Thursday, June 9, 2011

ဝန်မင်း ဝေချီသို့ ...

ဝန်မင်း ဝေချီသို့ ...
ဘာသာပြန်-မနှင်းပွင့်

လုလင်ရွယ်ဖြိုး မြင့်အမျိုးတို့
ပိုးဝတ်အစုံဆင်ကာသ ကြုံခဲဒုက္ခ ဒီဘဝ ... တဲ့
ခုတော့နော် ... မွဲဆေးဖော် ငတ်ဘိခြင်း ပညာရှိအဆင်းကွဲ့ ...။

နားထောင်ပါဦး ဝန်မင်းငဲ့ ...
ကျုပ်အကြောင်းစုံလင် ကရုဏာထိပ်ထား
ကျေးဇူးလည်းများပါရဲ့ ...။

နုမျစ်ပျိုလွင် ငယ်စဉ်တုန်းက ချန်ဂန်းနယ်တခွင်
ရေးပြန်ဖတ်ပြန် ခြယ်မှုန်းပြန်နဲ့
ကျုပ်ကလောင် ပြောင်လှပါသတဲ့
ဖွဲ့ကဗျာသီမဆုံး သီကုံးပန်းသွင်
ယှဉ်ချင်ယှဉ်မလား ထိပ်ဆုံးမှာပျော်
ဟိတ်အကျော်အမော် လူဇော်ကဝိတွေက
အဖော်အလှော်လုပ်ပါရစေကွဲ့
ဆိုလာခဲ့ ...။

ဒါနဲ့ပေါ့လေ ဒီလောက်ဟုန်းဟုန်းတောက်နေမှတော့
ဘုန်းဘုရားအောက်မှ အခစားမဝင်ရင်
စင်တော်က ဘယ်ကောက်ပါ့မလဲ ထင်ပေါ်မှဖြစ်မှာကိုး ...။
တိုင်းကျိုးပြည်ကျိုး သယ်ကာပိုးဖို့
စိုးဟယ်မိုးဟယ် တာဝန်လွယ်ဖို့
ဖယ်ဟယ်သန့်ဟယ် အသရေဆယ်ဖို့
ကျုပ်လာခဲ့တယ် ထင်တလုံးနဲ့ ...။

ဒီလိုနဲ့ ... ကာလတွေနှောင်း အမြင်ပြောင်းလာ
ကျုပ်သီချင်းကောင်းတွေကလည်း လောကနဲ့အမြင်တိမ်းစောင်းအောင်
ဗိန်းဗောင်းတီးတတ်သကိုး ...
ဒီလိုနဲ့ကျုပ် မြည်းတစ်စီးနဲ့ နယ်ပြောင်းတာကိုက
တဆယ့်သုံးနှစ်ကြာညောင်းသဗျား ...။

အခုတော့ ... နေပြည်တော်မှာ နွေဦးပေါ့
မနက်ဆို ကြေးရတတ်တွေအိမ်ရှေ့
ယို့ယို့လေးရပ်တယ် ...။
ညနေညိုရင် ဖုတ်ထောင်းထောင်းထအောင်
ကဆုန်ပေါက်နေတဲ့ မြင်းထွားကြီးတွေကြား
လမ်းသလားတယ် ...။
ခါးသီးနာကြည်းတာတွေကို မျိုသိပ်လည်း
သူကြွယ်တို့ရဲ့ စားတော်ပွဲကျ
စားနုတ်စားပေါက်အေးခဲခဲတွေက
ရင်ကိုထိုးခွဲတယ် ...။

တခါများမတော့ ... ရွှေနန်းက သဝဏ်လွှာရောက်
ပေါက်ပေါက်မြောက်မြောက်ရှိသူတွေ
ဘုန်းတော်အောက်ဝင်စေတဲ့
ကျုပ်လည်းရောက်မယ့်ရောက်မှတော့ ထိပ်ပဲဟဲ့လို့
စိတ်ထဲထည့်မိသေးရဲ့ ...။

ခုတော့လည်း ... ကျုပ်ဘဝ မလှမပနဲ့
ပျံလမ်းပျောက်တဲ့ ငှက်မျိုး
မိုးနတ်က လက်မခံ မာန်လျှော့ရပြန်
ကန်ထဲသွား အားလျော့ခဲ့ပြန်
မဟန်တော့တဲ့ ရေနည်းငါးပေမို့
မြူးသွက်ချင်ပေမယ့် ကူးခတ်တာကိုတောင် မေ့လျော့ခဲ့ပြီ ...။

အလီလီနဲ့ ဝန်မင်းစေတနာ ကရုဏာတွေအတွက်
ဆပ်မကုန်ပါဘူး ကျေးဇူးကြီးလှပါရဲ့
မတန်မထိုက်ပေမယ့် ကံလိုက်တယ်ဆိုရမလား
အများနဲ့ကြုံ လူစုံတိုင်း
ကျုပ်လိုငနဲ မျက်နှာမွဲရဲ့ အင်္လကာစာကဗျာတွေကို
ကိုးကားပြောဆိုသတဲ့လေ ... ကိုင်း ...။

ဒါနဲ့ ... ဝန်မင်းနဲ့ထိုက်စွာ
အရိုက်အရာအသစ် ချီးမြှင့်ခံရသဆို
အို ... မုဒိတာလည်းပွားမိပါရဲ့ ...။
တဘက်မှာတော့ လုံးလုံးကြီးအကျပ်ရိုက်
ပျက်စီးခြင်းကပ်ဆိုက်နေတဲ့
ကျုပ်ကိုယ်ကျုပ် ... စက်ဆုပ်မိတယ် ...။

ဝေဒနာနှိပ်စက် ခြေကမျက်နဲ့
စိတ်အားလျော့လာ
ထွက်တော်မူနန်းကခွာတော့မယ် ...။
အရှေ့ကိုဦးတည် ပင်လယ်ဆီ ကျုပ်သွားမယ်
ကမ်းစပ်မှာ တခန်းရပ်မယ် ...။
ရွှေမြို့တော်ကို ကျောခိုင်း ... တောပိုင်းမှာ အခြေချ
ဒက္ခိဏတောင်တန်းလှတွေနဲ့ဝေမြစ်ကြည်ကြည်
ရည်မျှော်တမ်းတလွမ်းရတော့မယ် ...။

ဆိုတော့ ဝန်မင်းရေ ...
ပကာသနကင်း ... ရိုးရှင်းတဲ့အစာဆိုတာ
တသက်မှာ တခါသာတဆုပ်ကြဲပေမယ့်
ချို့ငဲ့သူအတွက် အကြင်နာတလှည်းပါပဲ ...။
ဝန်မင်းကျေးဇူးကြီးလှပါရဲ့
သို့ပေမယ့် အတောင်ဖြန့်မိပြီမို့
လှောင်ချိုင့်ထဲ တန့်ချည့်နေမဖြစ်တော့ဘူး
လေရူးနဲ့အတူ ကျုပ်ပြေးတော့မယ်
ဝေးသထက်ဝေးရာဆီ ...။ ။

TO MINISTER WEI CHI
TU FU (712-770)
TANG DYNASTY

ဘာသာပြန်-မနှင်းပွင့်

No comments: