှ မောင်ရင်ရယ်၊ တုတ်ကြီးတို့ ပြောနေတာကြာပေါ့ဟုပင် ပြောလိုက်ပါဦးမည်။ ထို့အတူ မည်သူ့ ကိုမျှ အပြစ်မတင်လိုပါ။ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်ဖြစ်သဖြင့် သူ့ရွေးချယ်မှုနှင့် သူ့လမ်းသူရွေးသည်ဟုပင် မြင် ပါ၏။

တကယ်တော့မူ ကျွန်ုပ်တုတ်ကြီးသည် ဘုန်းကြီးကျောင်းထွက် Sr. Engineer တယောက်ဖြစ်ပါပေ၏။ ကျွန်ုပ် ၏ အဓိက အသက်မွေးဝမ်းကြောင်းသည်ကား ဧရာမစက်ရုံကြီးများ စတင်တည်ဆောက်သည့် project ကို တာဝန်ယူရသည့် Manager ဖြစ်၏။ သို့သော်ငြား ယခုအခါ ပိုမိုကျွမ်းကျင်သော၊ မိမိဥပေတံန္တု နားလည်တော် မူသော ဆိုက်ကားဘီးဖာ၊ ချဲဒိုင်ကိုင်၊ ဘောပွဲလောင်းခြင်းအလုပ်ကို စိုက်လိုက်မတ်တတ်လုပ်ရင်း ဘ၀ကိုဖြတ် သန်းမည်ဟု ဆုံးဖြတ်ချက်ချထားသောသူတယောက်ဖြစ်ပြန်ရာ မပြောမရှိ အသိပေးလိုသည်မှာကား ဆိုက် ကားဘီးဖာခြင်းကဏ္ဍတွင် ကျွန်ုပ်တုတ်ကြီးထက် ကျွမ်းကျင်သူ၊ သိရှိသူ မြန်မာပြည်လောက်တွင်မဟုတ် အ နောက်ဘက် စစ်တကောင်းနယ် ဘင်္ဂလားဒေသတွင်ပင် တုတ်ကြီးထက် ကျွမ်းကျင်သိရှိသူမရှိဟု ရဲရဲကြီး ဂုံနီ အိတ်ပေါ် ခြေပစ်လက်ပစ်ထိုင်၊ ကော်ပတ်ပတ်ထားသည့် ၀ါးလုံးတိုကို ပယ်ပယ်နယ်နယ်ကိုင်ကာ ဖာရမည့် ကျွတ်ပေါက်ကို ပေါင်ပေါ်တင်၍ ပါးစောင်မှ ကွမ်းယာကို ကလင့်စ်အိဝုဒ် ဆေးပြင်းလိပ် ပါးစပ်ဖျားမှ ဟိုဘက် ဒီဘက်ပြောင်းသလို ညာပါးစောင်မှ ဘယ်ပါးစောင် ပြောင်းလိုက်ရင်း ပြောလိုက်ပါဦးမည်။

ဂျေ ဂျီ စကော့၊ ဘာတီးလင့်တနာ၊ မာတင်စမတ် မှစ၍ ရောဘတ်တေလာ (နေ၀င်းမောင်၊ တင်မောင်မောင် သန်း၊ ကျော်ရင်လှိုင်တို့နှင့် နသားပါယားလုပ်နေသူ) တို့ သိသည်ဆိုသော မြန်မာ့အရေး၊ တိုင်းရင်းသားအရေး တို့အား တကယ်တမ်းတော့ မြန်မာပြည်ဖွား ရှမ်း-ကုလားစပ် မိခင်နှင့် တရုတ်-ကရင်စပ် ဖခင်မှ ရာမဒန်အပြီး အစ်နေ့တွင် ပဋိသန္ဓေ တိတ်တိတ်ပုန်းတည်၍ ခရစ်တော်ကို ပစ်ခတ်လေးစားကာ သံဗုဒ္ဓေဂါထာကို အားကြီး ရွတ်ဖတ်တတ်သော ၀လူမျိုး တုတ်ကြီးတို့သိသလောက်မသိဟု ပြောပြန်လျှင် လွန်ရာမကျပေဘူးလော။ အ ထင်မကြီးလိုက်ပါနှင့်၊ အထင်ကြီးမလားဟူသော မျှော်လင့်ချက်ဖြင့် ရမ်းပစ်လိုက်ခြင်းသာ ဖြစ်ပါတော့၏။ တ ကယ်တော့ ကျွန်ုပ်တုတ်ကြီး ဘာမှမသိပါ။

