Sunday, June 12, 2011

ကျနော်ရောက်ခဲ့ဖူးသော ထိုင်း-မြန်မာနယ်စပ်ဂိတ်များ - အပိုင်း (၃)

နတ်အိမ်တောင်နဲ့ ဘုရားသုံးဆူဂိတ် (သို့မဟုတ်)
နယ်ကျွံသွားတဲ့ သူပုန်သတင်းထောက်ရဲ့ ရင်ခုန်သံ
ထက်အောင်ကျော်

သွားဖူးခဲ့သမျှ နယ်စပ်ဂိတ်တွေထဲ ကျနော့်အတွက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နယ်စပ်ဂိတ် (၂) ခုက တော့ နတ်အိမ်တောင်နယ်စပ်ဂိတ်နဲ့ ဘုရားသုံးဆူနယ်စပ်ဂိတ်တွေပါ။ နတ်အိမ်တောင်ဆိုတာဟာ ရတနာ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ထိုင်း-မြန်မာနယ်စပ် တည့်တည့်က ကျေးရွာတခုဖြစ်ပြီး အဲဒီပိုက်လိုင်းမဖြတ် ခင်အထိ KNU နဲ့ ABSDF ကျောင်းသားတွေရဲ့ ကုန်သွယ်ရေးစခန်းကြီးပါ။ ကျနော်ကိုယ်တိုင်လည်း ABSDF အဖွဲ့ဝင်တဦးအဖြစ် အဲဒီမှာ နေဖူးတဲ့အပြင် ပိုက်လိုင်းစီမံကိန်းတလျှောက်မှာလည်း သတင်းထောက်ပေါက်စ တဦးအဖြစ်နဲ့ အဲဒီဝန်းကျင်ကို မကြာခဏ ရောက်ခဲ့ဖူးသူပါ။

ကျနော့်အထင် ၁၉၉၆ နှောင်းပိုင်းလို့ထင်ပါတယ်။ ပိုက်လိုင်းတည်ဆောက်မှု မြန်မာဘက်ခြမ်း အပြီးသတ်တဲ့ နေ့မှာ မှတ်တမ်းဓာတ်ပုံရိုက်ဖို့အတွက် ပြင်သစ်သတင်းထောက်တဦးနဲ့အတူ အဲဒီနတ်အိမ်တောင်စခန်းကို ကျ နော် ရောက်သွားပါတယ်။ အဲဒီကာလက ကျနော့်မှာ ခရီးသွားလက်မှတ်ဆိုလို့ မြန်မာစာအုပ်အတုတောင် မရှိ သေး။ ဘန်ကောက်-ခေါက်ဆန်လမ်းမှာ လုပ်ထားတဲ့ သတင်းထောက်ကတ်ပြားအတုတခုကလွဲပြီး ဘာမှမရှိ။ ဒါပေမယ့် ကျနော်နဲ့အတူသွားတဲ့ ပြင်သစ်သတင်းထောက်မှာတော့ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပေးထား တဲ့ သတင်းထောက်ကတ်ရှိတဲ့အတွက် ကန်ချနပူရီ-ထုံပါဖုံ-နတ်အိမ်တောင်လမ်းတလျှောက်ရှိ ရဲနဲ့ တောချ တော (ထိုင်း-နယ်ခြားစောင့်တပ်လို့ ခေါ်ရမယ်ထင်ပါတယ်) က သိပ်မစစ်ဆေးပါဘူး။


ဂက်စ်ပိုက်လိုင်း (ရုပ်သံ)

နတ်အိမ်တောင်ကိုအတက် နောက်ဆုံးဂိတ် (မြန်မာအခေါ် ကျောင်းသားစခန်း သို့မဟုတ် ကျောက်ပုံစခန်း) ရောက်တော့ အိုင်ဒီတွေကို အသေအချာ ထုတ်စစ်ပါတယ်။ ထုံးစံအတိုင်း ထိုင်းတ၀က် အင်္ဂလိပ်တ၀က်နဲ့ ရွှီး တဲ့အခါမှာတော့ “မင်းက ပြင်သစ်သတင်းထောက်အတွက် မြန်မာ-ထိုင်း-အင်္ဂလိပ် စကားပြန်လို့ပြောပြီး ထိုင်း စကားလည်း မပီဘူး” လို့ တောချတောတဦး ပြုံးစိစိနဲ့ ပြောပြီး “ပိုင် ... ပိုင်” လို့ ပြောပါတယ်။ နိုင်ငံခြားသား လုံခြုံရေးအတွက် သူတို့ဆီက စစ်သားတဦး ထည့်ပေးရမလားလို့မေးတော့ ပြင်သစ်သတင်းထောက်က “မလို ဘူး၊ ရတယ်” လို့ ပြောတဲ့အတွက် ထိုင်းစစ်သားမပါဘဲ ကျနော်တို့ (၂) ဦးတည်း ဆက်လျှောက်လာပါတယ်။

