Friday, August 5, 2011

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ကျနော့်အမြင်

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ကျနော့်အမြင်
ဦးအေးဆောင်

ဇူလိုင်လ (၂၈) ရက် နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်အပါအ၀င် KIO, KNU, NMSP, SSA သို့ ပေးသည့် အိတ်ဖွင့်ပေးစာသည် “တိုင်းရင်းသားအားလုံး အကျိုးစီးပွားကို ရှေးရှု၍ ...” ဟု ဆိုထားသော်လည်း တိုင်းရင်းသားများ စုဖွဲ့ထားသည့် NDF,UNFC တို့ကို မျက်ကွယ်ပြုလိုက်သလို၊ လက်နက်ကိုင်အဖွဲ့နှင့် လက် နက်မကိုင်သည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုကြီးများဖြစ်ကြသည့် NCUB, DAB နှင့် လက်တွေ့ တိုက်ပွဲဝင်နေသော KNPP, DKBA အဖွဲ့တို့ကိုပါ အသိအမှတ်မပြုရာ ကျနေသည်။ တပ်ပေါင်းစုကို ခွဲဖျက်ခြင်း သည် စစ်အာဏာရှင်တို့ တလျှောက်လုံး ကျင့်သုံးခဲ့သည့် ပရိယာယ်ပင်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် ထိုထောင်ချောက်ကို သတိမူမိစေချင်ပါသည်။

ယနေ့ဖြစ်ပေါ်နေသော ပဋိပက္ခသည် စစ်အာဏာရှင် ဗိုလ်ချုပ်တစုနှင့် သူ့လက်ပါးစေ လက်ဝေခံများက တ ဘက်၊ စစ်သား၊ တိုင်ရင်သား၊ လယ်သမား၊ အလုပ်သမား၊ အမှုထမ်းအရာထမ်း၊ လက်လုပ်လက်စားများ ပါဝင် သည့် ဧရာမ ပြည်သူလူထုကြီး တဘက် ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်သည်။ စစ်အာဏာရှင်တို့က ဖိနှိပ်သူဖြစ် ပြီး ဧရာမလူထုကြီးက အဖိနှိပ်ခံဖြစ်နေရသည်။ စစ်အာဏာရှင်တို့ ရှိနေသမျှ ငြိမ်းချမ်းရေးသည်လည်းကောင်း၊ ဒီမိုကရေစီသည်လည်းကောင်း ရှင်သန်နိုင်မည်မဟုတ်သလို ပြည်သူတွေဘ၀ မည်သို့မျှ လုံခြုံမှုနှင့် သာယာဝ ပြောမှု ရှိနိုင်မည်မဟုတ်ပါ။ ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့သည် အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်ပါ သည်။ ဤသည်မှာ စိတ်စေတနာအရမဟုတ် အကျိုးစီးပွားကြောင့် ဖြစ်နေရခြင်းဖြစ်ပါသည်။ ခြင်သည် လူကို ကိုက်မှသာ အသက်ရှင်နိုင်သည့် ပုံမျိုးဖြစ်သည်။ ခြင်ကို ရိုက်သတ်မလား အကိုက်ခံမလားသာ ရှိသည်။ သွေး တ၀က်ပဲ စုပ်ပါဟု ခြင်ကို ပြောလို့ရမည်မဟုတ်ပါ၊ သူတို့က လူ့သွေးနှင့် အသက်ရှင်နေသည့် သတ္တ၀ါ ဖြစ်နေ လို့ပါ။

ဒီတော့ ကျနော်တို့က ဘက်ရွေးရမည်သာဖြစ်ပါသည်။ မတရားဖိနှိပ်သူနှင့် တရာသဖြင့် တော်လှန်သူ အဖိနှိပ် ခံတို့ကို တန်းတူထား သတ်မှတ်ခြင်းသည် တရားမျှတသည်ဟု မဆိုနိုင်ပါ။ တိုင်းပြည်အေးချမ်းသာယာရေးအ တွက် တကယ်ဖြေရှင်းလိုသော စေတနာအမှန် ရှိပါက တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်ရပ်ခြင်း၊ နိုင်ငံရေးအကျဉ်းးသားအားလုံး လွှတ်ပေးခြင်း၊ ပါတီပေါင်းစုံပါဝင်သော ကွန်ဖရင့်ခေါ်ယူနိုင်ရေးအတွက် လွတ် ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်ပေးခြင်း၊ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းခြင်း၊ ပါ တီပေါင်းစုံ ပါဝင်သော လွတ်လပ်ပွင့်လင်းသည့် ကွန်ဖရင့်မှ တိုင်းပြည်၏အနာဂတ်ကို အများသဘောနှင့် ပုံ ဖော်ခြင်းတို့ကို လုပ်ရပါလိမ့်မည်။ သို့မှသာ တကယ့်ဆွေနွေးအဖြေရှာခြင်း ဖြစ်ပါလိမ့်မည်။