ဧရာဝတီဆည်သည်ကား တကယ်တော့ မြစ်ဆုံတခုတည်းမဟုတ်။ အမှန်တကယ်တွင် ဆည်ပေါင်း ၇ ခုရှိမည် ဖြစ်၏။ ထိုဆည်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တိုင်းပြည်နှင့်လူမျိုး တိုင်းရင်းသားပေါင်းစုံ ပြည်သူလူ ထုအတွက် မည်ကဲ့သို့သော ရေရှည်အကျိုးအမြတ်မျှ မရှိဟု ကျွန်ုပ်တုတ်ကြီးမှ လေးလေးနက်နက် ပြောလို သည့်အပြင် စိတ္တဇလူသတ်သမား ပြောသည့် ဒေါ်လာ ၁.၄ သန်း အကုန်အကျခံ၍ လေးနှစ်ကြီးများ လေ့လာ ထားပြီးပြီဆိုသည့် EIA report ဆိုသည်မှာလည်း စိတ်ကြိုက် ကြည့်ကောင်းကြားကောင်းအောင် ပြင်နိုင်ခွင့်ရှိ သည့် report ဖြစ်သည်ဟု ပြောလိုပါသည်။ စကတည်းက site survey လုပ်သည့် ကုမ္ပဏီများအနေဖြင့် terms and conditions တွင် EIA report နှင့်ပတ်သက်၍ ငှားရမ်းသည့် ကုမ္ပဏီဖြစ်စေ၊ အစိုးရဖြစ်စေမှ စိတ် ကြိုက်ပြင်နိုင်ခွင့်ရှိသလို assessment လုပ်သော ကုမ္ပဏီမှ အပြင်ထုတ်ခွင့်မရှိဟူသော သဘောတူညီချက်အ ရ အလုပ်လုပ်ကြခြင်းဖြစ်ပါသည်။ မယုံလျှင် ထိုကုမ္ပဏီကို ဆက်သွယ်မေးမြန်းကြည့်ပါ။

ဟိုက်ဒရိုလိုဂျီက ဘာဖြစ်တယ် ဒမ်က ဘာဖြစ်တယ် ဆဲဗင်းပါဆင့်က ဘာဖြစ်တယ်ဟု ကြားဖူးနားဝ ဘိလပ် လိုတွေ ဟောက်စားလုပ်ကာ စွတ်ပြောရင်း ပရိသတ်နှင့် တိုင်းပြည်ကို တံတွေးဖြင့် ထွေးသူ၏ ဟောက်စား လုပ်မှုအောက်တွင် လျော့တိလျော့ရဲ ပြန်ဆွေးနွေးနေခြင်းဖြင့်ကတော့ လွယ်မည့်ဇာတ်မဟုတ်။ သူပြောသလို သိုးဆောင်းလို ခပ်ရှင်းရှင်း ပရီဆိုက်စလီး ပြန်ပြောရလျှင်ဖြင့် “EIAs are made to justify the project and not to stop the the project.” အမယ်မင်းရယ်တဲ့မှ အမယ်မင်းဟုပင် ဆန္ဒန်ဆင်မင်းဇာတ်ခင်းကာ လဥ ခါ ချဉ်ကိုက်သလို ထပ်မံ၍ ဇာတ်သံနှောကာ နတ်ကတော်အထာဖြင့် ပြန်ကြားရေးဝန်ကြီးလို ငိုပြလိုက်ရလျှင်ဖြင့် ကျော်မကောင်းကြားမကောင်း ဖြစ်ပေဦးတော့မည်တမုံ့။

ပြောလိုက်ပါမည်။ ရှေးအခေါ် ကမ်ပူးချား၊ ယခုတော့ ကမ္ဘောဒီးယားပေါ့လဗျာ။ အဲဒီတိုင်းပြည်တွင် ဆည်များ ဆောက်ပြီးသကာလ ၂၀၀၃ ခုနှစ် စစ်တမ်းအရ အသက်ငါးနှစ်အောက် ကလေးများ၏ လေးဆယ့်ငါးရာခိုင် နှုန်းသည် malnutrition နှင့် underweight ဖြစ်နေကြကြောင်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်နည်း။ ပညာ ရှင်အစစ်များ၏ dissertations များ၊ reports များကို ရှာဖွေလေ့လာကြည့်ပါ။

