သည်ဖိုးချမ်းအန်းသည်ဆီး ပြောပြတဲ့မြို့
မားဆိုး
သူများတွေ တ‘မြို့’တည်း ‘မြို့’ နေကြလို့ ကျုပ်လည်း လိုက်‘မြို့’လိုက်တဲ့ ငါ့ရဲ့‘မြို့’ပေါ့
အဲ့သည့်မြို့ပေါ့ ...
ခေါင်းမြီးခြုံ ကုလားမတွေ လင်ကောင်ဖမ်းနေတဲ့မြို့
တံလျှပ်ဖိတ်ဖိတ်ထနေတဲ့ သဲပြင်တွေပေါ် မုတ်ဆိတ်ဖားဖားကြီးတွေ လမ်းသလားတဲ့မြို့
လိုအပ်ရင် နေမင်းကြီးကို ရပ်တန့်ထားနိုင်လောက်အောင် ချမ်းသာ
ကာဗွန်မဲ့ နည်းပညာနဲ့ အအေးဓာတ်ကို ပေးဦးမယ့်မြို့တဲ့။
လန်ချားသမားတောင် ကဗျာရွတ်တယ်လို့
ဇော် မပြောခဲ့သလို
ဘယ်သူကမှလည်း အားအားယားယား ကာရန်မစပ်ချင်တဲ့မြို့ခင်ဗျ။
“ဒီလ အိုတီ နည်းတယ်
ရုံးချုပ်က ပြောတယ်
အိုင်အက်စ်အို ၀င်မယ်
အားဂျန့်၊ အားဂျန့်၊ ယားလာ ဟာဘီးဘီ
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
ရန်ကုန်ဒေါ်လာဈေး”။
စကားလုံးတွေ လက်ပျင်းကျ ထိုင်းမှိုင်းနေတဲ့မြို့ပေါ့။
ခင်ဗျားအတွက်တော့ သေချာတယ်
ဝိကန့်ညနေတွေဆို လူဖြစ်ရကျိုးမနပ်ပါ့လားလို့ ငိုချင်းချမယ့်မြို့
ဒီကောင်တွေ သခင်စိုးနဲ့ တွေ့ခဲ့သင့်တာလို့ မချင့်မရဲ ညည်းတွားမယ့်မြို့။
ရေနံတွင်း ဖင်ခုထိုင်ရင်း “ဒေးဗစ်ဘုရင်ဟိုတယ်က ကုလားအုပ်ခြေထောက်စွပ်ပြုပ်” မှတဲ့လေ
ဂေါ်ဖီထုပ်ဟင်းရည်တခွက်နဲ့ ပါရီမြို့ကြီးမလဲနိုင်သလိုပေါ့
ရွှေလင်ပန်းနဲ့ အချင်းဆေး၊ အရှင်မွေးတော့ နေ့ချင်းကြီးတဲ့မြို့ဗျ။
ပင်လယ်က ပြောတယ် “သင်၊ ကျွန်ုပ်ကို ထားရစ်ခဲ့နိုင်ပါတယ်”
ကျောက်ဆောင်တွေက မေးတယ် “မင်းက ဘက်ဒိုးအင်ကချေသည်လား”
အာရေးဗျဓားကောက်ကြီးက အီစွပ်ပုံပြင်တပုဒ် ပြောပြတယ် “တခါကဖြစ်ပါသည် မြတ်ခိုင်”
မာရီလင်မန်ဆန်က “Gun God Government” တဲ့
ရိုင်းတယ်လို့တော့ မထင်နဲ့၊ သူ ခေါင်းခါပြလိုက်ပြီ။
ပျင်းပျင်းရှိတိုင်း သွားငေးရတဲ့ အရောင်းပြခန်းတွေ ရှိတယ်
ဘရန်းဒတ်စတန်းဘက် လစ်မစ်တက်အက်ဒီရှင်း ဆိုတာတွေ ရှိတယ်
ဂျီအမ်စီ၊ ချက်ပလက်၊ ခရိုက်စလာနောက်မြီးမှာ ၂၀၂၂ စတစ်ကာကိုယ်စီနဲ့
ဘွ ဆိုတာကို တိမ်ပြာပြာလေသာသာ ကူးခပ်နေတဲ့မြို့။
မိတ်ဆွေကြီး မင်္ဂလာမောင်မောင်ဇေယျရေ ...
