Thursday, July 28, 2011

လမ်းမှားတဲ့ သေနတ်

လမ်းမှားတဲ့ သေနတ်
မောင်မောင်ငြိမ်းအေး

ချမ်းရှာလွန်းလို့
နှင်းဖွေးဖွေးနဲ့ ...
ဝင်ရိုးစွန်းလေ အေးအေးစက်စက်တွေကို
အမြဲခြုံထားရတဲ့မြို့။

သူများတွေလို
နေမင်းကြီးရဲ့ ရွှေရောင်ဆံနွယ်စတွေကို
နေ့ဘက်မှာ ဖြီးသင်ခွင့်မရ
ညမှသာ ပွတ်သပ်ထိနမ်းခွင့်ရတဲ့မြို့။

တမူးရလို့ တပဲလှူဆိုတဲ့အတိုင်း
နှလုံးသားတွေကို လက်ဆင့်ကမ်း
သူ့ဝမ်းနာ ကိုယ်သိ
ကိုယ့်ဝမ်းနာ သူသိပြီး
တမအေထဲက မွေးလာကြတဲ့သူတွေ
သမိုင်းလှလှ ရေးထိုးရင်း
မြို့ဂုဏ်ကို မြှင့်တင်နေတဲ့မြို့။

ရှက်တတ်တဲ့ စိတ်ကလေးကြောင့်
စကန်ဒီနေဗီးယန်းကျွန်းတွေနဲ့
ချူလင်တောင်တန်းမြင့်မြင့်တွေကြား
ခေါင်းထိုးထားတဲ့မြို့။

အတ္တလန်တိတ်သမုဒ္ဒရာရဲ့
လှိုင်းရိုက်သံ တဝုန်းဝုန်းကို ကြားနေရမှ
အမေက ချော့သိပ်သလိုမျိုး
အိပ်ရေးဝ အိပ်မက်မက်နိုင်တဲ့မြို့။

ဟစ်တလာရဲ့ စစ်ဖိနပ်ကြမ်းကြမ်းတွေကို
အမျိုးချစ်တဲ့ စိတ်နဲ့ အံတင်း
တောင်တန်း လွင်ပြင် ကျွန်းဆွယ်တွေအနှံ့ ...
သူတို့ရဲ့တေးသံတွေနဲ့
သူတို့ရဲ့အလံတွေ
တလူလူလွင့်နေနိုင်အောင်
ခါးရိုးမတ်မတ်တွေနဲ့ လွှင့်ထူခဲ့တဲ့မြို့။

အဲဒီလို ယဉ်ကျေးသိမ်မွေ့တဲ့ မြို့ကလေးကိုမှ
သေနတ်တလက်က
မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တယ်
အူတိုရာကျွန်းကလေးအပေါ်
မကောင်းဆိုးဝါးတွေကို အန်ချ
ဓာရဏပရိတ်တောင် မရွတ်နိုင်ရှာကြဘူးလေ
နှင်းတွေက ရဲပတောင်းခတ်လို့။

ဒီကလေးတွေက
ကလေးတွေပါ
သူတို့ ပျော်နေကြတာပါ
သူတို့ ကခုန်နေကြတာပါ
သူတို့ စားသောက်နေကြတာပါ
သူတို့ ကစားနေကြတာပါ
သူတို့ ရေကူးနေတြတာပါ
သူတို့ကို ခင်ဗျားမသိသလို
ခင်ဗျားကိုလည်း သူတို့မသိကြပါဘူး
ဘာဖြစ်လို့များ
ဘယ်လိုအတိတ်ကံအကြောင်းတွေနဲ့
အဲဒီဖြူစင်လှပတဲ့ အနာဂတ်လမင်းကလေးတွေကိုမှ
သွေးစွန်းစေခဲ့ရတာလဲကွာ။