ဒါပေမယ့် နတ်အိတ်တောင်အခြေအနေက အရင် ကျနော်တို့ ABSDF အခြေစိုက်တုန်းကလိုမဟုတ်တော့။ ကျ နော်တို့ကျောင်းသားစခန်းဟောင်းခြေရင်းမှာ အမှတ် (၂၈၈) တပ်ရင်း ဆိုင်းဘုတ်ကို တွေ့ရပြီး လက်နက်ကိုင် စစ်သားတွေကလည်း အပြည့်။ နိုင်ငံခြားသတင်းထောက်ပုံဖမ်းပြီး ခပ်တည်တည်နဲ့ ဆက်လျှောက်သွားတော့ ပိုက်လိုင်းချနေတဲ့နေရာ အလံတိုင်ကုန်းခြေရင်းကို ရောက်သွားပါတယ်။ ဓာတ်ပုံရိုက်ဖို့ပြင်တော့ “No Photo, No Photo” ဆိုပြီး ကာဘိုင်သေနတ်နဲ့ ၀ါကီတော်ကီ ကိုင်ထားတဲ့ တပ်ကြပ်ကြီးတဦးက ကျနော့်ဆီ ပြေးလာ ပြီး ကင်မရာကို လက်နဲ့ လာပိတ်ပါတယ်။ “Sorry” လို့ ပြောပီး အလံတိုင်ကုန်းဘက်တက်ဖို့ပြင်တော့ “ခင်ဗျားက ဂျပန်လား၊ ဒီမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး” လို့ အဲဒီတပ်ကြပ်ကြီးက မြန်မာအသံထွက် အင်္ဂလိပ်ဘာသာစ ကားနဲ့ ပြောပါတယ်။ ကျနော် ပြန်ပြောရင် ကျနော့်မြန်မာအသံထွက်ကို ရိပ်မိပြီး ပြဿနာတက်မှာစိုးတာနဲ့ သူ့ ရဲ့အင်္ဂလိပ်စကားကို နားမလည်သလို ဟန်ဆောင်ပြီး ဘာမှပြန်ပြောဘဲ ပြုံးပြီး ဟိုငေး ဒီငေးနဲ့သာ သင့်သလို နေလိုက်ပါတယ်။

ဒါပေမယ့် အခြေအနေက ကြာကြာနေရင် ပေါ်တော့မှာဖြစ်တဲ့အတွက် ပြင်သစ်သတင်းထောက်ကို ပြောပြပြီး ထိုင်းဘက်ကမ်းကို ကျနော် ပြန်ပြေးဆင်းလာခဲ့ပါတယ်။ ပြင်သစ်သတင်းထောက်ကတော့ ကျနော် သင်ပေး ထားတဲ့ မြန်မာစကား အနည်းအကျဉ်းကို အသုံးချ၊ (၂၈၈) တပ်ရင်းထဲအထိ ၀င်ပြီး တပ်ရင်းမှူးနဲ့တောင် အင် တာဗျုးလုပ်နိုင်ခဲ့ပါတယ်။ (၁၉၉၉ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ ဓာတ်ပုံအပါအ ၀င်) အလွန်အသုံးဝင်တဲ့ ဓာတ်ပုံအတော်မျာများကိုလည်း သူရိုက်ယူနိုင်ခဲ့ပါတယ် (အဲဒီကာလက ဗွီဒီယိုကင် မရာ မရှိသေးတဲ့အတွက် ၂၀၀၈ မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို တင်ပေးထားပါတယ်)။