ခင်ဗျားလည်း ဒီမြို့မှာရှိနေကြောင်း
ကျုပ်မမေ့ပါဘူးဗျ။
လေနီကြမ်း သဲမုန်တိုင်း
ညညဆို ... ပုဆိုးခါးတောင်းကျိုက်
ဗမာပြည်ဘက် မိုက်ကြည့် ကြည့်ပြီး
ခပ်ရိုင်းရိုင်းဆဲနေတဲ့ ကျုပ်လိုကောင်တွေရဲ့မြို့။
အေတီအမ်က ပိုက်ဆံထုတ်ဖို့တောင်
ကားပေါ်က မဆင်းချင်တဲ့ ဘူဇွာကောင်တွေရဲ့မြို့
သွေးကြီးမွေးကြီးနဲ့ အထီးလား၊ အမလား ခွဲရခက်သေး။
အလုပ်သမားရပ်ကွက်တွေ မှိုလိုပေါက်ရင်း
အရက်ဖြူမြတ်နိုးသူ၊ ဗီယက်ကောင်း၊ စီရီလန်ကာ
ဒီတနေရာလေးကို တွယ်တာလွန်းလို့တဲ့လေ
ဘီအီး ၁၀ ဖိုးနဲ့ မနက်ဖန်ကို မေ့ထားတတ်ကြသေး။
ဆီဈေး၊ ဆန်ဈေးက ၅ နှစ်အတွင်း ၂ ဆတက်လာသလို
ဒီကောင်မတွေလည်း ဗိုက်တလုံးတော့ အဖတ်တင်တယ် ပြောတာပဲ။
ဒေါ်လာ ၂၀၀ ရှိရင် လက်ဘနွန်မတယောက်နဲ့ တနာရီ အိပ်နိုင်တဲ့မြို့
တမားဂူးပြောင်းတွေ ထောင်းထောင်းထတဲ့အောက် လက်သီးလက်မောင်းတန်း
ဟောင်ဖွာဟောင်ဖွာနဲ့ အငြင်းသန်တဲ့မြို့။
အာရပ်ကမ္ဘာမှာ ပွက်ပွက်ညံတုန်း
(ဒေါက်တာလွဏ်းက လှိုင်းစီးခိုင်းလိုက်သေးတယ်လေ၊ မှတ်မိတယ်ဟုတ်)
မြူနီစပါယ်ရွေးကောက်ပွဲလုပ်ပေးလိုက်တဲ့မြို့
လှေလှော်ရွက်တိုက်နိုင်တယ်
ပိုက်ဆံပေးရင် နံပါတ်လေးလည်းရတဲ့မြို့။
ဖြူဖြူနွဲ့နွဲ့ အိညဲ့ညဲ့တော့ မလုပ်နဲ့ဗျ
ပထန်လက်စာမိမယ်
ယောင်္ကျားအချင်းချင်းတောင် ကားပေါ်ဆွဲတင်ဖို့ ၂၄ နာရီချောင်းခံနေတဲ့မြို့ပါဆို။
နေက အရမ်းပူလာတယ်
စိတ်တွေလည်း ဆူလာတယ်
လူကလည်း ဘူလာတယ်။
လက်ညိုးတချက်ကွေးဖို့ ဆယ်နှစ်မလိုပါဘူးဗျ
ခါးကြားက ဗျောက်ထုတ်၊ ဒီကောင့်မျက်ခွက် တည့်တည့်ချိန်ပြီး
ကျည်ခြောက်တောင့်လုံး သွန်ချပစ်လိုက်တယ်၊ သေစမ်းကွာ။
ပြောချင်တာက
‘မားဆိုး’ ဆိုတဲ့ငနဲ
ဟောသည်မြို့မှာ နေတယ်။
ရုတ်ရုတ်တော့ လုပ်နဲ့
ခြောက်လုံးပူး ဖြုတ်ချလိုက်မယ်
တိတ်ကဲဘရာ။ ။
မားဆိုး
၂၊ ၀၈၊ ၂၀၁၁
3 comments:
soooooooo good poem for me. i m really like this poem. Now i m still in dubai.
ဒေါက်တာလွှတ်ဆွ ။ ။ "အသက်ရှင်ရကျိုးမနပ်ပဲ
နေရမဲ့အစား သေရတာပဲကောင်းတယ် ဆိုတဲ့
စိတ်ဓာတ်ထားပြီး အသက်ရှင်ရကျိုးနပ်မဲ့
ချွေးဓာတ်မခန်းလေရအောင်
လှိုင်းမစီးပဲ
အာရပ်ရေမှာ ရေသာစိမ်နေပေတော့ မားဆိုးရေ.."
I like "the Phoe Chan and the sea" poem.
Keep on trying Marksoe!
Post a Comment