Saturday, May 14, 2011

ထိုင်းတောင်ပိုင်းသို့ ခရီးသွားခြင်း (သို့မဟုတ်) တနင်္သာရီရိုးမရဲ့ အခြားတဘက် မျက်နှာမှာ ...

ထိုင်းတောင်ပိုင်းသို့ ခရီးသွားခြင်း (သို့မဟုတ်)
တနင်္သာရီရိုးမရဲ့ အခြားတဘက်မျက်နှာမှာ ...
ထက်အောင်ကျော်

မတ်လ နောက်ဆုံးသတင်းပတ်ဆိုတာဟာ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ရဲ့ နွေခေါင်ခေါင်ကာလဖြစ်ပေမယ့် ဒီနှစ် ဘန်ကောက်ရာသီဥတုက အရင်နှစ်တွေလိုမဟုတ်။ သုဝဏ္ဏဘူမိလေယာဉ်ကွင်းက ထွက်ကတည်းက မိုးဖွဲဖွဲ လေးရွာနေတာကို သတိထားမိပါတယ်။ အသစ်ဖွင့်ကာစ လေယာဉ်ကွင်းရထား airport link နဲ့ မြို့ထဲဝင် တော့ (၄၅) ဘတ်ပဲ ပေးရတယ်။ အရင်ကဆိုရင် လေယာဉ်ကွင်းတက္ကစီက (၃၅၀) နဲ့ (၄၀၀) ကြား ယူတာမို့ (၁၀) ဆတောင် သက်သာနေပါတယ်။ ရထားထဲမှာ အဲယားကွန်း ကောင်းလွန်းလို့ အေးနေတယ်လို့ ထင်ပေ မယ့် တကယ်က အပြင်မှာလည်း ထူးထူးခြားခြား အပူချိန်ကျနေတာကို ပယာထိုင်း ဘူတာအရောက်မှာမှ ပို သတိထားမိပါတယ်။ ဥရောပရဲ့ဆောင်းရာသီကို ရှောင်ပြီး အာရှမှာနေပူစာလှုံချင်တဲ့ လူတွေအတွက်ကတော့ ဒီနှစ် ဘန်ကောက်ရာသီဥတုက သိပ်တွက်ခြေမကိုက်လှ။

ဒီလိုနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဆီ ခရီးသွားဖို့ ပြင်တော့ တောင်ပိုင်းမှာ မိုးရွာ၊ ရေတွေကြီးနေလို့ လေယာဉ်ခရီး စဉ်တချို့ရပ်၊ ဘတ်စကားတွေလည်း ရပ်ထားတာနဲ့ တိုးနေပြန်ရော။ ဒီလိုနဲ့ ဘန်ကောက်မှာ သတင်းတပတ် နီးပါး သောင်တင်အပြီးမှာတော့ ပူးခက်ကမ်းခြေဆီ ဘတ်စကားနဲ့ ခရီးနှင်ခဲ့ပါတယ်။

ပူးခက်နဲ့ ထားဝယ်၊ ဖန်တောင်းနဲ့ မောင်းမကန်

ပူးခက်နဲ့ ထိုင်းတောင်ပိုင်းမှာ မြန်မာတွေ၊ အထူးသဖြင့် ထားဝယ်ဒေသက လူတွေ ဘယ်လောက်များသလဲ ဆိုရင် ပူးခက်-ဘတ်စကားဂိတ်အပေါ်ထပ်က ကော်ဖီဆိုင်မှာ ကောင်တာထိုင်နေတဲ့ ကောင်မလေးက ထား ၀ယ်သူဖြစ်နေတာကို ကျနော်တွေ့ရပါတယ်။ တိုးရစ်တွေ၊ ဖလန်တွေနဲ့ ဘိုလိုပြောနေတဲ့ အသက် (၂၀) ကျော် အရွယ် သူမကို ကျနော်က ထားဝယ်သူလို့ မထင်ခဲ့။ ကော်ဖီနဲ့ တခြားစားစရာတချို့ကို ဘိုလိုမှုတ်ပြီး မှာတဲ့ ကျနော့်ကို သူကလည်း ဘိုသံပီပီသသနဲ့ ပြန်ပြောတော့ ကျနော့်စိတ်ထဲ ပညာတတ် ထိုင်းအမျိုးသမီးတဦးလို့ပဲ ထင်ခဲ့ပေါ့။ ဒါပေမယ့် ကျနော် ကော်ဖီသောက်နေစဉ် အဲဒီကောင်မလေးဆီ ဖုန်းဝင်လာပီး စကားပြောသံ ကြားတော့မှ ထိုင်းသံလည်းမဟုတ်၊ ဗမာသံလည်းမဟုတ်၊ ထားဝယ်လေသံကို ကြားလိုက်ရပါတယ်။

“ဟ ... နင်က ထားဝယ်သူလား။ ဘယ်ကလဲ။ ဒီမှာ ကြာပီလား။ အဆင်ပြေလား” စသဖြင့် မေးလိုက်တော့ ထားဝယ်သူစစ်စစ် ဖြစ်နေတဲ့အပြင် အခုတလော သတင်းတွေမှာ နေရာယူနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရာ ရေဖြူမြို့နယ် နဘုလယ်-ဇာတီကျေးရွာဘက်က ဖြစ်နေပါတယ်။