ထိုင်းနိုင်ငံတွင် ယခု မြန်မာပြည်တွင်ဆောက်မည့် ဆည်ကဲ့သို့ ဆည်ဆောက်မည်ဟု မည်သည့်နိုင်ငံရေးသမား မျှ မကြုံးဝါးရဲ။ ထိုင်းပြည်သူလူတုက ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို သိရှိကြပြီးဖြစ်သလို ထိုင်းအစိုးရကိုယ် တိုင်ကလည်း သူကသာ အိမ်နီးခြင်းနိုင်ငံများ၏ ဆည်စီမံကိန်းများတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံမည်၊ သူ့နိုင်ငံ တွင်းမှာတော့ ဆောရီးပါပဲသာဖြစ်တော့၏။ ဘဇာကြောင့်ရယ်ဖြင့် ကလေးတွေ ထိုကဲ့သို့ ကမ်ပူးချားတွင် ဖြစ် ရပေသနည်းဟူမူ ဆည်ဆောက်သောအခါ fish ladder ဆိုသည့်ဟာကြီး ထည့်ဆောက်ရပါသည်။ ထို fish ladder ကို ငါးသေးငါးမွှားကလေးများ မတက်နိုင်တော့။ ငါးသေးငါးမွှားလေးများ မတက်နိုင်သဖြင့် ငါးသေး ငါးမွှားများနှင့် ငါးပိ၊ ငါးသေးခြောက်တို့ကို အားပြုစားရသော မိသားစုများ အာဟာရပြဿနာ ဖြစ်လာပါ၏။ ငါး ကြီးများကရောဟု မေးလာလျှင် ငါးကြီးများက ဈေးကွက်သို့ ရောက်သဖြင့် ၀ယ်စားနိုင်သူကို ရောင်း၍ ၀ယ် စားနိုင်သည့်သူများသာလျှင် ၀ါးနိုင်ပါတော့၏။ အဘဉာဏ်တို့၊ ကြွက်နီတို့ ငါးစင်ရိုင်း၊ ငါးတောင်စေး၊ ငါးသလဲ ထိုး မ၀ါးနိုင်တော့။ ဆကာကြီးဈေးမှ အဟုတ်တို့၊ အကောင်းတို့၊ ၀မ်ချောင်းတို့သာ စားနိုင်ပါတော့၏။ ဆည် ဘေးစိမ်းလန်းလာသည်ဆိုသည့် စကားပြောသူများ သိထားသင့်သည်မှာ ဆည်ဘေးစိမ်းလန်းလာသလို ထို ဆည် decommission မဖြစ်မချင်း ဆည်ပေါက်ထွက်၍ ဆည်အောက်မှ မြို့ ရွာများ မသာကြိတ်ကြိတ်တိုး ပေါ် သွားနိုင်သည့် အန္တရာယ်ကိုလည်း တောက်လျှောက်စိုးရိမ်နေရမည်ဖြစ်သလို ထိုဆည်ကြောင့် ecology ပျက် စီးရမည့်အလားအလာအား ရှေ့ရှေ့ကသူများနှင့် နောက်ရေးမည့်သူများ ရေးသွားကြ ရေးကြမည့် စာများတွင် ဖတ်ကြပါကုန်။