ဤသို့သော အချက်အလက်များ မရှိဘဲ အာမခံချက်မရှိသည့် အခြေအနေအောက်တွင် စစ်မှန်သော အေးချမ်း သာယာသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန်မှာ စိတ်ကူးယဉ်ရာကျပြီး စစ်အာဏာရှင်တို့၏ လှည့်စားမှုသံသရာတွင် မျိုးဆက်တဆက်ပြီးတဆက် ခံကြရပါလိမ့်မည်။ ပြည်တွင်းစစ်မီးတောက်သည် အကြီးနှင့်အငယ်သာ ကွာမည်၊ စစ်အာဏာရှင်တို့ ကြီးစိုးနေသရွေ့ တော်လှန်စစ်ကား ရှိမြဲရှိနေမည်သာ ဖြစ်တော့သည်။

မတရားမှုကို တွန်းလှန်ခြင်းသည် လူသားတွေရဲ့သဘာဝ ဖြစ်ပါသည်။
တော်လှန်စစ်ကို ဆင်နွှဲခြင်းဖြင့် မတရားမှုကို တွန်းလှန်ကြ။

ဦးအေးဆောင်
၅၊ ၈၊ ၂၀၁၁

မှတ်ချက် ။ ။ ဒီစာကို အချိန်မီ ရေးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုမှ ထုတ်လိုက်ရပါတယ်။

4 comments:

minaunglin said...

ဦးအေးဆောင်ဆိုတဲ့လူကို ကြည့်ရတာ သောင်းကျန်းသူတွေ ပေးတဲ့ ထမင်းစားနေတဲ့လူပဲထင်ပါတယ်။ ခင်ဗျားရဲ့
သောင်းကျန်းသူတွေက မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည်တက်လာလည်း တိုက်ကြမှာပဲ သူတို့က ခွဲထွက်ချင်နေတာလေ
စဉ်းစားပါဦး နလဗြန်းတုံးကြီးရဲ့။ ငအကြီးရဲ့။

Anonymous said...

ဦးအေးဆောင်။ ။ " ခြင် က လူကို ကိုက်မှသာ အသက်ရှင်နိုင်သည့် ပုံမျိုး၊
ခြင်ကို ရိုက်သတ်မလား အကိုက်ခံမလားသာ ရှိမယ်။ သွေး တ၀က်ပဲ စုပ်ပါဟု ခြင်ကို ပြောလို့ရမည်မဟုတ်ဘူး၊ သူတို့က လူ့သွေးနှင့် အသက်ရှင်နေသည့် သတ္တ၀ါ ဖြစ်နေ လို့ပါ.."

ဒေါ်စု ။ ။ " ကျမ ကတော့ ရိုက်လဲ မသတ်ဘူး၊
ကိုယ့်တကိုယ်တည်း လာအကိုက်မခံရလေအောင်၊ ခြင်နှင်စက်လေး ထားပြီး
သူတို့ နဲ့ အတူနေမယ်.ဦးအေးပြောင်..
အဲလေ..ဦးအေးဆောင်...၊
ဒါနဲ့ ဦးအေးဆောင်ကြီးက ခြင်တွေကို ရိုက်သတ်
မယ်တဲ့လား..."

ဦးအေးဆောင်။ ။ " လာအကိုက်မခံရလေအောင်
ခု..သူတို့ နဲ့ ဝေးရာမှာ နေတာပေါ့ ဒေါ်စုရယ်၊
လာကိုက်ရင်လဲ ဘယ်တတ်နိုင်မလဲ၊
အဆိပ်အဖု ဖြစ်တဲ့နေရာ ယားနာလိမ်းဆေး
ဝယ်လိမ်း၊ ဒီလိုပဲ လုပ်ရမှာပေါ့..အဟဲ.."

Mg Arakan said...

minaunglin ဆိုတဲ့ကောင်းသမိုင်းနောက်ကိုကွယ်ပြီး
လူမျိုးကြီးစိတ်ပေါက်နေတာသေချာတယ်

charlie said...