မိတ်ဆွေတယောက်ရဲ့ ကားနဲ့ ပူးခက်မြို့ကို ပတ်။ ထိုင်တော်မူဘုရားကြီးရှိရာ ကုန်းပေါ်ကနေ မြို့နဲ့ ကမ်းစပ် တွေကို ငေး။ ဖန်တောင်း၊ ကာရွန်၊ တာတာ ကမ်းခြေတွေကို လျှောက်ကြည့်ပြီးတဲ့အခါမှာတော့ ထားဝယ်နဲ့ ပူးခက်ကို ဆက်စပ်ပြီး ကျနော် စဉ်းစားနေမိပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အောင်မြင်သွား ရင် ထားဝယ်ဟာ ပူးခက်လိုများ ဖွံဖြိုးတိုးတက်လာနိုင်ခြေရှိမလား။ အထူးသဖြင့် ဖန်တောင်းကမ်းခြေထက် တောင် ပိုပြီး သန့်ရှင်းလှပတယ်လို့ ကျနော် ယူဆထားပေမယ့် နိုင်ငံခြားခရီးသည်တွေ သွားခွင့်ပိတ်ပင်ခံထား ရတဲ့ မောင်းမကန်ကမ်းခြေဟာ အခု ကျနော်ရောက်နေတဲ့ ဖန်တောင်း-ကမ်းခြေလိုများ စည်ကားလာလေမ လားပေါ့။

ဒါဆိုရင် ခုနက ဘတ်စကားဂိတ်က ကော်ဖီဆိုင်စာရေးမလေး အပါအ၀င် ထောင်သောင်းချီရှိတဲ့ မြန်မာအလုပ် သမားတွေ၊ ထားဝယ်ဒေသခံတွေ ထားဝယ်နဲ့ မောင်းမကန်ကို ပြန်ပြီး ပူးခက်မှာရတဲ့ အလုပ်လိုမျိုး၊ ပူးခက်မှာ ရတဲ့ လစာလိုမျိုး၊ ပူးခက်မှာ ပြောခွင့်ရနေတဲ့ နိုင်ငံတကာ ဘာသာစကားတွေကို ပြောခွင့်ရမလား။ နိုင်ငံတကာ ဧည့်သည်တွေလည်း ဖန်းတောင်းကနေ မောင်းမကန်ဘက်ကို နေရာပြောင်းပြီး လာလည်နိုင်လေမလား ဆိုပြီး ဖန်တောင်းကမ်းခြေက ရေစပ်မှာ လမ်းလျှောက်ရင်း ကျနော် စိတ်ကူးယဉ်နေမိပါတယ်။

အလုပ်သမားက တသိန်းကျော်၊ ကယ်ဆယ်ရေး အန်ဂျီအိုက တခုတည်း

ညနေစောင်းလို့ ကမ်းခြေနားက ဟိုတယ်တခုမှာ တည်းတော့လည်း ဟိုတယ်သန့်ရှင်းရေးလုပ်တဲ့လူထဲမှာ ထားဝယ်သားတဦးကို တွေ့ပြန်ပါတယ်။ ညစာစားတဲ့ ကမ်းခြေဘေးက စားသောက်ဆိုင်ရောက်တော့လည်း စားပွဲထိုးနေတဲ့ ဆယ်ကျော်သက် အသက် (၂၀) ၀န်းကျင် အမျိုးသားတွေထဲမှာ ထားဝယ်သားက ဒါဇင်ဝက် လောက် ရှိနေတာကို ကျနော် တွေ့ခဲ့ရပြန်ပါတယ်။ နောက်တခါ ဖန်တောင်းကမ်းခြေရဲ့ တောင်ကုန်းတွေပေါ် မှာ နော်ဝေးစတိုင် ဆောက်နေတဲ့ တောင်နံရံကပ် ဘန်ဂလိုလေးတွေကို သွားလေ့လာတော့လည်း အဲဒီမှာ ကန်ထရိုက်ယူထားသူရော၊ အလုပ်သမားတွေရော အားလုံးဟာ ထားဝယ်သားတွေဖြစ်နေပြန်ပါတယ်။

ဒီမှာ လုပ်နေတာ ကြာပြီလား၊ အဆင်ပြေကြလား ဆိုတော့ “ကျနော်ကတော့ (၁၀) နှစ်ကျော်နေပြီ။ အဆင်က တော့ ဗမာပြည်နဲ့စာရင် အများကြီးပြေတာပေါ့။ ရေ၊ မီး၊ တယ်လီဖုန်း အစုံရတယ်လေ။ လစာကလည်း ကောင်းတယ်။ သူဌေးလည်း သဘောကောင်းတယ်။ အင်္ဂလိပ်သူဌေးက ထိုင်းသူဌေးထက် ပိုကောင်းတယ်” လို့ အသက် (၃၀) ကျော်အရွယ် လောင်းလုံမြို့သား ကန်ထရိုက်တာက ပြောပါတယ်။ ဒါပေမယ့် ဥရောပကနေ ပြန်လာသူ ကျနော့်အဖို့တော့ သူပြောတဲ့ အဆင်ပြေမှုဆိုတာကို သိပ်ဘ၀င်မကျလှ။

တညကို ဘတ်ငွေ (၂) ထောင် (၃) ထောင်လောက်နဲ့ ငှားရမ်းဖို့ ပြင်နေတဲ့ လှပခံ့ညားလှတဲ့ တောင်နံရံကပ် ဘန်ဂလို အလုံး (၃၀) လောက်ကို ဆောက်ပေးထားတဲ့ ကန်ထရိုက်တာအတွက် ပေးထားတဲ့အခန်းက သူ ဆောက်ပေးထားတဲ့ အခန်းတွေနဲ့ ဘာမှမဆိုင်။ သစ်တိုသစ်စတွေနဲ့ ဖြစ်သလို ဆောက်ထားရတဲ့ တဲ။ အပေါ် မှာ သွပ်ပြားဟောင်းတွေနဲ့ မိုးထားပြီး သစ်တချို့၊ သွပ်တချိုနဲ့ ကာရံထားတဲ့ နံရံ၊ အထဲကို ၀င်လိုက်တော့ ပေ (၂၀) လောက် အကျယ်ရှိတာကို တွေ့ရပြီး အိပ်ခန်းနဲ့ အိမ်ရှေ့ဧည့်ခန်းအဖြစ် အသေအချာ လုပ်ထားတာမျိုး ကိုတော့ တွေ့ရပါတယ်။ ရှေ့မှာ သူပြောခဲ့တဲ့အတိုင်း ရေ၊ မီး၊ မိုဘိုင်းဖုန်း၊ ကွန်ပြူတာ။ ဖလက်တီဗွီ၊ အပေါ် စက်-အောက်စက်တွေနဲ့ မြန်မာသီချင်းတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ခွင့်ရနေတာကို သူက ဂုဏ်ယူနေ ပေမယ့် ကျနော့်အဖို့တော့ သူ ရနေတဲ့အခွင့်အရေးနဲ့ သူ လုပ်ပေးနေရတဲ့ အလုပ်က မတန်။ ဖလန်အလုပ်ရှင် ကလည်း ထိုင်းအလုပ်ရှင်နဲ့ သိပ်မထူးဘဲ မြန်မာအလုပ်သမားတွေကို နှိမ်ထားဆဲလို့ ခံစားနေရပါတယ်။

ဒါပေမယ့် ကျနော် တွေ့ဖူးသလောက် မြန်မာအလုပ်သမားတန်းလျားတွေထဲမှာတော့ သူ့အခန်းက အကောင်း ဆုံးနဲ့ အပြည့်စုံဆုံးပါပဲ။ သူ ဧည့်ခံတဲ့ ဘီယာစင်း၊ ကိုင်ယန်းနဲ့ စုမ်တန်းတွေကို သွပ်ပြားအမိုးပူပူအောက်မှာ သုံးဆောင်ရင်း၊ သွပ်ပြားနဲ့ သစ်သားစတွေကြားကနေ ဟိုအောက်ဘက်မှာ မြင်နေရတဲ့ ဖန်တောင်းကမ်းခြေရဲ့ အလှကို ငေးမော။ သူ့အိမ်ရဲ့အပေါ်ဘက်က လှပခံ့ညားလှတဲ့ တောင်နံရံကပ် ဘန်ဂလိုလေးတွေကို ငေးမော ရင်းနဲ့ တနာရီနီးပါး အလုပ်သမားတွေရဲ့ အခြေအနေကို စကားပြောခွင့်ရခဲ့ပါတယ်။ သူဟာ ငွေကြေးအရ အ ဆင်ပြေနေလို့ ကွန်ပြူတာအကြီးတလုံး၊ လက်တော့တလုံး ၀ယ်ထားပေမယ့် အင်တာနက် ဘယ်လိုချိတ်ရမှန်း မသိ၊ အီးမေးလ်အကောင့် ဘယ်လိုဖွင့်ရမှန်းမသိ၊ မြန်မာလို ဘယ်လိုရိုက်ရမှန်းမသိ ဖြစ်နေဆဲပါ။

ဒီအတွက် သင်ပေးတဲ့လူတွေ မရှိဘူးလား။ အလုပ်သမားအဖွဲ့၊ လူ့အခွင့်ရေးအဖွဲ့တွေ ဒီဘက်မှာလည်း ရှိတယ် မို့လားဆိုပြီး ကျနော်မေးကြည့်တော့ ဖန်းငအခြေစိုက် ကိုထူးချစ်တို့အဖွဲ့ဆီကနေ ဆယ်ခါတခါ ပို့ပေးတဲ့ အ လုပ်သမားပညာပေးစာစောင်တို့၊ ခေတ်ပြိုင် (အခုတော့ မထုတ်တော့ပါ) အပါအ၀င် တခြားစာစောင်တချို့ကို ဖတ်ရတာကလွဲပြီး သူတို့ဆီ အိမ်တိုင်ရာရောက် ကူညီလုပ်ဆောင်ပေးသူ အခုချိန်ထိ တခါမှ မတွေ့ဖူးသေးဘူး လို့ သူက ဆိုပါတယ်။ ကျနော်လည်း တတ်သလောက် မှတ်သလောက်နဲ့ အင်တာနက်ချိတ်တာ။ အီးမေးဖွင့် တာတွေကို ပြပေးခဲ့ပြီး သတင်းတွေကို မပြတ်နားထောင်ဖို့၊ အလုပ်သမားအခွင့်ရေးတွေကို လေ့လာဖို့ တိုက် တွန်းကာ ပူးခက်ကမ်းခြေကနေ ခေါင်လတ်နဲ့ ရနောင်းဘက် ခရီးဆက်ခဲ့ပါတယ်။