အသို့ဆိုလျှင် ထိုဆည်စီမံကိန်းကို ဘယ်လို နောက်ဆုတ်အောင် ကြံဆောင်ကြမည်နည်း။ တခြားနည်းလမ်းမ ရှိ။ ဘယ်အစိုးရတက်တက်၊ ဒေါ်အောင်ဆန်းစုကြည် ပန်းတွေတပွေ့ကြီး ပန် ပန်၊ အခု လွှတ်တော်တက်နေတဲ့ တကောင်ကောင်ဆီက အချိတ်ထမီကြီး ငှားဝတ် ၀တ်၊ မိုက်ခွက်ကြီးကိုင်၍ လွှတ်တော်ကြီးတခုလုံးကို အိုက် တင်ပေးကာ မိန့်ခွန်းတွေ ပြောနေ ပြောနေ၊ contract ကို honor လုပ်ရမည်မှာ အစိုးရတရပ်၏ obligation ဖြစ်ပါသည်။ အစိုးရတရပ်အနေနှင့် contract ကို honor လုပ်စရာမလိုဟု သက်သေပြလိုက်သည်မှာကား လစ်ဗျားနိုင်ငံပင် ဖြစ်ပါတော့၏။ အဘယ်ကြောင့်ဟူမူ ဂဒါဖီ အမြီးထောင် မြေအောင်းသွားရအောင် လုပ်နိုင်ခဲ့ သဖြင့် ဖြစ်ပေ၏။

သို့မဟုတ်လျှင်မူကား ရန်ကုန်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်း၊ ဧရာဝတီမြစ်နှင့် နောင်လာလတ္တံ့သော စီမံကိန်း များ၊ စာချုပ်များအား honor လုပ်ရပါမည်။ နိုင်ငံသားတရပ်လုံး စားသုံးရသော အကျိုးအမြတ် အသီးအပွင့် များဖြစ်သဖြင့် honor လုပ်ရသည်ဆိုလျှင်လည်း တမျိုးပေါ့။ ခုတော့ အခြားရေနံရောင်းရငွေ၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းရောင်းရငွေ၊ ကျောက်မျက်ရတနာရောင်းရငွေတွေ အသာထား၍ ဓာတ်ငွေ့ရောင်းရငွေ အမေရိကန်ဒေါ်လာ ကိုးဘီလီယံဆိုသည်မှာ တိုင်းပြည်မှ နိုင်ငံသားများအနေဖြင့် ကြားသာကြား၍ ခါးချိ ကြုံ လှီ လူစဉ်မမီရသည့် အနေအထားတွင် ဘယ် contract က ဘယ် agreement က ပို၍ အရေးကြီးပါသနည်း။ ဒါက တကြောင်းပေါ့ဗျာ။

ခုအချိန် ဒီမိုကရေစီအင်အားစုများ တကယ်လုပ်ရမည်မှာ ပါတီတည်ဆောက်ရေး၊ ပြည်သူလူထုနှင့် တသား တည်းဖြစ်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်မှန်သော နားလည်မှုရှိရေး၊ ပြည်တွင်းမှ နိုင်ငံရေးအင် အားစုများအားလုံး၊ အကြောင်းကြောင်းကြောင့် မြေအောက်ရောက်ရသော နိုင်ငံရေးအင်အားစုများအားလုံး နှင့်တကွ တပ်မတော်၏ ဒီမိုကရေစီလိုလားသည့် အများစုကြီးနှင့် လက်ရည်တပြင်တည်းဖြစ်ရေး၊ တိုင်းပြည် တည်ဆောက်ရေး (Nation building) ကိစ္စရပ်များထက် ယခုအချိန်တွင် မည်သည့်ကိစ္စမျှ အရေးမကြီး။ ဒစ်ပ လိုမေစီအိပ်မက်တွေနှင့် တွက်ချက်မှုလွဲချော်ခြင်းတို့သည် နိုင်ငံသားအားလုံးအတွက် ဧရာဝတီပြဿနာနှင့် တန်းတူ အန္တရာယ်ကြီးသော ပြသနာဖြစ်ပါပေတော့၏။ ထိုနည်းတူ ၈၈ မျိုးဆက်ကျောင်းသားများဆိုသည်မှာ ကား တိုင်းပြည်၏ စစ်မှန်သော ဒီမိုကရေစီရေးအတွက် another parallel force တခုဖြစ်သည်။ ထိုသူများ၏ အများစုသည် ယခုအချိန်ထိ အကျဉ်းထောင်များထဲတွင် နှစ်ရှည်ထောင်ဒဏ်များကျခံနေရသည် ဆိုသည်ကို လည်း အမ်ဖဆိုက်လုပ်လိုပါ၏။ (တံတွေးစင်လျှင် ခွင့်လွှတ်ကြပါကုန် ယခုတလော သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းများ နားထောင်မိပြီး အကျင့်ပါသွားခြင်းကြောင့်ဖြစ်ပါ၏)

