ဟင်နရီကလေး၊ ကျွန်ဈေး၊ ကြိမ်ဒဏ်နှင့် ကြက်ကြော်တဲ့မြို့
မျိုးမြင့်ချို
ဟင်နရီကလေး (Henry Clay 1777-1852) ကို အတိုဆုံးသံခိပ်ပြုရလျှင် အမေရိကားတွင် မြေအများဆုံးပိုင် သူ အာဏာအများဆုံးကိုင်သည့်ခေတ်က ပဒေသရာဇ်ကလေးတပါးဟု ဆိုရမည်ဖြစ်၏။ ၁၈ဝ၃ ခုနှစ် ကင်တပ် ကီပြည်နယ်၏ အောက်လွှတ်တော်အမတ်မှ စခဲ့သည့် သူ့နိုင်ငံရေးဘဝသည် သူ့လူ့ဘဝ၏ နောက်ဆုံးရက် ဇွန် (၂၉)၊ ၁၈၅၂ ကျမှ အဆုံးသတ်တော့၏။ အောက်လွှတ်တော်၊ အထက်လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင်၊ လွှတ်တော်ပြောခွင့်ရပုဂ္ဂိုလ်၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ လျှောမွေးဖြစ် ခဲ့သည့် သမ္မတလောင်း စသည်ဖြင့် စုံသည်။ တဘဝလုံး လူကြီးဖြစ်စေဟူသည့် ဇာတာဖြင့် မွေးခဲ့သူများလား မပြောတတ်။ ယခုတော့ ကျန်ရစ်သူများက သူ့အိမ်ခြံဝင်းကြီးကို ပြတိုက်သဖွယ် လုပ်ထား၏။ လူတယောက် (၉) ဒေါ်လာပေးပြီး သူ့စံအိမ်တော်ကြီးကို ဝင်ကြည့်လျှင် သူရှိတုန်းက ဘယ်လိုနေခဲ့သည်။ ဘာစာတွေ ဖတ် သည်၊ ဘာတွေးပြီး၊ ဘာလုပ်ခဲ့သည်ကို မှန်းဆကြည့်နိုင်သေး၏။
သူ့မြို့ကလေး Lexington တွင် သူ့အမည်ပေါက် Henry Clay Center ဟူ၍ ရှိ၏။ သူ့နိုင်ငံရေး အမွေအနှစ်ကို ဆက်ခံခဲ့ကြသည့်၊ ဆက်ခံနေကြသည့်၊ ဆက်ခံကြဦးမည့်သူများ၏ ဆုံဆည်းရာဟု ဆိုရမည်ဖြစ်၏။ Henry Clay Center နှင့် University of Kentucky (UK) သည် ချိတ်ဆက်ထား၏။ (UK) တွင် Statesmanship ဆို သည့် ဋ္ဌာနတခုရှိ၏။ ထိုဋ္ဌာနတွင် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ ဆီနိတ်တာအမတ်မင်းများ ၏ တပြည်နယ် တယောက်နှုန်း ရွေးချယ်စေလွှတ်ခံ ကျောင်းသားများ ‘နိုင်ငံတော်အကြီးအကဲဖြစ်’ စာဝါများ ကို ဆည်းပူးနေ၏။ ‘အကြီးအကဲဖြစ်ကျောင်း’ တက်နေသဖြင့် သူတို့အား လူကြီးလောင်းလေးများဟုဆိုသော် ရမည်ထင်၏။ ထိုကျောင်းဆင်းတိုင်း လူကြီးမဖြစ်သော်လည်း လူကြီးများထဲတွင် ထိုကျောင်းထွက်များ ရှိ၏။ ‘လူကြီးဖြစ် စာများဖြစ်’ သည့် စီးပွားရေး၊ အုပ်ချူပ်ရေး၊ သံခင်းတမန်ခင်း၊ နိုင်ငံရေးဒဿန၊ မူဝါဒရေးရာ ... စ သည်ဖြင့် အမယ်စုံကို ငွေပုံကာသင်အံစေ၏။ အခြားဘာသာရပ်ယူသည့် ကျောင်းသားများထက် သူတို့က ထို အရေးများတွင် ခေါင်းတလုံးပိုမြင့်သည်ဟု ဆိုရမည်ဖြစ်၏။ လူကြီးလောင်းလေးများပီပီ အကင်းပါး၏။ အရည် လည်၏။ အတွေးကောင်း၏။ အမေးလည်း ကောင်း၏။ လွန်ခဲ့သည့် (၂) လက UK ၏ ထိုလူကြီးဖြစ်ဋ္ဌာနမှ ဗ မာပြည် လူ့အခွင့်အရေးအကြောင်းများ လာပြောပါ၊ နားထောင်ချင်သည်၊ မေးချင်မြန်းချင်တာတွေလည်း ရှိ သည်ဟုဆိုကာ ကျနော့်အား ဖိတ်၏ (သူတို့နှင့် ပြောဖြစ် ဆိုဖြစ်၊ မေးဖြစ် ဖြေဖြစ်ခဲ့သည်များအား ပြန်ရေးဦး မည်ဟုသာ တေးထားလိုက်၏။ မရေးဖြစ်သေး)။ သို့နှင့် ကျနော် Lexington က University of Kentucky ကို ရောက်သွား၏။
အမေရိကန် ရောက်ဖူးဖူး၊ မရောက်ဖူးဖူး။ ကင်တပ်ကီဟုဆိုလျှင် ကြက်ကြော်နှင့် တွဲပြီး သိကြသူများ၏။ ကျ နော်က အမေရိကန်ကြက်ကြော်ကို ခံတွင်းမတွေ့သေး။ ဗမာကြက်ကို ဆား၊ ဆနွင်းလေးနယ် အချိုမှုန့်လေး နည်းနည်းထည့်၊ ခပ်မာမာ ခြောက်ခြောက်လေး ကြော်ထားသည်ကိုသာ နှစ်သက်ဆဲ။ ထို့ကြောင့် ကင်တပ်ကီ ရောက်သော်လည်း ကြက်ကြော်ကို တခုတ်တရ မစားဖြစ်။ သို့သော် ရောက်သည့် ညက သူငယ်ချင်းတ ယောက်က ဖုန်းခေါ်ပြီး “ခင်ဗျား ကင်တပ်ကီ ရောက်တုန်း တာကီကင်ကို စားဖြစ်အောင်တော့ စားပါ” ဆို၏။ ရုတ်တရက် သူ ဘာပြောသည်ကို နားမလည်။ ပြန်မေးတော့မှ “တာကီဆို တာကကြက်ဆင် (Turky) ကို ဗ မာသံနဲ့ အပီပြောတာဗျ။ ကင်ဆိုတာကတော့ ကင် (Grill)။ ကင်တာပေါ့ဗျာ။ ကြက်ဆင်ကင်ပေါ့” တဲ့။ သို့နှင့် ကင်တပ်ကီတွင် တာကီကင်ကို မြည်းစမ်း ကည့်ဖြစ်သည်။ မကြိုက်။ ပေါ့ရွှပ်ရွှပ်၊ စိုစိစိ၊ ပျော့ဖတ်ဖတ် ကြက် ဆင်ကင်သည် သူတို့အင်္ဂလိပ်အချဉ်ရည်နှင့် လိုက်ဖက်သလားတော့ မပြောတတ်။
မပြန်ခင်တရက် အချိန်ရခိုက် Lexington မြို့ထဲ လျှောက်ကြည့်ဖြစ်၏။ Lexington သည် အမေရိကန် ရွက် ကြမ်းရည်ကျိုမြို့။ သူလိုကိုယ်လိုမြို့။ ထူးထူးခြားခြား ကြည့်စရာ များများစားစား ဘာမှမရှိ။ Lexington ကို City of Horse ဟု ဆိုသည့်အတိုင်း နေရာတကာ မြင်းရုပ်များ ရှိ၏။ မြို့စွန်ပိုင်းတလျှောက် မြင်းခြံတွေ တော် တော်များ၏။ မြို့တွင်းပိုင်းတွင်မတော့ ရှေးက အဆောက်အဦးတွေ၊ နေရာတွေကို စနစ်တကျ ထိန်းသိမ်းထား ၏။ တချို့ကား လူနေဆဲ။ အသုံးပြုဆဲ။ တချို့ကား ပြတိုက်သဘောဖြစ်နေကြပြီ။ ကျနော် တည်းသည့် ဟော် တယ်လ်သည်ပင် ရှေးခေတ်ဟော်တယ်လ်။ (၃) ထပ်သာမြင့်၏။ ဟိုတယ်လ်အဝတွင် “ဤဟိုတယ်လ်သည် အမေရိကန် သမိုင်းဝင် ဟော်တယ်လ်တခု ဖြစ်သည်” ဆိုသည့် ကြေးဝါဆိုင်းဘုတ်ကြီး ကပ်ထား၏။ မြို့လည် က မှုန်ရီထည်ဝါသည့် အဆောက်အဦးများကြားတွင် မိုးထိုးတိုက်ကြီးများက ခေတ်အရောင်နှင့် ပြိုးပြိုးပြက် ပြက်။ “ဤနေရာသည်၊ ဤအဆောက်အဦးသည်၊ ဤအိမ်သည်၊ ဤကွက်လပ်သည်၊ ဤရုပ်ထုသည် အစချီ၍ သမိုင်းနောက်ခံကို ပြောကာ ထောင်ထားစိုက်ထားသည့် အမှတ်တရ စာတိုင်စာမှတ်များ နေရာတကာတွင် ရှိ ၏။ လျှောက်ရင်း မြို့လည် ဇရပ်က လယ်သမားဈေးဘက် ရောက်လာ၏။ ခြံထွက်အသီးအနှံများ၊ လက်ဖြစ် ထည်များ၊ အိမ်တွင်းချက်ဆပ်ပြာများ၊ ပျားရည်၊ ဆေးမြစ်ဆေးဥ၊ ချက်အရက်၊ စိမ်ရည်၊ ဝိုင် စသည်တို့ကို တ နိုင်သယ်လာပြီး ရောင်းကြဝယ်ကြ။ တောဟင်းလျာများ ပူပူနွေးနွေး ချက်ပြုတ် ရောင်းကြ စားကြ။ ပျိုးပင် ပန်း ပင်လေးတွေ ဝယ်ကြချမ်းကြနှင့်မို့ မြို့တွင်းမှာ သင်းပျံ့သည့် ကျေးလက်ရနံ့ ...။
ဈေးတန်းစွန်နားတွင် ရပ်ကွက်ဘောလုံးအသင်းလေးအတွက် တယောထိုး သီချင်းဆိုပြီး ရန်ပုံငွေရှာနေသည့် အာဖရိကန်-အမေရိကန် အမြွှာညီအစ်ကို။ ဗီယက်နမ်စစ်ပြန်တွေ ပျော်ပွဲရွှင်ပွဲရန်ပုံငွေအတွက် စစ်ပြန်ကြီး (၂) ယောက်ကလည်း ဂစ်တာတီး သီချင်းဆိုလျက်။ တနေရာမတော့ အဖြူရောင်ဝတ်စုံနှင့်၊ လက်မှာ ဂစ်တာနှင့်၊ ပါးစပ်မှာ ဘာဂျာလေးနှင့်၊ ခြေထောက်မှာ ချွင်ချပ်စည်းလေးနှင့် သီချင်းဆိုပြီး ဖျော်ဖြေနေသူတဦး။ ကျနော်က သူ့ကို စိတ်ဝင်စားမိ၏။ သူ အတီးနားချိန်မှာ အနားကပ်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တော့ “မင်းတိုင်းပြည် ကို ငါသိတယ်၊ ဟိုအမျိုးသမီးကြီးရှိတဲ့ တိုင်းပြည်” ဆိုပြီး ခဏစဉ်းစား၏။ ပြီးတော့ “သြော် ... သိပြီ … အောင် ရှန်းရှုကွီ” ဟုဆိုတော့ ကျနော့်ရင်တွင် ပီတိဖြင့် နွေးကနဲ ဖြစ်မိ၏။
သူနှင့် စကားပြောနေရင်း သူ့ကျောနောက်က ကြေးဝါဆိုင်းဘုတ်ကို သတိထားမိ၏။ ဆိုင်းဘုတ်က “၁၉ ရာစု က ဤပြည်သူ့ပန်းခြံပေါ်ရှိ ချက်ပယ်လ်ဆိုဒ် လေလံပွဲလမ်းတိုနေရာတွင် အာဖရိကန်-အမေရိကန်များအား ကျွန်အဖြစ် ရောင်းချခဲ့သည်။ ၁၈၄ဝ ပြည့်နှောင်းပိုင်းကာလများတွင် ကင်တပ်ကီပြည်နယ် လက်ဇင်တန်မြို့ သည် ကျွန်ရောင်းဝယ်ဖောက်ကားရာ ပင်မနေရာဖြစ်ခဲ့သည်။ ဤနေရာအား အမေရိကန် တောင်ဘက်ပိုင်းဒေ သများမှ ကျွန်ရောင်းရာဈေးအဖြစ်အသုံးပြုခဲ့သည်။ ကျွန်ပေါင်းထောင်ချီ၍ ဤချက်ပယ်လ်ဆိုက်ဒ်တွင် ရောင်း စားခံခဲ့ရသည်။ ထိုအထဲတွင် မိဘများထံမှခွဲထုတ်ယူလာသည့် ကလေးငယ်ပေါင်းများစွာလည်း ပါဝင်ပါသည်” ဟုဆို၏။