သွားကြ သွားကြ
မကောင်းဆိုးဝါးတွေ သွားကြ
မကောင်းဆိုးဝါးတွေ သွားရမယ့်လမ်းကို သွားကြ
စတန့်ထွင်တာတွေ မလိုချင်ဘူး
စိတ္တဇဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေ မလိုချင်ဘူး
နာမည်ကြီးချင်တာတွေ မလိုချင်ဘူး
အရူးချေးပန်းလုပ်ရပ်တွေ မလိုချင်ဘူး
လက်ဝဲလက်ယာတွေ မလိုချင်ဘူး
အသက်ဝိညာဉ်တွေကို ပျက်ရယ်ပြုတဲ့
သေနတ်တွေကို မလိုချင်ဘူး
ငြိမ်းချမ်းရေးဆိုတာ
(၉၆) ပါးရောဂါပျောက်တဲ့ ဆေးပဲမဟုတ်လား
အားလုံးနဲ့ တည့်ပါတယ်။

အခုတော့
မှည့်တောင်မမှည့်လိုက်ရဘဲ
ကြွေကျသွားတဲ့ သစ်သီးတလုံးလို
ပွင့်တောင်မပွင့်လိုက်ရဘဲ
ခြွေချခံရတဲ့ ပန်းကလေးတပွင့်လို
ပျံတောင်မပျံလိုက်ရဘဲ
မြေခသွားရတဲ့ ငှက်ကလေးတကောင်လို
သစ်ပင်တွေအောက်မှာ ...
ကမ်းစပ်မှာ ...
ရေထဲမှာ ...
မြက်ခင်းစိမ်းစိမ်းတွေအပေါ်မှာ
ပက်လက်၊ မှောက်ခုံ၊ ပေါလောပေါ်မျောရင်း
ပွဲချင်းပြီးသွားခဲ့ကြ
လိပ်ပြာတွေတောင် လိပ်ပြာလွင့်စင်သွားပေါ့
မြို့ကလေးရဲ့သမိုင်း
ရိုင်းခဲ့ပြီ။

တရားဥပဒေဆိုတာ
ချိန်ခွင်သက်သက်မဟုတ်တဲ့ ဒီနိုင်ငံမှာ
Anders Behring Breivik ရေ ...
မင်းစိုက်ပျိုးတဲ့ သစ်သီး
မင်းစားသုံးရလိမ့်မယ်
အလျှောက်ကောင်းလှပါချည်ရဲ့ဆိုတဲ့
ရှေ့နေတွေလည်း
မင်းကို ကယ်နိုင်တော့မှာမဟုတ်ဘူး
မင်းတို့ဥပဒေအရတော့
အများဆုံးမှ ထောင်ဒဏ် (၂၁) နှစ်ပေါ့ကွာ
လူသားဆန်တဲ့ လူသားအားလုံးကတော့
မင်းကို ကြိုးတချောင်းရစေချင်ကြတယ်
ဒါတောင် ...
တန်သလား မတန်ဘူးလားဆိုတဲ့ကိစ္စ
စဉ်းစားရမှာကိုက မတန်ဘူးမဟုတ်လား။

ဝမ်းနည်းပါတယ်ဆိုတဲ့ ဝမ်းနည်းစကားဟာ
ဝမ်းနည်းနေတဲ့ မိသားစုဝင်တွေရဲ့
ဝမ်းနည်းမှုကို
ဝမ်းမနည်းအောင် မငြှိမ်းသတ်နိုင်ပါဘူး
ဒါပေမယ့် ...
လှိုက်လှိုက်လှဲလှဲ ရင်ထဲအသည်းထဲကနေ
ဝမ်း
နည်း
ပါ

စေ ...။ ။

မောင်မောင်ငြိမ်းအေး

2 comments:

မဆုမွန် said...

ဖေ့စ်ဘွတ်ခ်မှာ ရှယ်သွားပါတယ်

မင်းတာရာ said...

ဆင်တူရိုးမှားတွေက
ရွာရိုးကိုးပေါက်
လမ်းလျှောက်နေကြတယ်။