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုအခါ သူမကို ယုံကြည်ပါဟု ပြောလာသဖြင့် ကျွန်ုပ်အနေဖြင့် လည်း နဂိုကမျှ အားကြီးလေးစားမိသည်ကလည်းရှိသည်နှင့်အညီ (အမေက၊ မာမီက၊ တီတီက၊ ဒို့ တီစုကဟု အမြဲမဏ္ဍပ်တိုင်တက်သော ငတများကို သောက်မြင်ကပ်မြဲကပ်ပါကြောင်း) လေးစားစွာဖြင့်ပင် ဒီမိုကရေစီနေ့ မိန့်ခွန်းကြီးကို နားထောင်ရင်း ပြီးခဲ့သည့်ရက်မှ ဒေါ်အောင်ဆန်းစုကြည်က အချက်ပေးနေပြီဆိုသည်ကို သတိ ရမိသည်နှင့်အညီ ပြာပြာသလဲဖြင့် ကျွန်ုပ်တုတ်ကြီးတို့ရပ်ကွက်အစွန်မှ ချဲနံပါတ်ပေးသည်ဆိုသည့် အရူး၏ အ ရိပ်အခြေကို အကဲခတ်ကာ အတိတ်စိမ်းကောက်ရန်အတွက် ဖာပြီးစ ဆိုက်ကားပေါ် လွှားကနဲ တက်ခွကာ တက်တက်ကြွကြွ နင်းချလိုက်မိပါတော့၏။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

8 comments:

min nay said...

အကိုတုတ်..ရေးသမျှ တစ်တစ်ခွခွနဲ့...ပြီးပြည့်စုံ..စိတ်အာရုံတကယ်ငြိ...ထိသဗျ...ဒါပေမယ့်..တခါတခါမှ ပေါ်လာ..နတ်ပြည်နတ်နန်းမှာ...သိပ်လဲလန်းမနေနဲ့ဦး..အကျွန်တို့ ပြည်အခင်း...ဘဝင်ရှင်းအောင်...လင်းစမ်းပါဦး....
လေးစားတဲ့
စံနေမင်း

* said...

တရားမဝင်တဲ့ အစိုးရဆီမှာ တရားဝင်မှု ဆိုတာ
အလိမ်အညာပဲ ရှိတယ်။

La said...

နောက်ဆွဲ စုကြည် ကတော့ ဧရာဝတီ ကြေညာချက်လေး ထုတ်ပြီးတာ နဲ့
တာဝန်ကျေသွား ပြီ
လထူ ခေါင်း ဆောင်ကြီး က ဒါ လော က်ပဲ အရည်အချင်း ရှိရှာ တယ်

* said...

ငြိမ်းချမ်းရေးမိခင် စုကြည်က မြန်မာ့ တပ်မတော်ကို အပစ်ရပ်ဖို့ တစ်ခွန်းမှ မဟ ဘူး။ သိန်းစိန်နဲ့ ပုလင်းတူဘူးဆို့ ဖြစ်သွားပြီနဲ့ တူပါတယ်။

ABC said...

ဒေါ်စု ဘာလုပ်လုပ်ကောင်းကောင်း ဆိုးဆိုးထောက်ခံတဲ့ ဒီမိုတွေကိုတော့ စိတ်ညစ်မိပါကြောင်း၊

ဒုတိယပင်လုံဆိုတာလဲ ခဏပဲ၊ ငြိမ်သွားပြန်ပြီ၊ ဧရာဝတီ ဆိုတာလဲ ကြေညာချက်လေးထုတ်ပြန် တာနဲ. ပြီးသွားပြီလား၊

ရင်လပ်ကို အနီရောင်ဝတ်ထိုင်းများက ထောက်ခံလို. အာဏာရခဲ့သလို သူမကလဲ အဲဒီ့အနီရောင်ဝတ်တဲ့သူများ ဖြစ်စေချင်တာကို တတ်နိုင်သလောက် လုပ်ရမှာပေါ့၊ မြန်မာပြည်မှာလဲ ၈၈ အရေးတော်ပုံမှာ ခေါင်းဆောင်မရှိလို. ဗိုလ်ချုပ်အောင်ဆန်းသမီးမို. တိုင်းပြည်အတွက် ကောင်းတာလုပ်မှာပဲ ဆိုပြီး ပြည်သူတွေက တခဲနက် ထောက်ခံခဲ့တာမဟုတ်ပါ လား၊