ဖတ်နေရင်း ဒူးက တုန်လာ၏။ ခြေမခိုင်တော့။ ကတုန်ကယင် ဖြစ်နေ၏။ ဂျိုင်းထောက်အားပြုပြီး လဲကျမသွား အောင် မနည်းထိန်းယူရ၏။ ရင်ထဲ နင့်ကနဲ ဖြစ်မိ၏။ နှလုံးတွင် တချက်စူးကနဲ အောင့်၏။ ဆို့တက်လာ၏။ လည်မျိုတွင် တစ်ဆို့ဆို့ ဖြစ်ရ၏။ ရင်သည် နာကျင်မှုဖြင့် တုန်လှိုက်လာ၏။ မျက်စေ့ကား ဘာမှမမြင်တော့။ နှုတ်ကား ဆွံ့အသွား၏။ နားကား အကြားမရှိ။ ပင်းသွား၏။ ကျွန်တွေ ... ကျွန်တွေ ... ကျွန်တွေ ဟုတ်လား ... ကျွန်တွေတဲ့လား၊ ကျွန်တွေလို့ ပြောလိုက်တာလား၊ လူတွေပါဗျာ၊ သူတို့ လူတွေပါ၊ သူတို့လည်း လူတွေပါဗျာ၊ လူတွေပါပဲဗျာ၊ ခင်ဗျားတို့လိုပါပဲ၊ ခင်ဗျားတို့လို လူတွေပါပဲဗျာ။ လုပ်ရက်လိုက်ကြတာ။ သူတို့အမေတွေ က လေးတွေကို မျှော်နေရှာမှာပေါ့ဗျာ။ သူတို့လည်း အမေတွေဆီ ပြန်ချင်ရှာမှာပေါ့ဗျာ။ ခင်ဗျားတို့ဗျာ။ လုပ်ရက် လိုက်ကြတာ။ ကျွန်ဈေး ဟုတ်လား။ ကျွန်ဈေးတဲ့လား။ လူတွေကို ကျွန်တွေဆိုပြီး ဒီနေရာမှာ ရောင်းတာတဲ့ လား။ ဒီနေရာမှာ လူတွေကို ပစ္စည်းတွေရောင်းသလို ကျွဲနွားတွေ ရောင်းသလို ရောင်းကြဝယ်ကြ လဲကြလှယ် ကြတာပေါ့။ ဒီမှာပေါ့။ ဒီနေရာမှာ။ ဘုရား ... ဘုရား။ ဘုရား ... ဘုရား ...။ ငါလာမိတာ မှားပြီ။ ဟိုမှာ ကလေး တွေ ... ကလေးတွေ ...။ အမေတွေ ... အမေတွေ ...။ သံကြိုးတွေ၊ ခြေကျဉ်းတွေ၊ လက်ထိပ်တွေ တချွင်ချွင် နဲ့ပါလား။ ဘုရားရေ ... ကြာပွတ်သံတွေ ... ကြာပွတ်သံတွေ ...။ သူတို့ လူတွေပါဗျာ။ လူတွေပါ ခင်ဗျားတို့လို လူတွေပါဗျာ။ ကလေးတွေ ... ကလေးတွေ ... ငိုသံတွေပါလား ...။
“ဒီမှာ မင်းဘာဖြစ်လို့လဲ။ ငါ ဘာလုပ်ပေးရမလဲ။ ခဏလောက်ထိုင်လိုက်ပါလား။ ရေနည်းနည်းသောက်လိုက် ပါလား။ ဆေးလိပ်သောက်မလား” ဆိုသည့်အသံ၊ ပခုံးအပုတ်ခံလိုက်ရသည့် အသိကြောင့် စိတ်သည် ပစ္စုပ္ပန် ကို ပြန်လည်လာ၏။ မကြည့်မိရင် ကောင်းသား။ ကြည့်မိလည်း မဖတ်မိရင် ကောင်းသား။ ဖတ်မိလည်း အင်္ဂ လိပ်လို မတတ်ရင်ကောင်းသား၊ ဒီနေရာကို မလာမိရင်ကောင်းသား၊ ဒီကိုမလာမိရင် ကောင်းသား … ကောင်း သား … ကောင်းသားတွေနဲ့အတူ ဝတ်စုံဖြူဂစ်တာသမားကို နှုတ်ဆက်ပြီး ပြန်ထွက်တော့ သူက “မင်းတို့တိုင်း ပြည် မြန်မြန်လွတ်လပ်ပါစေကွာ” တဲ့။
(ဆက်ပါဦးမယ်)
မျိုးမြင့်ချို
1 comment:
ဒီဆောင်းပါးလေးကောင်းတယ်ဗျာ.... ရင်ထဲမှာ တခုခုကျန်ခဲ့တယ်။ ဆက်ရေးပါအုံး .... ကိုမျိုးမြင့်ချို။
Post a Comment