ကျနော့်အတွက် ဒုတိယ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နယ်စပ်ဂိတ်ကတော့ ဘုရားသုံးဆူဂိတ်ပါ။ ဘုရားသုံး ဆူဟာလည်း ABSDF မှာ ကျနော် တာဝန်ထမ်းစဉ် ၁၉၈၉ အစောပိုင်းမှာ ရောက်ခဲ့ဖူးတဲ့နေရာပါ။ အဲဒီကာလ ကတော့ စန်ခရ-သုံးဆူလမ်းဟာ မြေနီလမ်းအဆင့်ပဲရှိသေးပြီး ဘုရားသုံးဆူဂိတ်ကိုတော့ ကေအန်ယူနဲ့ မွန် ပြည်သစ်တို့ရဲ့ ပူးတွဲအုပ်ချုပ်ရေးအဖွဲ့က စီမံခန့်ခွဲနေပါတယ်။ ဒေသတခုလုံးကို အတိုက်ခံလက်နက်ကိုင်အင် အားစုတွေက ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး သုံးဆူကနေ မက္ကသာ-ရွာကိုဖြတ် ကေအန် ယူ တပ်မဟာ (၆) နယ်ထဲဝင်ပြီး မဲဆောက်အထိ ကားလမ်းနဲ့ သွားနိုင်တဲ့အခြေအနေပါ။ ဒါပေမယ့် ကံဆိုးချင် တော့ ကျနော်တို့အဖွဲ့ သွားတဲ့အချိန်ကျမှပဲ ရှေ့တန်းမှာ စစ်ကြောင်းရှုပ်နေလို့ လုံခြုံရေးစိတ်မချရဘူး။ ကားမ ပြေးဘူး။ ဘန်ကောက်ကပဲ ပြန်ပတ်ပြီး သွားပါဆိုလို့ ကျနော်တို့အုပ်စု ABSDF တပ်ရင်း ၁၀၁ နဲ့ ၁၀၂ မှာ သီ တင်းနှစ်ပတ်ကြာ သောင်တင်နေခဲ့ပါတယ်။


ဘုရားသုံးဆူနယ်စပ်ဂိတ် (ရုပ်သံ)

ကျောင်းသားတပ်ရင်းတွေဖြစ်တဲ့ ၁၀၁ နဲ့ ၁၀၂ အခြေစိုက်တဲ့နေရာက မွန်ပြည်သစ်ပါတီဌာနချုပ်နဲ့ နီးနီးလေး။ တပ်ရင်းရုံးကနေ (၅) မိနစ်လောက် လျှောက်လိုက်တာနဲ့ စန်ခရ-သုံးဆူ ကားလမ်းပေါ် ရောက်နေပြီ။ အဲဒီ ကားလမ်းရဲ့ ဒီဘက်ခြမ်းဟာ မြန်မာနယ်မြေဖြစ်ပြီး ရုပ်ရှင်ရုံကြီးတခုရှိတဲ့ ကားလမ်းဟိုဘက်ကမ်းတလျှောက် ကတော့ ထိုင်းနယ်မြေလို့ ဆိုပါတယ်။ ဒါပေမယ့် ကားကို ဘာမှအတားဆီးမရှိပါဘူး။ မွန်တပ်ဖွဲ့တွေ၊ ကျောင်း သားတပ်ဖွဲ့တွေ၊ သာမန်ပြည်သူတွေအားလုံး ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ် သွားလာနေတာကို တွေ့နေရပါ တယ်။ အဲဒီကျောင်းသားစခန်းရဲ့ ကားလမ်းတဘက်ခြမ်းက ရွာရဲ့အမည်ကိုတော့ ‘နန်းမကိတ်’ လို့ ကျနော့် စိတ်ထဲမှတ်မိနေပါတယ်။

အဲဒီခရီးစဉ်နောက်ပိုင်းကစပြီး သုံးဆူဘက်ကို ကျနော် မရောက်ဖြစ်တာ ၂၀၀၆ နှောင်းပိုင်းအထိလို့ ထင်ပါ တယ်။ ၂၀၀၆-၂၀၀၇ ထိုင်းခရီးစဉ်အတွင်း သုံးဆူဒေသကို ကျနော် သွားလေ့လာကြည့်တော့ အခြေအနေက အတော်ပြောင်းလဲနေပြီ။ တချိန်က မြေနီလမ်းလေးဟာ အခုတော့ (၄) လမ်းသွား ဟိုက်ဝေးကားလမ်းကြီးဖြစ် နေပါပြီ။ သုံးဆူမြို့ကိုလည်း နအဖက အုပ်ချုပ်ရေးချထားပြီး ရှေ့မှာ ကျနော်ပြောခဲ့တဲ့ ကားလမ်းတလျှောက် က မွန်ပြည်သစ်နဲ့ ABSDF တပ်တွေဟာလည်း ဒီကားလမ်းဝန်းကျင်မှာ မရှိတော့ပါဘူး။ ၁၉၉၁ ၀န်းကျင် သုံး ဆူတိုက်ပွဲ ပြီးကတည်းက မွန်ပြည်သစ်ပါတီဟာ ဒီဒေသကနေ ဌာနချုပ်ရွှေ့သွားပြီး ရေးချောင်းဖျားမှာ အခြေ စိုက်ထားပါတယ်။ ၁၉၉၅ မှာ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ပြီး အခုတော့ အခြေအနေက ပြန်လည် တင်းမာလာနေပါတယ်။