တစ်ချို.က ပြောတယ်၊ အချိန်စောင့်ပါ၊ လွယ်တဲ့ကိစ္စမဟုတ်ဖူးပေါ့၊ ကျွန်တော်တို.က လဲ သိတာပေါ့ဗျာ၊ မလွယ်တဲ့ ကိစ္စမှန်း၊ ပြည်သူတွေရဲ့ ထောက်ခံမူကိုရထားတာပဲ၊ လုပ်စရာရှိတာပြတ်ပြတ်သား သားလုပ်ပေါ့၊

လွယ်တဲ့ကိစ္စဖြစ်မှတော့ သူမကိုခေါင်းဆောင်တင်မဲ့အစား လမ်းဘေးက ခေါင်းရွက်ဗျက်ထိုး ကုန်စိမ်းရောင်းတဲ့ မိန်းမတစ်ယောက် ကိုခေါင်းဆောင်တင်လိုက်မှာပေါ့၊

Tin Min said...

ကျုပ်တို့ မြန်မာတွေ ကိုယ့်ကိုယ်ကိုအားကိုးချင်စိတ်အင်မတန်နည်းတယ်၊ တဆိတ်ရှိဒေါ်စု ကိုဘဲ အားကိုးနေကြတယ်၊ အီဂျစ်၊ တူနီးရှား ယီမင် လစ်ဗျားဘယ်လိုပြောင်းသွားလဲ ဘယ်သူတဦးတယောက်ကိုမှခေါင်းဆောင်တင်ပြီးအားကိုးခဲ့တာမဟုတ်ဘူး၊ လူတိုင်းကိုယ့် အလုပ်ကိုလုပ်ပြီး အာဏာရှင်ကိုဆန့်ကျင်ခဲ့ ကြတာ အခု ဧရာဝတီကိစ္စမှာ ကိုတုတ်ကြီးဆောင်းပါး ကိုနားလည်မိတာက အစိုးရ တရပ်အနေနဲ့ တိုင်းပြည်ပျက်မဲ့ ဒီကိစ္စမျိုး ကိုမှားယွင်းစာချုပ်မိရင်တောင်ပြန်ဖျက်ဖို့ မလွယ်ဘူး၊ လူထုအုံကြွပြီး အစိုးရပြောင်းအောင်လုပ်နိုင်မှ လူထုအားနဲ့ စာချုပ် ကိုဖျက်လို့ ရမယ်လို့ နားလည်တယ်.တကယ်လဲစာချုပ် ကိုဖျက်ချင်ရင် ဒီတနည်းပဲ ရှိတော့တယ် အခုချက်ချင်း ကိုယ် တတ်နိုင်သလောက် ဆန့်ကျင်ကြမှဧရာဝတီအသက်မီရုံရှိမယ် အခုတောင် မြစ်ဆုံမှာ တောင်တွေကတုံးဖြစ် တောတွေပြုန်းဖြစ်နေပြီ

ဂျိုး said...

http://www.naytthit.net/?p=19686#comment-3894
စာပေဖခင်ကြီး သခင်ကိုယ်တော်မှိုင်းကတောင် အရင်ဘိလပ်သွား ဇာတ်လမ်းမျိုးဖြစ်မှာပဲလို့ယူဆပြီး ဗိုလ်ချုပ်အောင်ဆန်းကို မင်း ဆရာလား၊ ငါဆရာလားဆိုပြီး ဟောက်သေးတယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်က ဆရာရယ် ကျနော့ကို တနှစ်တော့ အချိန်ပေးပါ။ တနှစ်အတွင်း လွတ်လပ်ရေးမရရင် ဆရာပြောသချင်သလို ပြောပါ၊ အခု ဆရာပြော မယ်ဆိုရင် တခြားသူတွေပြောတာနဲ့ မတူဘူး။ အကျိုးသက်ရောက်မှုကြီးတယ်။ (စကားရင်းမဟုတ်ပါ။ မိမိနားလည်သလို ရေးတာ) လို့ တောင်းပန်လို့ ဆရာကြီးက အောင်ဆန်းကို လုပ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

