မောင်လွမ်းဏီကို ကျနော် သိတယ်
မောင်ငြိမ်းအေး
အဲဒီညက
ကိုယ့်ကောင်းကင်ကြီးကို လွမ်းတဲ့စိတ်နဲ့
ကိုယ့်ကောင်းကင်မဟုတ်တဲ့ ကောင်းကင်ကို ငေးရီနေရင်း
ကြယ်ကလေးတလုံး ကြွေကျသွားတာမြင်တော့
ကိုလွမ်းဏီကို သတိရတယ်။
ဖေဖေ ကြယ်တွေမှာ နာမည်ရှိသလား ... တဲ့
အောင်ဝေးက အဲဒီလိုရေးခဲ့တယ်
ကြယ်တွေမှာ နာမည်ရှိမရှိ ကျနော် မသိဘူး
ကိုလွမ်းဏီမှာတော့ နာမည်ရှိတယ်။
ကိုလွမ်းဏီနာမည်က
မောင်လွမ်းဏီတဲ့။
ကိုလွမ်းဏီကို ကျနော် မသိဘူး
မောင်လွမ်းဏီကိုတော့ သိတယ်။
ကိုလွမ်းဏီက အသားမည်းမည်း
မောင်လွမ်းဏီက ဖြူပါတယ်။
ကိုလွမ်းဏီက လမ်းသွားရင်
ထော့နဲ့ ထော့နဲ့ နေပေမယ့်
မောင်လွမ်းဏီကတော့
ဖြောင့်ဖြောင့်မတ်မတ် သွားနိုင်ပါတယ်။
ကိုလွမ်းဏီက တော်လှန်ရေးသမားဖြစ်ပေမယ့်
မောင်လွမ်းဏီက ငြိမ်းချမ်းရေးသမားဖြစ်တယ်။
ကိုလွမ်းဏီက သေနက်ကိုင်တယ်
မောင်လွမ်းဏီက ကလောင်ကိုင်ပါတယ်။
ကိုလွမ်းဏီက တောကြားတောင်ကြား နေတယ်
မောင်လွမ်းဏီက ခိုကလေးတွေကြား နေပါတယ်။
တခုထူးခြားတာက
ကိုလွမ်းဏီက အရက်ကို ချစ်တယ်
မောင်လွမ်းဏီက အရက်ကို မမုန်းတာပဲ။
ကျနော့်နှုတ်က
ကိုလွမ်းဏီကို ကိုလွမ်းဏီလို့ မြည်ပေမယ့်
ကျနော့်ရင်ဘက်က
ကိုလွမ်းဏီကို မောင်လွမ်းဏီလို့ ဟိန်းတယ်။
ကိုလွမ်းဏီကို ပြောကြတဲ့ ဘာဘာညာညာတွေ
ကျနော် စိတ်မဝင်စားပါဘူး
လူတိုင်း ... အနည်းနဲ့အများတော့
ဘာဘာညာညာချည်းပါပဲ
အဲဒီဘာဘာညာညာတွေ
မောင်လွမ်းဏီဆီရောက်နေသလား
ကျနော် စိတ်ဝင်စားပါတယ်။
စောစောက ကြွေကျသွားတဲ့ ကြယ်ကို
ကျနော် လိုက်မရှာဖြစ်ဘူး
ကောင်းကင်ကြီးက
အလှပျက်သွားတာမှမဟုတ်တာ။ ။
မောင်ငြိမ်းအေး
1 comment:
ကဗျာတွေဆိုပြီး တင်တင်ထားတဲ့ ကဗျာတွေကြား မှာ အခုမှပဲ ကဗျာဖတ်ရတယ် ။။
Post a Comment