ကာတွန်း ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်မှ ...)
ကျော်ဆန်းကိုသာ ပေးလိုက်ပါ
အာဖျံကွီး
အာဖျံကွီး အခုပြောမယ့် အကြောင်းအရာကို မဆလခေတ်နှောင်းပိုင်းနဲ့ နအဖခေတ်မှာ ကြီးပြင်းလာတဲ့သူတွေ ယုံချင်မှယုံကြမှာပါ။ ဒါပေမယ့် မယုံရင်လည်း ပုံပြင်လို့တော့ မမှတ်လိုက်ကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ ဘာ ဖြစ်လို့လဲဆိုတော့ ပြောမယ့် အကြောင်းအရာက မြန်မာပြည်သူတွေဆီက အာဏာကို ဗိုလ်နေ၀င်းနဲ့ အပေါင်း အပါတွေ အတင်းအဓမ္မ သိမ်းယူသွားတဲ့ ၁၉၆၂ ခုနှစ်က အကြောင်းအရာ ဖြစ်နေလို့ပါ။ အာဖျံကွီးလည်း အဲဒီ ခေတ်ကို သိမီလိုက်လို့ပြောတာမဟုတ်ရပါဘူး။ အဲဒီအချိန်မှာ အာဖျံကွီးက နတ်သမီးလေးတွေ တဘက်လေး ငါးရာနဲ့ နတ်ပြည်မှာ ပျော်စံနေသလား၊ ယမမင်းဆီမှာပဲ ဆီပူအိုးကို ကူပြီး မွှေနေရသလား မင်မိုရီအောက်နေ လို့ မမှတ်မိတော့ဘူးခင်ဗျ။ အဲ … လူ့ပြည်မှာ မရှိတာတော့ သေချာတယ်လို့ မှတ်လိုက်ပါခင်ဗျာ။ လျက်ဆား ရောင်းရင်း (အဲလေ …) ကိုယ့်အကြောင်း ကိုယ်ဖောရင်း ဘေးချော်သွားတာ ခွင့်လွှတ်ပါ။ ပြောရရင် စာပေမှာ လည်း နှံ့စပ်၊ မှတ်တမ်းမှတ်ရာတွေ စုတာ၊ ဆောင်းတာမှာလည်း ၀ါသနာအလွန်ကြီးတဲ့ အာဖျံကွီးရဲ့ အဘိုးက ဓာတ်ပုံနဲ့တကွ ပြလို့ ယုံလိုက်ရတာပါ။
အကြောင်းအရာက ဒီလိုပါ။ တညသားမှာ အာဖျံကွီးက တီဗွီကလာတဲ့ ကိုးရီးယားဇာတ်လမ်းထဲ ဈာန်ဝင်နေ တုန်း ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ အဘိုးက အာဖျံကွီးကို စကားလှမ်းပြောတယ်။ “ဟဲ့အကောင် ကွီး လေး၊ မင်းအခုထိုင်ကြည့်နေတဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေ ထုတ်လုပ်တဲ့ ကိုးရီးယားနိုင်ငံအကြောင်း အဘိုး မင်းကို ပြောပြရဦးမယ်။ ရင်နာလွန်းလို့ပါကွယ်” တဲ့။ အာဖျံကွီးလည်း ဇာတ်လမ်းထဲမျောနေရင်း “ဘာများ ထူး ဆန်းလို့လဲ အဘိုးရဲ့။ အဲဒီနိုင်ငံက လူတွေလည်း ကွီးလို ထမင်းသုံးနပ်စားပြီး အီးအီးသုံးခါပဲ ပါတာမဟုတ်ဘူး လား” လို့ အဘိုးကို ကျီစယ်တဲ့အနေနဲ့ ပြောလိုက်တယ်။ အဘိုးက “ဒါတော့ ဒါပေါ့ မြေးလေးရယ်၊ အဘိုး ရင် နာရတာက ဒီလိုကွဲ့” ဆိုပြီး ဘာမှ ဆက်မပြောတော့ဘဲ ကုလားထိုင်ကနေ ထ၊ ပြီးတော့ စာကြည့်ခန်းထဲ ၀င် သွားလေရဲ့။ အာဖျံကွီးလည်း ဘာများပါလိမ့်လို့ ဇာတ်လမ်းကြည့်ရင်း တွေးနေမိတယ်။ ပြန်ထွက်လာတော့ အဘိုးလက်ထဲမှာ ၀ါကျင့်ကျင့် မဂ္ဂဇင်းတစောင် ပါလာတယ်။