ဖေဖော်ဝါရီမှာ ကျမ မဖျားရဲပါ

ပူးခက်က ကန်ထရိုက်ပြောတဲ့ ကိုထူးချစ်တို့အဖွဲ့ခေါ် ဖန်ငခရိုင်၊ တဂိုပါမြို့နယ်အခြေစိုက် Foundation for Education and Development ရုံးဆီ ကျနော်ရောက်တော့ ညနေစောင်းနေပြီ။ တောထဲနဲ့ နယ်စပ်မှာ အတူ တူ လက်တွဲတာဝန်ထမ်းခဲ့ဖူးတဲ့ ကိုထူးချစ်ကို နှုတ်ဆက်။ စကားမမြည် ပြောပြီး ခေါင်လတ်ကမ်းခြေရဲ့ နေ၀င် ချိန်အလှကို ဓာတ်ပုံရိုက်နိုင်ဖို့ အပြေးအလွှား သွားခဲ့ရပါတယ်။ ကမ်းခြေရောက်တော့ ကျနော့်လိုပဲ နေ၀င်အ လှကို ဓာတ်ပုံရိုက်ဖို့ စောင့်နေတဲ့ ဖလန်တွေ၊ ဆူနာမီးဒဏ်ကို ကောင်းကောင်းကြီး ခံခဲ့ရပေမယ့် အခုတော့ ပြန်လည်နလန်ထူနေပြီဖြစ်တဲ့ ကမ်းခြေတလျှောက်က တညကို ဘတ် (၄-၅) ထောင်ပေးပြီး တည်းရတဲ့ ဘန် ဂလိုတွေမှာနေပြီး နေ၀င်အလှကို ခံစားဖို့ ပြင်နေတဲ့ ဖလန်တွေကို အများအပြား တွေ့ရပါတယ်။ ခေါင်လတ် ကမ်းခြေက ပူးခက်ထက်တောင် ပိုလှပ၊ ပိုသန့်ရှင်းတယ်လို့ ကျနော်က ထင်ပေမယ့် တိုးရစ်-ဖလန်အရေအ တွက်ကတော့ ပူးခက်ရဲ့ (၁၀) ပုံတပုံတောင် မရှိပါဘူး။

အနောက်ဘက်ပင်လယ်ရဲ့ နေ၀င်အလှကို အားရပါးရခံစားအပြီးမှာတော့ အဲဒီအလှအပနဲ့ ဘာမှမဆိုင်တဲ့ အ လုပ်သမားတန်းလျားတခုကို ကျနော် သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ တကယ်ကတော့ အလုပ်ရှင်ဆီက ခွင့်တောင်းပြီး တရားဝင်သွားတာမျိုးမဟုတ်လို့ လေ့လာခွင့်လို့တော့ မဆိုနိုင်ပါဘူး။ ကျနော်တို့ရွာက အလုပ် သမားတွေဖြစ်နေလို့ သူတို့ရဲ့ဖိတ်ကြားချက်အရ ညစာစားရင်း လေ့လာခဲ့ခြင်းသာ ဖြစ်ပါတယ်။

အခု ကျနော်ရောက်နေတဲ့ အလုပ်သမားတန်းလျားကတော့ ရှေ့မှာ ပြောခဲ့တဲ့ ပူးခက်က ကန်ထရိုက်တာအိမ် ထက် အများကြီး အဆင့်နိမ့်ပါတယ်။ ကွန်ပြူတာမရှိ၊ ဖလက်တီဗွီမရှိ၊ ဒါပေမယ့် တီဗွီစလောင်းရှိနေပြီး မြန်မာ့ အသံနဲ့ နိုင်ငံတကာလိုင်းတွေကို ကြည့်နေတာ ထူးထူးခြားခြား တွေ့ရပါတယ်။ နေတာ ကြာပီလား၊ အဆင်ပြေ လား ... စသဖြင့် ထုံးစံအတိုင်း မေးကြည့်တော့ သူအပါအ၀င် ဒီခြံဝင်းထဲက အလုပ်သမား (၅၀) နီးပါးလုံးဟာ (၁၀) နှစ်ခန့် ရှိနေပြီ။ သူက တလကို ဘတ် (၆) ထောင်လောက် ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူ့မိန်းမ၊ ခယ်မ၊ သူ့ညီ၊ သူသား ... စသဖြင့် မိသားစုတခုလုံး ဒီမှာလာရောက်လုပ်ကိုင်နေတာဖြစ်ပီး ရွာမှာ အဖေ အမေ နဲ့ ယောက္ခမပဲ ကျန်တယ်လို့ ပြောပါတယ်။

“ဒီမှာလုပ်တာ (၁၀) နှစ်ကျော်ပြီဆိုတော့ သူဌေးက ငါ့ကို ကြိုက်တယ်လေ။ ဒီလုပ်ငန်းထဲက လူတွေအားလုံး ငါတို့ရွာကချည်းပဲ။ လစာလည်း ကောင်းတယ်။ အဖမ်းဆီးလည်း မရှိဘူး။ အတော်အဆင်ပြေပါတယ်” လို့ အ သက် (၄၀) ကျော်အရွယ် ကျနော်တို့ရွာက သူငယ်ချင်းတဦးက ပြောပါတယ်။ ကျနော့်မျက်စိထဲမှာတော့ သူ့ ကို ကြည့်ရတာ အသက်ရွယ်နဲ့မက အတော်အိုးမင်းနေသလိုပါပဲ။ ကျန်တဲ့လူတွေလည်း ဒီလိုပါပဲ။ ကျနော့် ထက်ငယ်တယ်ဆိုပေမယ့် ကျနော်ထက်အသက်ကြီးပြီး ပင်ပန်းနွမ်းနယ်တဲ့ပုံတွေပေါက်နေတာကို သတိထား မိပါတယ်။

အလုပ်က ပင်ပန်းလား၊ တနေ့ ဘယ်နှစ်နာရီလုပ်ရလဲ၊ စနေ တနင်္ဂနွေကော နားခွင့်ရသလားဆိုတော့ “သူဌေး က နားခွင့်ပေးပါတယ်။ ကျနော်တို့က မနားချင်တော့ နေ့စဉ်နားရက်မရှိ ဖြစ်နေတာပေါ့။ ဒါမှလည်း အိမ်ကို ငွေပို့နိုင်မှာလေ ဆရာကလည်း ...” ဆိုပြီး အသက် (၃၀) အရွယ်ခန့်ရှိတဲ့ တခြားအလုပ်သမားတဦးက ၀င်ဖြေ ပါတယ်။ ဒါနဲ့ ကျနော်နဲ့အတူပါလာတဲ့ ကိုထူးချစ်တို့အဖွဲ့က ၀န်ထမ်းတဦးကို ခင်ဗျားတို့က အလုပ်သမားတွေ ကို နားရက်ယူဖို့ မပြောကြဘူးလား။ ကျန်းမာရေး၊ ပညာရေးတွေကော ဘယ်လိုတာဝန်ယူပေးထားသလဲ ဆို ပြီး မေးမိပါတယ်။

“ပညာရေးတော့ မပူနဲ့၊ ဒီကလေးတွေအားလုံး ကျနော်တို့ကျောင်းကားနဲ့ အကြိုအပို့လုပ်ပေးပြီး ကျောင်းတက် နေပါတယ်” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။ ဒါဆိုရင် အလုပ်နားရက်အကြောင်းကို ခင်ဗျားတို့ ပညာပေးမှု မလုပ်ဘူးလားဆိုပြီး ကျနော်က ဆက်မေးတော့ “အယ်ဒန်းထွန့်ဂီးကလဲ ဖျားလဲသိရမား။ အယ်လဆို နဲနဲတော် သေးရိ။ ပီးလာလ ဖေဖော်ဝါရီမာ နားရစ်ယူရင် သေပီ။ ကျွန်မဆို ဖေဖော်ဝါရီမာ ဖျားကိုမဖျားရဲရ ဆရာဝေး” ဆိုပြီး အသက် (၃၀) ခန့်အရွယ် အလုပ်သမားအမျိုးသမီးတဦးက ထားဝယ်လို ၀င်ဖြေပါတယ်။

ဘာဖြစ်လို့လဲဆိုပြီး ကျနော်ကထပ်မေးတော့ သူတို့ဟာ ဒီမှာ အလုပ်လုပ်နေတာ (၁၀) ကျော်နေပြီဖြစ်ပေမယ့် အမြဲတမ်း ၀န်ထမ်းတွေလို လစာနဲ့ ပေးတာမဟုတ်ဘဲ နေ့စားသဘောမျိုးနဲ့ ပေးထားကြောင်း၊ စနေ-တနင်္ဂနွေ နဲ့ နေမကောင်းတဲ့ ရက်တွေမှာ နားခွင့်ရှိပေမယ့် နားတဲ့နေ့အတွက် ပိုက်ဆံဖြတ်ခံရကြောင်း ပြောပြတော့မှပဲ နားရက်ယူဖို့ ပြောမိတဲ့ ကျနော့်ခမျာ သူတို့ကျွေးတဲ့ ထားဝယ်-ငါးပိဖျော်၊ ငါးစဉ်းကော၊ ငါးခေါင်းဟင်းချိုနဲ့ ဘီ ယာချန်းကို ဘယ်လိုဆက်စားရမှန်းမသိဘဲ မျက်နှာပူပူနဲ့ နှုတ်ဆက်ထွက်ခွာလာခဲ့ရပါတယ်။