သခင်ကိုယ်တော်မှိုင်းရှိရင်လည်း အရူးမ မစုလို့ပြောမှာဘဲ။ သူ့အဖေအောင်ဆန်းက ၁ နှစ် အချိန်ပေးပါလို့တောင်းပန်ခဲ့သလို။ ဒေါ်စုကရော ဘယ်နှနှစ် အချိန်ပေးပါလို့ လူထုကိုပြောမှာလည်း။

အထိကပြသနာက သူမဘယ်သူ့ကိုမ ကတိမပေးရဲတဲ့ ကိစ္စပါ။

ကြုံတုန်းအသိပေးပါရစေ ဒေါ်စုကို ပွန်းလေးတကောင်လို အသုံးချနေတဲ့ နိုင်ငံရေးသမားတွေ အဖွဲ့တွေအများကြီးပါ။

စောင့်ကြည့်ကြပါ နောက်ဆယ်နှစ်အတွင်း အာဏာရှင် ပပျောက်ရမယ်လို့ပြောပါ ပြည်သူတွေ အင်တိုက်အားတိုက် ထောက်ခံလိုက်မယ်ဖြစ်ချင်း။

လူထုခေါင်းဆောင်က အခုတော့ အင်ဖေါ်မေးရှင်းတွေ အကုန်ရထားတာတောင် ပြည်သူကို ၀မ်းသာတဲ့သတင်းမျိုး မပြောရဲတာ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာပါ။

ကိုယ်လုပ်ချင်တာလုပ်ပြီး ပြည်သူကိုထောက်ခံကြပါပြောရင်တော့ ပြည်သူက ခံလာရတာများတဲ့ အတွေ့အကြုံရင့်နေသူတွေ ဖြစ်နေပါပြီလို့ ပြောလိုက်ပါရစေ။

ဒေါ်စုနဲ့ အင်အယ်ဒီ ဟာ အတူတူဘဲလား ဆိုတာလည်း ကြုံတုန်းမေးခွန်းထုတ်ပါရစေ။ သိန်းစိန်တို့ ဒေါ်စုကိုလက်ခံတွေ့တာ အောင်ဆန်းစုကြည် အနေနဲ့လား အင်အယ်ဒီခေါင်းဆောင် အနေနဲ့လားဆိုတာ ဒေါ်စု ပြည်သူကို ပြတ်ပြတ်သားသား တောင် မပြောနိုင်ဘူးမဟုတ်လား။

အဓိပ္ပါယ်ရှိတာတွေ ဘာတွေလုပ် နေပြီလည်းဆိုတာ စောင့်ကြည့်နေပါ့မယ်။

နောက်ထပ် ၂၃ နှစ်ကြာရင် ဒေါ်စုမှာဘာအကြံတွေ ထပ်ပေါ်အုန်းမလဲပေါ့။

ကိုကိုတုတ်ရေ ဒီလိုမျိုးတွေမျာများရေးပါဗျာ။

ဘောပွဲမှာ တယောသွားထိုးတဲ့ဒေါ်စု ကို ပြည်သူတွေစောင့်ကြည့် ထောက်ခံကြပါ။

ပြည်သူတွေမှားခဲ့ပါတယ်။ အဖေတူသမီးဖြစ်မယ်ထင်ခဲ့တာ။ စစ်အာဏာရှင်တွေကို ဆန့်ကျင် ဖြုတ်ချမယ်ထင်ခဲ့တာ။ အခုတော့ စစ်အာဏာရှင်တွေအကြိုက်လုပ်နေပါပြီ။

ကိုယ်တိုင် အတွေးအခေါ် တော်လှန်ရေးလုပ်သင့်တဲ့ ဒေါ်စုဖြစ်နေပါပြီ။ ဒေါ်စုဟာ အင်အယ်ဒီခေါင်းဆောင်မဟုတ်တော့ဘူး လူထုခေါင်းဆောင်လည်းမဟုတ်တော့ဘူး
ကိုယ်တပ်ကိုယ်ပြန်နင်းတဲ့ ဒေါ်စုဖြစ်နေပါပြီ

ဂျိုး

Maryar said...

အတိတ်မည်းနဲ့ အိပ်တော့မောင်..