Sunday, August 7, 2011

မောင်မောင်သိုက်ကို ကျနော် သိတယ်

မောင်မောင်သိုက်ကို ကျနော် သိတယ်
မောင်ငြိမ်းအေး

“သိရင် ... စိတ်ဆင်းရဲရတတ်တယ်” တဲ့
သိပ်မှန်တာပဲ။

၅.၈.၂၀၁၁ ည
www.drlunswe.blogspot.com ကို click လိုက်တော့
ရုတ်တရက် အပေါ်သွေး ၁၈၀
အောက်သွေး ၁၂၀ ဖြစ်ခဲ့။

ပန်းချီမောင်မောင်သိုက် (၆၆) နှစ်ဆိုတဲ့ သတင်းဟာ
မော်ဒန်ကဗျာမဟုတ်ဘူး
ယူကျုံးမရမှုတွေ သယ်ဆောင်လာတဲ့ မိုးတိမ်။

ကိုသိုက်
ခင်ဗျား ဗျာ ခင်ဗျား
ဒီလိုလုပ်ဖို့တော့ မကောင်းပါဘူးဗျာ
အရူးတယောက် ရူးနောက်သွားသလို တဖွဖွ ရွတ်
ကျနော့်စိတ်တွေ ကိုယ်ထဲက ကျွတ်တယ်။

ကိုသိုက်က ပန်းချီဆရာပါ
ပန်းချီဆွဲတာပေါ့
ပန်းချီဆရာအားလုံး ပန်းချီဆွဲပေမယ့်
ဆွဲတဲ့ပန်းချီဆရာတိုင်း ကြယ်ပွင့်မဖြစ်
ကိုသိုက်က ဖြစ်တယ် ... လင်းတယ် ... တောက်ပတယ်
“မောင်မောင်သိုက်” ... တဲ့
ဘယ်လောက်မိုက်သလဲ။

ကိုသိုက် ရေးတဲ့ မိန်းကလေးပုံတွေကို မြင်တိုင်း
ကျွန်တော် ရေသိပ်ငတ်တယ်
(မိတ်ဆွေ ... ဖိုမကိစ္စတွေ မပါဘူးနော်)
မိန်းကလေးပုံ ရေးရတာ
ပန်းချီမှာ အခက်ဆုံးမဟုတ်လား
ခါး..တင်..ရင်..မျက်နှာ..ပခုံး
အပြုံး..အပြေ..အတင်း..အရင်း
ဆယ်စုနှစ်သုံးခုကျော်အတွင်း
ဝတ္ထုစာအုပ်တွေရဲ့ မျက်နှာဖုံးမှာ ထင်းတယ်
မဂ္ဂဇင်းသရုပ်ဖော်ပုံတွေတိုင်းမှာ ဝင်းတယ်။

ကိုသိုက်ကြောင့်
မိန်းမတွေကို (တဏှာရာဂ) မပါဘဲ
ရဲရဲကြည့်တတ်လာတယ်
သဲသဲကွဲကွဲ မြင်တတ်လာတယ်
မိန်းမတွေကို သန့်သန့်ရှင်းရှင်း ချစ်တတ်သွားတာ
မင်္ဂလာပဲဗျာ
ကျေးဇူးတင်ပါတယ်။

ကိုသိုက်ရဲ့အခန်းကလေးက
အလင်းရောင်ငတ်ရှာပေါ့
ဆေးမျိုးစုံရနံ့တွေကလည်း
တသင်းသင်းဟောင်လို့
မဂ္ဂဇင်းအတွက် သရုပ်ဖော်ပုံသွားယူတဲ့ ကျနော့်ကို
ကောလိပ်ဂျင်နေဝင်းလို မျက်မှန်ပေါ်က ကျော်ကြည့်
ရှောင်ကွန်နရီလို ပခုံးတွန့်ပြပြီး
“ကိုယ့်ညီ ... ကြည့်ထိုင်ကွာ” တဲ့
အားနာတတ်တဲ့ ပန်းချီတချပ်ပါပဲလေ။

Digital နည်းပညာတွေ
နာဇီစစ်တပ်လို ဖြစ်လာပေမယ့်
လက်ကိုပဲ အားရတယ်ဗျာ
စက်မှာက အသည်းနှလုံးမရှိ
လက်က ခံစားချက်ကို သိသတဲ့
လက်ကို ချစ်တဲ့ မောင်မောင်သိုက်
လက်ကို ပိုက်ပြီး ... သွားပြီ။ ။

(ကိုသိုက် ... ကောင်းကင်ဘုံရောက်ပါစေ)

မောင်ငြိမ်းအေး

4 comments:

Lwan ni said...

ဆရာငြိမ်းကဗျာတွေက အထာကိန်း မရှိပဲ လှချက်တော့

Lwan ni said...

ကိုလွမ်းဏီ ပါ။ မောင်လွမ်းဏီကို နောက်ချင်လို့ ။

CODE9 said...

ထိတယ်ဗျာ ဒီကဗျာတော့ ကွက်ကွက်ကွင်းကွင်းကြီးကို ဒဲ့ ထိတာ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ
ကျနော်လည်းပန်းချီမောင်မောင်သိုက်ကိုသိပါသည်။
ဆရာကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ငြိမ်းချမ်းရေး-
မိခင်ကြီး “ဒေါ်အောင်ဆန်းစုကြည်” ကိုပုံတူပန်းချီဆွဲပေးဘူး
တယ်လို့ လည်းမှတ်သားဘူးပါသည်။