မျက်နှာလိုအားရဆိုတာပါဗျာ။
ဒေါ်စုကဘယ်သူကိုတမင်ကလာကွက်ချန်ထားလိမ့်မယ်
ဆိုတာမဖြစ်နိုင်ပါဖူး၊လက်ရှိစိုးရိမ်နေရတဲ့အခြေအနေပေါ်
မှာလက်ရှိထိုးစစ်ကြီးတွေဆင်နေတဲ့နေရာတွေအပေါ်မှာ
အဓိကစိုးရိမ်မှုနဲ့ပြောတာပဲဖြစ်ပါလိမ့်မယ်၊DKBAကိစ္စတုန်းကလဲတရားဝင်ပြောခဲ့ပြီးပါပြီ၊ဗိုလ်မှုးနှုတ်ခမ်း
မွှေးတို့သိပါတယ်၊ဒါကိုသိလို့လဲရည်းညွှန်းချက်ထဲမှာမပါတဲ့အဖွဲ့တွေကတောင်ကြိုဆိုထောက်ခံပြီး၊ပြည်သူ့ခေါင်းဆောင်
အမည်တောင်တပ်ခေါ်ပြီးပါပြီ၊ဘာအကြောင်းကြောင်.
NCUB တို့DABတို့ဆိုတဲ့ပရိုပိုဆယ်တင်ပြီးအသက်သွင်း
ထားတဲ့ကျားသေတွေကိုဆွဲသွင်းလာတာကြီးကတော့
နံပါတယ်ဗျာ၊ခင်ဗျားတို့ရဲ့ကာလကြာရှည်ပုတ်သိုးဆွေး
မြေ့နေတဲ့ဟာတွေကိုUNFC ကိုမကူးဆက်ပါစေနဲ့တော့
ပုဂ္ဂလိကပိုင်းဆိုင်ရာအရတိုင်းရင်းသားအားလုံး၏
တန်းတူခွင့်၊ကိုယ်ပိုင်ပြဌန်းခွင့်တို့အတွက်၊တိုက်ပွဲဝင်
နေမှုမှန်သမျှအားအသက်နှင့်လဲ၍ထောက်ခံသော်လည်း
တိုင်းရင်းသားအားလုံးကလဲမိမိတို့အားမည်သို့သော
ပုဂ္ဂိုလ်မျိုးကဦးဆောင်သင့်သည်ကိုရွှေးချယ်ရပေမည်
အသိညဏ်ပညာပြည့်စုံသည်သာမက၊အဂတိတရားကင်းရှင်းသူကိုအဓိကရွှေချယ်ရမည်ပင်ဖြစ်ပေသည်။ယနေ့တွင်NCUB သော်၎င်းDABသော်၎င်းသည်တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံ
အား၎င်းထိုအဖွဲ့အစည်းတို့ကိုမှီခိုရာဖြစ်သောပြည်သူတို့
ကို၎င်းအစစ်အမှန်ကိုယ်စားပြုခြင်းရှိမရှိ၊ထိုပြည်သူတို့
၏ယုံကြည်ကိုးစားမှုကိုတည်ဆောက်နိုင်ခြင်းရှိ၊မရှိကိုသော်၎င်းအားလုံကပြန်လှန်သုံးသတ်သင့်နေပြီ
ဖြစ်ပါသည်။ကျွှန်နော်၏ပုဂ္ဂလိကသုံးသတ်ချက်ကတော့
ပုတ်သိုးဆွေးမြေ့နေခြင်းပင်ဖြစ်သည်၊အသားထဲက
လောက်ဟုဆိုရင်လဲဆိုနိုင်ပါတယ်၊ပြည်သူတွေရဲ့အကျိုး
စီပွားတခုတည်းကိုသာကြည့်၍ပြောရခြင်းပင်ဖြစ်ပြီး၊ဆိုင်းဘုတ်တွေကတော့ကျုပ်တို့ဘဝမှာရိုးနေပါပြီ၊
သတိပေးချင်တာကတော့ရိုးသားတဲ့၊နာမည်ကောင်းရှိ
တဲ့သူတွေကပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ကိုရှောင်စေချင်
ပါသည်၊လုပ်ဆားဆရာကြီးများက၊ခင်ဗျားတို့နာမည်ကို
အသုံးချနေတာကိုသတိထားစေချင်ပါသည်၊သို့မဟုတ်
ပါကပရိသတ်ကဒီပုတ်ထဲကဒီပဲပဲဟုယူဆကြမှာအသေအ
ချာပင်ဖြစ်ကြောင်း။

လေးစားလျှက်