အဘိုးက မဂ္ဂဇင်းကို တရွက်ချင်းလှန်ရင်း အာဖျံကွီးအနားကို ရောက်လာတယ်။ ပြီးတော့ ဇာတ်လမ်းကြည့်နေ တဲ့ အာဖျံကွီးမျက်နှာရှေ့ကို စာအုပ်အတင်းထိုးပြရင်း “ဟဲ့ ကွီးလေး၊ ဒီဓာတ်ပုံကိုကြည့်ပြီး အောက်က ပုံစာကို ဖတ်ကြည့်စမ်း” လို့ ပြောတယ်။ အာဖျံကွီးလည်း ဇာတ်လမ်းကောင်းနေတုန်း အလုပ်လာပေးတဲ့ အဘိုးကို ကျွဲ မြီးတိုသွားတဲ့ ဟန်နဲ့ “အင်းလေ၊ ၁၉၆၂ ခုနှစ်က တောင်ကိုးရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့လယ်ခေါင် လမ်းမပေါ်တွင် နွားလှည်းတစီး မောင်းနှင်နေပုံတဲ့။ အဲဒါ ဘာဖြစ်လို့လဲ အဘိုးရဲ့” ဆိုပြီး ခပ်မြန်မြန် အော်ဖတ် ပြလိုက်တယ်။ အဲဒီမှာတင် အဘိုးက ဘာဖြစ်ရမလဲ ငါ့မြေးရဲ့၊ အဲဒီအချိန်တုန်းက အဘိုးတို့နိုင်ငံရဲ့ မြို့တော် ရန်ကုန်မှာဆို မော်တော်ကားလောက်က ပျင်းတယ်၊ လေယာဉ်ပျံ တ၀ီဝီ ဆင်းနေတဲ့ မင်္ဂလာဒုံလေဆိပ်ဆို အ ရှေ့တောင်အာရှမှာ အကြီးဆုံးလေဆိပ်ကွဲ့၊ အခုတော့ ငါတို့နောက်မှာ နွားလှည်းမောင်းနေခဲ့ရတဲ့ ကိုးရီးယား နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ငါတို့က ပြန်ငေးကြည့်နေရတဲ့အဖြစ်၊ အို စဉ်းစားပြီး ရင်နာ လို့ မဆုံးဘူးကွယ် ကွီးလေးရယ်” လို့ အသံတွေ တုန်တုန်ရင်ရင်နဲ့ ပြောတော့ အာဖျံကွီးလည်း မခံချင်စိတ်နဲ့ ကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထသွားမိတယ်။
ဒါပေမယ့် ရင်ထုမနာဖြစ်နေတဲ့ အဘိုး စိတ်ပြေသွားအောင်ဆိုပြီး “အဘိုးကလည်းဗျာ၊ စစ်အာဏာရူးတွေ အုပ် ချုပ်နေတဲ့ခေတ်မှာ ရုပ်ရှင်ဇာတ်ကားဆိုလို့ တနှစ်တနှစ်ကို လက်ဆယ်ချောင်းတောင်မှ ပြည့်အောင် မထုတ် လုပ်နိုင်၊ ထုတ်လုပ်တဲ့ ဇာတ်ကားတွေကျပြန်တော့လည်း ကလိထိုး ရယ်ခိုင်းတဲ့ ဟာသကားတွေက များနေ တော့ အခုလို ဇာတ်လမ်းကောင်း၊ ဒိုင်ယာလော့ခ်ကောင်း၊ အမူအရာကောင်းတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲ တွေကို ကွီးတို့ ငေးမိတာ အပြစ်လား အဘိုးရဲ့” လို့ လျောက်လှဲချက်ပေးလိုက်တယ်။ အဘိုးက “အေးလေ အဲ ဒါကြောင့်မို့လည်း အဘိုးက ရင်ထုမနာဖြစ်ရတယ်လို့ ပြောတာပေါ့ကွဲ့ ကွီးလေးရဲ့။ တကယ်ဆို ကိုယ့်မြန်မာ ဇာတ်လမ်းတွေကိုသာ သူတို့က ငေးကြည့်ရတဲ့ အနေအထားမျိုးဖြစ်ရမှာကွဲ့။ ဗိုလ်နေ၀င်းနဲ့ န၀တ/နအဖစစ် ဗိုလ်တွေ တိုင်းပြည်ကို ဖျက်ဆီးတာနဲ့ ဒီလိုဖြစ်ရတာ အဘိုးတော့ ရင်နာလို့မဆုံး ဖြစ်ရတယ်ကွယ်” လို့ စိတ် ပျက်လက်ပျက် လေသံနဲ့ ညည်းပြောပြောရင်း ကုလားထိုင်မှာ ပြန်ထိုင်သံကို ကြားလိုက်ရတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီး ဟူးကနဲ မှုတ်ထုတ်သံကိုလည်း တဆက်တည်း ကြားလိုက်ရတယ်။
သက်ပြင်းချသံအဆုံးမှာ အာဖျံကွီးက “အဘိုးရေ ဒီနှစ်လည်း မကြာခင် ဒီဇင်ဘာလကုန်ဆို အကယ်ဒမီဆုပေး ပွဲက ကျင်းပရတော့မယ်။ ကားတော်တော်များများက ဟာသကားတွေဖြစ်နေလို့ အကယ်ဒမီပေးဖို့ အခက် တွေ့နေတယ်တဲ့။ အဲဒါကြောင့်မို့ မပြီးတပြီးဖြစ်နေတဲ့ ဒရာမာကား တကားနှစ်ကားကို အတင်းတက်သုတ်ရိုက် ပြီး ရုံတင်ခိုင်းနေရတယ်တဲ့။ အကယ်ဒမီပေးစရာ ဇာတ်ကားရှိအောင်လို့တဲ့လေ” လို့ ပြောရင်း တဟားဟားနဲ့ ရယ်လိုက်မိတယ်။ ရယ်လို့အပြီးမှာ ဇာတ်လမ်းကြည့်ရင်း ဆေးပေါလိပ်ဖွာရင်း အာဖျံကွီးတို့ မြေးအဖိုး နှစ် ယောက် ပြောဆိုနေကြတာကို တချိန်လုံး နားထောင်နေတဲ့ အဘွားက တချက်ဝင်ပြောလိုက်တယ်။ အဘွား ၀င်ပြောလိုက်မှပဲ အဖိုးပါ ထရယ်ပြီး သုံးယောက်သား တ၀ါးဝါးနဲ့ ဆူညံသွားတော့တယ်။
အဘွား ၀င်ပြောလိုက်တဲ့ စကားကတော့ “ဟဲ့ အလှည့်ကျစနစ်နဲ့ အကယ်ဒမီပေးနေတာ၊ မရဖူးတဲ့ မင်းသမီး မင်းသားရယ်လို့မှ မရှိတော့ပဲ၊ အဲဒီတော့ ပေးစရာ ဇာတ်ကားမရှိရင်လည်း သတင်းစာရှင်းလင်းပွဲမှာ အမူအရာ အမျိုးမျိုး လုပ်ပြနေတဲ့ ကျော်ဆန်းကိုသာ ပေးလိုက်ပါကွယ်၊ ကြည့်ရတာ စိတ်ဆင်းရဲလွန်းလို့” ပါတဲ့။
အာဖျံကွီး
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှ ...)
1 comment:
ဟားဟားဟား အဖွားပြောတာမှန်တယ် သူ့ကိုပဲပေးလိုက်။
Post a Comment