ပူးခက်-ရနောင်း-ဖန်းပလား၊ ဗွီဇာမပါရင် သတိထား

နောက်တနေ့မနက်မှာတော့ ဖန်င ကနေ ရနောင်းဘက်ကို ကျနော် ခရီးထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ထူး ထူးခြားခြား သတိထားမိတာကတော့ ဘတ်စကားပေါ်မှာ မြန်မာအလုပ်သမားတွေ ကြွားပြောနေကြတဲ့ ဗွီဇာ ကိစ္စပါ။ အရင်ကဆိုရင် ရနောင်းအပါအ၀င် ဘယ်နယ်စပ်ကိုပဲသွားသွား။ ဘတ်စကားပေါ် ရဲတွေ တက်လာပြီး စစ်ပြီဆိုတာနဲ့ မြန်မာအလုပ်သမားတွေ နေစရာမရှိတော့။ ရဲကလည်း ဘတ်ရှိလားမေးပြီး မရှိတဲ့လူအကုန်လုံး ဆွဲခေါ်သွားတာပါပဲ။ ဒီမြင်ကွင်းဟာ နယ်စပ်ဒေသသွား ကျနော်အဖို့ ရိုးနေပြီဖြစ်ပြီး အဲဒီလိုမြင်ရတိုင်း ဘာမှ အကူညီမပေးနိုင်ဘဲ ဒီတိုင်းလက်ပိုက်ကြည့်နေခဲ့ရဖူးတဲ့ ဝေဒနာဟာ ကျနော်အဖို့ အတော်ခံရခက်ပါတယ်။

ဒါပေမယ့် ဒီတခေါက်မှာတော့ အခြေနေက ဒီလိုမဟုတ်တော့။ တဂိုပါ ကနေအထွက် ကလပ်ပူရီလောက်က တည်းက ဘတ်စကားပေါ်မှာ မြန်မာစကားပြောသံ၊ ထားဝယ်စကားပြောသံ၊ မွန်စကားသံတွေကို ခပ်တိုးတိုး ကြားနေရပြီး သူတို့မျက်နှာတွေမှာလည်း အရင်ကလို စိုးရိမ်စိတ်သိပ်မတွေ့ရ။ ဒီလိုနဲ့ ရနောင်းအ၀င်ဂိတ်မှာ ရဲက တက်လာပြီး “ဘတ် ဘတ်၊ ဘတ်မီမိုင်း” ဆိုပြီး မေးပါလေရော။ ရှေ့တန်းမှာ ထိုင်နေတဲ့ ထိုင်းတွေ၊ ဖ လန်တွေ အပါအ၀င် အားလုံးက အိုင်ဒီအသီးသီး ထုတ်ပြကြပါတယ်။ မြန်မာတွေအလှည့်မှာ ဘယ်လိုလုပ်မ လဲဆိုပြီး ကျနော်ကြည့်နေတော့ ခပ်တည်တည်နဲ့ အနီရောင်စာအုပ်တွေကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ ရဲကလည်း သိနေပုံရပါတယ်။ အရင်ကလို သိပ်မစစ်ပါဘူး။ စာအုပ်တွေကို ခဏကြည့်ပြန်ပေးပြီး “ပိုင် ပိုင်” လို့ ပြောကာ ပြန်ဆင်းသွားပါတယ်။

အဖမ်းဆီးတွေကိုသာ အမြဲတမ်း မြင်နေရတဲ့ ကျနော်အဖို့တော့ ဒီမြင်ကွင်းဟာ အတော်စိတ်ချမ်းသာစရာ ဖြစ် သွားခဲ့ပါတယ်။ ဗွီဇာလို့ အလုပ်သမားတွေက ခေါ်ကြတဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်စာအုပ် စတင် ထုတ်ပေးစဉ်ကာလတွေတုန်းက ဒီစာအုပ်အပေါ် မကောင်းတဲ့ ရှုထောင့်ဘက်ကနေ ခပ်များများလေး တင်ပြမိ ခဲ့တဲ့ ကျနော်ရဲ့ မီဒီယာအလုပ်ကိုလည်း ပြန်သုံးသပ်မိစေခဲ့ပါတယ်။ ကားပေါ်ပါ ဗွီဇာစာအုပ်ကိုင် အလုပ်သ မားတွေကို ကျနော် အသေအချာ မေးကြည့်တော့ (၂) နှစ်သက်တမ်းခံမယ့် ဒီစာအုပ်တအုပ်အတွက် ဘတ်ငွေ (၆) ထောင်ကျော် ကုန်ကြောင်း၊ အလုပ်ရှင်နဲ့ ပွဲစားတွေကတဆင့် လုပ်ပေးပြီး စာအုပ်ထုတ်တဲ့ရက်မှာတော့ သူတို့ကိုယ်တိုင် ရနောင်းအထိ လိုက်လာပြီး ထုတ်ယူရကြောင်း၊ ဘတ် (၆) ထောင်ဆိုတာ သူတို့အတွက် နည်းတဲ့ငွေမဟုတ်တာကြောင့် ခရီးသွားစရာမရှိသူ၊ အိမ်ထဲ၊ စက်ရုံထဲမှာပဲ လုပ်ရသူတွေကတော့ ဒီလောက် ငွေကုန်ခံပြီး မလုပ်ကြသေးဘူးလို့ ပြောပါတယ်။