ဒါပေမယ့် စေတီသုံးဆူရှိတဲ့နေရာနဲ့ အဲဒီဝန်းကျင်က ဆိုင်တန်းတွေကတော့ အရင်ကထက် ပိုစည်ကားလာ တာကလွဲရင် သိပ်အပြောင်းလဲမတွေ့ရပါဘူး။ စေတီ (၃) ဆူရှေ့မှာ ကင်မရာကို ထောင်၊ သုံးဆူဘက်ကို ဆွဲ ရိုက်၊ နယ်စပ်ဂိတ်တည့်တည့်မှာ ရိုက်၊ အလံတိုင်ပတ်လည်က ဆိုင်တန်းတွေကို ရိုက်၊ သစ်ခွပန်းရောင်းနေတဲ့ ဆိုင်တန်းတွေကို ရိုက်ပြီးတဲ့အခါမှာတော့ ဗိုက်ဆာလာတဲ့အတွက် ကွီတီယို စားမယ်ဆိုပီး အလံတိုင်ဘေးက ဆိုင်တဆိုင်ထဲ ကျနော် ၀င်လိုက်ပါတယ်။ ကွီတီယိုနဲ့ ခေါက်ဖတ်ကိုင် (ထိုင်းခေါက်ဆွဲပြုတ်နဲ့ ထမင်းကြော်) ကို မှာထားပြီး အပေါ့အပါးသွားချင်လို့ ဆိုင်နောက်ဖေးကို ကျနော်ဝင်သွားပါတယ်။

ကံဆိုးတယ် ပြောရမလား၊ ကံကောင်းတယ် ပြောရမလား မသိပါ။ အိမ်သာတံခါးနဲ့ အိမ်နောက် ဖေးတံခါးကို မှားဖွင့်မိပြီး မြန်မာနယ်မြေထဲကို ကျနော်ရောက်သွားပါတယ်။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံတွေကို ဘယ်လိုအက် ဒစ်လုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားနေတဲ့ ကျနော့်ခေါင်းက မြန်မာနယ်မြေထဲရောက်လို့ ရောက်မှန်းမသိ သေး။ ရှုးရှုးပေါက်ဖို့ သစ်ပင်တွေ။

ခြုံတွေကွယ်တဲ့နေရာကို ရှာရင်းနဲ့ ရှေ့မှာ ကြယ် (၁၄) လုံး ပါတဲ့ အနီရောင်အလံကြီးကို တွေ့လိုက်ပါတယ်။ အသေအချာကြည့်တော့ ယယကရုံး ဖြစ်နေပါတယ်။ ဒီတော့မှ အိမ်သာတံခါးနဲ့ အိမ်နောက်ဖေးတံခါး မှားဖွင့် ပြီး မြန်မာနယ်မြေထဲ ရောက်နေပြီဆိုတာကို သိလိုက်တဲ့အတွက် ရှုးရှုးတောင်မပေါက်နိုင်ဘဲ ခပ်မြန်မြန် ပြန် ပြေးလာခဲ့ရပါတယ်။ (အပေါ်မှာ ဘုရားသုံးဆူက ပုံတွေကို ဗွီဒီယိုဖိုင်နဲ့ တင်ပေးထားပါတယ်)

ရနောင်း-ကော့သောင်းဂိတ် (သို့မဟုတ်) သက်စွန့်ဆံဖျား ပဲချိတ်သမားများ

ရနောင်း-ကော့သောင်းဂိတ်ကိုတော့ ဒီတခေါက်ခရီးစဉ်အတွင်း ခဏရောက်ဖြစ်ပေမယ့် ဗွီဒီယိုရိုက်ဖို့ အခြေအ နေမရခဲ့။ ဒါကြောင့် ပြီးခဲ့နှစ်အတွင်း ရိုက်ကူးထားတဲ့ နယ်စပ်ဂိတ်များခရီးစဉ် ဗွီဒီယိုကိုပဲ တင်ပေးလိုက်တယ်။


ရနောင်း-ကော့သောင်း နယ်စပ်ဂိတ် (ရုပ်သံ)

ထက်အောင်ကျော်

No comments: