ပေးပို့ - ကိုဇော်ကြီး
‘ရသအလင်း’ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ‘ရသအလင်း’ ဖောင်ဒေးရှင်းမှ လည်ချောင်း ကင်ဆာရောဂါ ခံစားနေရတဲ့ ပန်းချီဆရာကြီး ရာဟုလာကို ၂၄-၇-၂၀၁၁ နေ့က ဆေးဝါးကုသစရိတ်အလို့ငှာ အနုပညာဂုဏ်ပြုငွေအဖြစ် ကျပ်ငွေ (၃) သိန်းတိတိ ပေးအပ်ခဲ့ပါတယ်။ မန္တလေးမှ စာရေးဆရာ ကျော်ရင်မြင့် က အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ၃၁-၇-၂၀၁၁ နေ့က မင်းကွန်းက ဆရာကြီး ရာဟု လာရဲ့အိမ်မှာ အခမ်းအနားလေးနဲ့ ပေးအပ်ဂုဏ်ပြုခဲ့ကြပါတယ်။ မနက် (၁၀) နာရီ ပတ်ဝန်းကျင်လောက်မှာ ဆရာကျော်ရင်မြင့်နဲ့ မန္တလေးက စာနယ်ဇင်းသမား ဂျာနယ်လစ် တွေ စုစုပေါင်း (၁၂) ယောက်လောက် ဆရာကြီးရဲ့အိမ်ကို ရောက်ကြတော့ ဆရာကြီးက တော်တော်လေး ရောဂါဖောက်နေခဲ့ပါပြီ။ ဒါပေမယ့် ကြိုတင်သတင်းပေးထားခဲ့တာအတွက် အလှူငွေကို ၀မ်းမြောက်ဝမ်းသာ လက်အုပ်လေးချီ လက်ခံခဲ့ပြီး (သာဓုအနုမောဒနာခေါ်ဆို လက်ခံပြီး) ဂုဏ်ပြုမှတ်တမ်းမှာလည်း လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။
လည်ချောင်းကင်ဆာဝေဒနာကို ခံစားနေရရှာတဲ့ ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇ နှစ်) ဟာ... အခမ်း အနားကျင်းပတဲ့ ၃၁-၇-၂၀၁၁ နေ့ မွန်းလွဲ ၁၂း၁၅ နာရီ အချိန်မှာ မင်းကွန်းမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာပဲ ကွယ် လွန်ခဲ့တယ်လို့ ကြားသိရတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ‘ရသအလင်း’ ဖောင်ဒေးရှင်းအဖွဲ့သားများ အ ထူးကြေကွဲဝမ်းနည်းရပါတယ် (ဂုဏ်ပြုငွေ လက်ခံပြီး ၁ နာရီကျော်ကျော်လောက်အကြာမှာ ဆရာကြီး ဆုံးပါး သွားခဲ့တာဖြစ်ပါတယ်)။ သြဂုတ်လ (၁) ရက်နေ့ နေ့လည် ၃ နာရီမှာ ပန်းချီဆရာကြီး ရာဟုလာကို သင်္ဂြိုလ်ခဲ့ ပါတယ်။
ဒဏ်ရာများနဲ့ ပန်းချီဆရာ “ပန်းချီဆရာကြီး ရာဟုလာ” နောက်ဘ၀မှာ အနုပညာကို ရူးရူးမက်မက် လုပ်ကိုင် နေတဲ့ ပန်းချီဆရာကြီး၊ ငြိမ်းချမ်းတဲ့ ရေခံမြေခံမှာ စိတ်ချမ်းသာကိုယ်ကျန်းမာတဲ့ ပန်းချီဆရာကြီးဖြစ်ပါစေ ...။
ရသအလင်းအဖွဲ့သားများ
No comments:
Post a Comment