Saturday, July 23, 2011

အောက်မေ့မွတ်မွတ် တို့ဦးညွတ်စို့ …

အောက်မေ့မွတ်မွတ် တို့ဦးညွတ်စို့ …
မောင်မောင်ငြိမ်းအေး
ပုံတူ - ပန်းချီပေါ်ဦးသက်

“မြန်ပြည်တခွင် ပြုံးပြုံးချိုချိုနဲ့ မြူးရအောင်
မကြာခင် ‘ဟုန်း’ ဆိုတဲ့ ‘ရူး’ ရယ်နှင့်
သုံးလိုသနဲ့ အထူးသာပ အကြောင်းအကျိုးမသွေ
(အို) ကောင်းကျိုးအထွေထွေနှင့် ချွန်စေမြစေစော
(ကျောင်းအစ်မရယ်) ဒေါင်းအိုးဝေရယ်လို့ တွန်စေကစောသော”
(သခင်ကိုယ်တော်မှိုင်း)

ကွမ်းတမြုံ့မြုံ့၊ ပြုံးတုံ့တုံ့နှင့်
ခေါင်းငုံ့မခံ၊ ဇာတိမာန်က
ဒေါင်းလံတလူလူ လွင့်စေ၏။

ကွမ်းအစ်ထဲမှာ၊ သူချစ်ရှာသော
မြန်မာပြည်ကြီး ရှိနေ၏။

တိုက်ပုံထဲမှာ၊ သူချစ်ရှာသော
မြန်မာတိုင်းရင်းသား ရှိနေ၏။

သျှောင်တစောင်းမှာ၊ သူချစ်ရှာသော
ကမ္ဘာမြေကြီး ရှိနေ၏။

ပြည်နှင့်ပြည်သား၊ တန်ခိုးထွားဖို့
သူ့အားသူ့မာန်၊ ကလောင်တံဖြင့်
တော်လှန်ရဲရင့်၊ စစ်ကြောင်းဖွင့်ခဲ့
အတ္တမဲ့စွာ၊ နယ်ချဲ့သူ့အောက်
ဒူးမထောက်ပေ
မကြောက်သတ္တိ၊ ကမ္ဘာသိ။

ဧရာဝတီ
ရေပြာကြည်သို့၊ သူ့ပြည်ငြိမ်းချမ်း
ပန်းစုံလန်းအောင်၊ အစွမ်းကုန်လျှင်
သူ့အားအင်နှင့် ပွဲဝင်ချီတက်
ခရီးဆက်ခဲ့၊ မိုးထက်ငွေလ
အေးမြမြသို့၊ အလှဝေဖြာ
ဤမြေမှာလျှင်၊ စာပေအလင်း
တောက်ပ၀င်း၏
မင်းလည်းအသိ၊ မြန်မာသိ။

ယခုအခါမူ၊ တို့ပြည်သူတို့
အပူအပင်၊ သောက၀င်လျက်
နေ့စဉ်မလန်း၊ မငြိမ်းချမ်းနိုင်
ညိုးနွမ်းခွေနုန်း၊ ခွင့်ရေးဆုံး၏
သျှောင်ထုံးကိုမ၊ ကလောင်မြနှင့်
အဘဆုံးမပါလေဦး။ ။

မောင်မောင်ငြိမ်းအေး

1 comment:

yoo said...

အဘမှိုင်း။ ။ " သျှောင်ထုံးကိုမ၊ ကလောင်မြနှင့်
အဘဆုံးမပါလေဦး...လို့ လုပ်မနေနဲ့ အုန်း။
ရေးကြပါလား...ဟို..ဒေါက်တာ လွှတ်ဆွ တို့ ရဲ့
"အရက်လှိုင်း" ၊ အဲလေ.."အာရပ်လှိုင်း" လိုက်စီးစေဖို့ အတွက် နိုးဆော်တဲ့၊ ဇာတိမာန် တက်စေမဲ့ ကဗျာတွေ စပ် ကြမယ် မရှိဘူး။
ခုတော့.. ခါတော်မှီ အောက်မေ့ ကဗျာတွေ ထဲကကို
မင်းတို့  ကဗျာဆရာသမားတွေ မတက်တော့ဘူး။ မင်းတို့  ကဗျာဆရာသမားတွေကို အရင် ဆုံးမ
မဟေ့...ဟင်း.....။