မြစ်ရေစီးသံ နာခံလော့
ရဲဘော်ကျော်သန်း
ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှပဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့၊ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင်တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင် နာကြီးရဲ့ခရီးကို ပရိသတ်အပေါင်းက မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေလိုက်တာ ကင်တားနား လည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။
ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စား လှယ်တော်ကြီး ဂမ်ဘာရီလက်ထက်ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ်ဘာရီ လာမယ်၊ ထူး မယ်၊ ဂမ်ဘာရီ ပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ်ဘာရီသာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံး သွားတယ် ဘာမှထူးမလာဘူး။ အခု ကင်တားနားလည်း ရယ်စရာမောစရာနဲ့ပဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြမယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာ တဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲ ဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။
ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ် ...။
ကြက်တူရွေးလွှတ်တော်ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး (အရပ်ဝတ်)ရွှေမန်းတို့၊ ခင်အောင်မြင့်တို့က နိုင်ငံရေးအကျဉ်း သားတွေကို လွှတ်ချင်ပါတယ်။ အခုတော့ မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မ ရှင်နာကြီးကို ပြောလိုက်သတဲ့။ ၂၃ နှစ်ရှိနေတာတောင် အခြေအနေတွေက မကောင်းသေးဘူးလား။ သူတို့ အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှမတူအောင် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင် ကြီးတွေရဲ့စကားတွေ ဘယ်ပျောက်ကုန်ပြီလဲ။ ကြက်တူရွေးဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ် မယ်ဆိုတော့ အခုက အခြေအနေမကောင်းသေးဘူးလို့ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒါဆို အဘက်ဘက်က ဘယ် ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ ပြောခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ လိမ်တာပေါ့။ မတူတာတွေ ဘေး ထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲလား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေမလဲ။ ဒါလည်း နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါလို့ ပြောဦးမယ်ထင်ပါရဲ့။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာ ဘွဲ့တံဆိပ် တွေ အပြည့်ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ် ပေးပြီးရင် လမ်းမတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့ အာမခံမှ လွှတ်ပေးမယ်လို့ ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ် ...။ ကံကုန်ခါနီးတော့ ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာက စခဲ့တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကို ကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသ ဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင် မစဉ်းစားနိုင်ကြရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲနိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ ကလေးကို ရိုက်ပြီး အရိုက်မခံချင်ရင် မငိုနဲ့လို့ ပြောသလိုဖြစ်နေ ပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော်အကြီးအကဲများ ဆိုတာ ...။
ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင်အာ မခံပေးမလားလို့ မေးရဲ ပြောရဲသလို သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမားဆိုသူ များကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေအကြိုက် နိုင်ငံ ရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်းသုံး ပြီး အသနားခံကြမယ်ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင် ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထား ခံရသူဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် ကမောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မ ကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ်လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။
ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့ စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦး မယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့ သင်တာလို့ ဆိုတယ်။ သမိုင်းထဲမှာ သင်္ခန်းစာယူစရာတွေ အပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးက ဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့ အတော်တူတဲ့ ကုန်းဘောင်ခေတ်က မင်းဆိုးမင်းညံ့တယောက်ပဲ။ ပြည်သူတွေဆီက အခွန်အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေကို သူ့မိဖုရားတွေက ငတ်နေတဲ့ ပြည်သူကို ပြန်ရောင်စားတဲ့ သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှ ထည့်မစဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စား မူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်း ဖြည့်ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလားဘိုင်ဆတ်ကို မြို့ဝန် ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းသူပြည် သားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံး သူကိုယ်တိုင် အမိန့်ထုတ် သတ်ပစ်ရတယ်။ အခု စစ်ဗိုလ် ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာပေးထား တာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမယ့်သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ် ရမယ့်သူတွေကို ထောင်ထဲထည့်နဲ့ တကယ့်ကိုကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရ တယ်။ ပြည်သူပြည်သားတွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံ မင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။
အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာ ဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်း ကျန်သေးရင် ပုဂံမင်းအဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမယ့် အချိန်ပဲဖြစ်တယ်။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပက အသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည် သာနှစ်လိုလို့ ပေါင်းနေတဲ့ မိတ်ဆွေတယောက်မှမပါဘူး။ သူတို့ လိုဘတခုတည်းအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ အသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတ ခါ တိုင်းပြည်နွံနစ်ရင်တော့ ကမ္ဘာ့သုဉ်းတဲ့အထိ ကျွန်ဖြစ်ကြဖို့ပဲရှိတော့တယ်။ နိုင်ငံရေးအကျပ်ဆိုက်လာမှ ဟို လူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိကဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံး ဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေး ကလိန်ကကျစ် မျက်လှည့်ပွဲတွေ ရပ်သင့်ပါပြီ။ မင်းမှာ သစ္စာ လူမှာ ကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါ ပြီ။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆို တာ နည်းနည်း အကင်းပါးတဲ့သူတိုင်း မြင်ပါတယ်။ သူတို့ခြေလှမ်းက ၈၈ အရေးအခင်းပြီးစမှာ လူမျိုးစုလက် နက်ကိုင်အဖွဲ့တွေကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းက ဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက် ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းက အင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူ မျိုးစုလက်နက်ကိုင်အဖွဲ့တွေကို အာရုံစိုက်ချေမှုန်းဖို့ ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားက ဒီတခါ အသုံးမဝင် နိုင်တော့ဘူး။ ခေတ်က ပြောင်းသွားပြီ။ လူထုဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာလို့ အင်အားစုတွေ တခုနဲ့တခုအကြား သတင်းဆက်သွယ်အမြင်ဖလှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်း မှာ နှစ်ခါချောင်းတဲ့ မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့် သားကောင်က စစ်ဗိုလ်ချုပ်တွေ တင်မကပဲ တိုင်းပြည်နဲ့လူမျိုးပါ ရောပါသွားမှာပဲ။
နောက် အာရပ်ကမ္ဘာက စလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကို ရိုက်ခတ်ပြီး လူထုအုံကြွမှာကို ကြောက်တယ်။ စစ်တပ်အောက်ခြေအများစုကလည်း အရင်လို ခိုင်းမရတော့မှာကို သိနေတယ်။ ဒါဟာ မြစ် တစင်းထက် အင်အားပြင်းတဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကို ပိတ်ဆို့လို့ ရကောင်းရမယ်။ ၂၃ နှစ်တိုင် တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင် ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့်သာဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဖို့ လိုပါတယ်။
ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့ နောက်တချက်က စစ်အုပ်စုဟာ တဘက်မှာလည်း အတုအယောင်ရွေးကောက် ပွဲက ထင်သလောက်ခရီးမပေါက်ဘဲ နိုင်ငံတကာဝင်ဆံ့ဖို့ အကြံမမြောက်ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာ ရဖို့ဆိုတာ ဒီအကြံအစည်ရဲ့ပထမခြေလှမ်းပဲ။ ဒီကတဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက် ဆုံး အရေးယူပိတ်ဆို့မှု ဆန်ရှင်တွေ ရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူး ဆန်ရှင်ပြုတ်စေချင် တာကလည်း တိုင်းပြည်နဲ့လူမျိုးအကျိုးထက် သူတို့ အတ္တအကျိုးက ပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့ နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီး ဗိုလ်နေဝင်းနဲ့ နိုင်ငံတကာက အာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန်ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံး စားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာဖြစ်တယ်။
အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကျပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂတ်ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာပြည်ကို ဝိုင်းဝန်းကယ်တင်စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့၊ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်း ကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူတွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ် လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။
လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘော တူညီမှုတွေနဲ့မှသာ ဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှုတွေကို တောင်းဆို၊ ပြေလည်ချင်ဇောနဲ့ သဘာဝမကျတဲ့ လိုက်လျောသဘောတူညီမှုတွေဆိုတာ သမမျှတမှုမရှိတဲ့ အ ပေးအယူညိနှိုင်းသဘောတူမှုတခုပဲဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲက ရ လာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည်အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုးရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက် စပ်ပြီး အောက်ကအတိုင်း ပြောခဲ့ပါတယ်။
“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူကျောရိုးကိုတော့ အပေးအယူလုပ် လို့ မရဘူး။ အခြေခံမူကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုးဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်းဖြစ်တယ်။”
“All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.”
ရဲဘော်ကျော်သန်း
၂၉၊ ၈၊ ၂၀၁၁
1 comment:
"Paungchaingyi ye' sagar makyaryadar kyarpyi. Kaung layswa, Kaung layswa". Carry on Yebaw Pe Than.
But the problem is the generals of our country are not human. So they cannot understand human language. What should we do? What could we do?
Post a Comment