ဒါဆိုရင် ခင်ဗျားတို့က ဘာကြောင့် ဒီလောက်ငွေကုန်ခံလုပ်သလဲ၊ လုပ်တာနဲ့ မလုပ်တာ ဘယ်လိုအခွင့်ရေး တွေ ကွာသလဲဆိုပြီး ထပ်မေးကြည့်တော့ “ခုနတုန်းက ဆရာမြင်တဲ့အတိုင်းပဲလေ။ ပထမက ရှမ်းရဲက မဖမ်း ဘူး၊ ဒုတိယက ဗမာရဲကလည်း မဖမ်းဘူး။ ကျမဆို ဒီစာအုပ်နဲ့ ထားဝယ်ကို ပြန်နေတာ (၂) ခေါက်ရှိပြီ။ အရင် ခိုးသွား ခိုးလာနေတုန်းကဆိုရင် ဖန်ပလားလိုင်းကားကိုတောင် မစီးရဲဘူး။ အခုဟာက အများကြီး ဂုဏ်သိက္ခာ ရှိတာပေါ့” လို့ ထားဝယ်တက္ကသိုလ်က ဘွဲ့ရပြီး အလုပ်မရှိလို့ ခေါင်လတ်ဘက်မှာ စားပွဲထိုးလာလုပ်နေတဲ့ အ သက် (၂၀) ကျော်အရွယ် ထားဝယ်သူတဦးက ကျနော့်ကို ရှင်းပြခဲ့ပါတယ်။

ကျောင်းဆရာလုပ်တာ အပြစ်ရှိသလား၊ နိုင်ငံခြားမှာနေတာ ဘာတွေတတ်ခဲ့သလဲ

ရနောင်းကားဂိတ်ကနေ ထိုင်း-မြန်မာနယ်စပ် ဆိပ်ခံဘောတံတားရှိရာ ဖန်ပလားဆိပ်ကမ်းဆီ သွားတဲ့ (၁၅) ဘတ်တန် လိုင်းကားပေါ်မှာ ပြောသွားတဲ့ ဘွဲရစားပွဲထိုး ကောင်မလေးရဲ့စကားဟာ ကျနော့်အတွက်တော့ စဉ်းစားစရာ အများကြီးရခဲ့ပါတယ်။ တကယ်က ဒီစာအုပ် ဒီလောက် တာသွားမှန်း ကျနော်မသိခဲ့။ ဒါပေမယ့် ရနောင်းရှိ မြန်မာအတော်များများကတော့ ဒီစာအုပ်တွေကိုင်ပြီး အတော်အလုပ်ဖြစ်နေပါပြီ။ ဖန်ပလားမှာရော၊ ရနောင်းဈေးမှာရော အရင်ကလို အဖမ်းအဆီးတွေ သိပ်မရှိတော့။

ဒီလိုစာအုပ်ကိုင်ထားသူတွေထဲမှာ ထူးထူးခြားခြား ကျောင်းဆရာ (၂) ဒါဇင်ခန့်ကိုလည်း ကျနော်တွေ့ခဲ့ရပါ တယ်။ ထိုင်းကိုရောက်တိုင်း ရနောင်းဘက်ကို ကျနော် ပုံမှန်ရောက်လေ့ရှိပေမယ့် ကျောင်းဆရာ (၂) ဒါဇင် ကျော် ဦးစီးတဲ့ မြန်မာစာသင်ကျောင်း (၁၃) ကျောင်း ရနောင်းမှာ ရှိနေတယ်ဆိုတာကို ကျနော်မသိခဲ့။ မဲ ဆောက်ဘက်က ကျောင်းတွေအကြောင်းသာ မီဒီယာတွေမှာ ကြားနေရပီး ရနောင်းအကြောင်းကိုတော့ အခု ကျနော်ကိုယ်တိုင်မြင်ရမှ သိခွင့်ရခဲ့တာမျိုးပါ။ ဒါကလည်း ရနောင်းရဲ့အခြေနေအရ အလုပ်ဖြစ်ရေးကိုသာ ဦး စားပေးနေရပြီး မီဒီယာမှာပါရင် ကော့သောင်ဘက်ရှိ အာဏာပိုင်တွေက ငြိုငြင်မှာစိုးတဲ့အတွက် အခုလို low profile လုပ်ထားရတယ်လို့ ဖန်ပလားဆိပ်ကမ်းအနီးမှာ ကျောင်းဖွင့်ထားတဲ့ မြန်မာကျောင်းအုပ်ဆရာကြီးက ကျနော့်ကို ရှင်းပြခဲ့ပါတယ်။

“တကယ်ကတော့ဗျာ။ ကလေးတွေ စာတတ်အောင်သင်ပေးတာ ကောင်းတဲ့အလုပ်ပဲ။ ဘာအပြစ်ရှိမှာလဲ။ ဒါ ကိုတောင် ကျနော်တို့လူတွေက ကြောက်နေကြတယ်။ ဟိုဘက်ကလူတွေကလည်း ဖြဲခြောက်ထားတော့ ကျောင်းဆရာလုပ်ရင်တောင် အဖမ်းခံရမလိုလို ထင်နေကြတယ်” လို့ ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္က သိုလ်တွေကနေ ဘွဲ့ရပြီး အလုပ်မရဖြစ်နေလို့ ရနောင်းမှာ စေတနာ့ဝန်ထမ်းကျောင်းဆရာလုပ်နေတဲ့ အသက် (၄၀) ကျော်အရွယ် ၈၈ မျိုးဆက်ကျောင်းသားဟောင်းက ကျနော့်ကို ပြောပြပါတယ်။

“ကျနော်တို့လည်း ဒီရက်တိုသင်တန်းလေးကို မနည်းကြိုးစားပြီး လုပ်နေရတာ။ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီက အခြေအနေက မဲဆောက်-ချင်းမိုင်ဘက်က အခြေနေနဲ့ မတူဘူးလေ” ဆိုပြီး ရနောင်းမှာ ကျောင်းဆရာသင် တန်းပေးခဲ့သူ မောက္ခပညာရေးဌာမှ ဒေါက်တာသိန်းနိုင်က ပြောပါတယ်။ သူပြောတဲ့အတိုင်းပါပဲ။ မဲဆောက်နဲ့ ချင်းမိုင်ဘက်မှာ မြန်မာအတိုက်ခံအဖွဲ့ပေါင်းစုံ၊ အန်ဂျီအိုပေါင်းစုံ လွတ်လပ်စွာ သွားလာလှုပ်ရှားနေတာကို မြင် နေရပေမယ့် ဒီမှာတော့ ဒီသင်တန်းတခုကိုသာ ကျနော်မြင်ခဲ့ဖူးပါတယ်။ နောက်တခါ နိုင်ငံတကာအလှုရှင် တွေကလည်း မဲဆောက်-ချင်းမိုင်ဘက်ကိုသာ အာရုံစိုက်နေပြီး ရနောင်းဘက်မှာ သိပ်အလှူအတန်းမရဖြစ်နေ တယ်လို့ ခုနက ကျောင်းအုပ်ဆရာက ပြောပါတယ်။

“ခင်ဗျားလည်း နော်ဝေးမှာ (၁၀) နှစ်ကျော် နေတာဆိုတော့ ဆရာသိန်းနိုင်တို့လို ဒေါက်တာဘွဲ့တွေ ဘာတွေ ရထားပြီးရောပေါ့။ အိမ်တွေ၊ ကားတွေကော ရှိပြီလား” ဆိုပြီး ကျနော်ရဲ့ကျောင်းနေဘက် ၈၈ မျိုးဆက် ကျောင်းဆရာက မေးပါတယ်။ ကျနော်လည်း သူမေးမှပဲ ငါကော ဒီကကျောင်းဆရာတွေ၊ အလုပ်သမားတွေ ထက် ဘာများပိုပြီး တတ်ထားတာရှိသလဲ။ ပိုင်ဆိုင်ထားတာရှိသလဲဆိုပြီး ကိုယ်ဘာသာ ပြန်မေးခွန်းထုတ်မိပါ တယ်။
ဥရောပမှာ (၁၀) နှစ်ကျော် အလုပ်လုပ်နေတယ်ဆိုပေမယ့် နေ့စဉ်သတင်းနဲ့ စတူဒီယိုအလုပ်ကလွဲပြီး ပြင်ပ လောကအပေါ် လေ့လာမှုမရှိသလောက်အားနည်းခဲ့ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တခုခုကိုရအောင် ယူသင့်ပါရဲ့နဲ့ နေ့စဉ်အလုပ်ပိနေမှုကို အကြောင်းပြပြီး ရက်တိုသင်တန်းတွေမှအပ ဘွဲ့ပေးတဲ့ကျောင်းတွေကို မတက်ဖြစ်ခဲ့။ ပညာရေးဘက်မှာ လိုအပ်ချက်တွေကိုအချိန်မီ ထပ်ဖြည့်ဖို့ အားနည်းခဲ့သလို စီးပွားရေးဘက်မှာ လည်း အိမ်၊ ကား အပါအ၀င် ပိုင်ဆိုင်မှုက ဘာမှမရှိခဲ့။ ယုတ်စွအဆုံး တဦးချင်း အခွင့်ရေးတွေဖြစ်တဲ့ နိုင်ငံ သားရပိုင်ခွင့်တွေ။ အမြဲတမ်း နေထိုင်ခွင့်တွေကိုတောင် အလုပ်ရှုပ်နေတာကို အကြောင်းပြပီး တခုမှ အသေ အချာ မပြင်ဆင်မိခဲ့။

အဲ ... အခု အလုပ်လည်းပြုတ်ရော ကျနော့်ကို မေးခွန်းထုတ်နေတဲ့ ရနောင်းက ကျောင်းဆရာလို၊ ဖန်ငနဲ့ ပူး ခက်ဘက်မှာတွေ့ခဲ့တဲ့ မြန်မာအလုပ်သမားတွေလိုလူတွေနဲ့ ကျနော့်အဖြစ်က ဘာမှမကွာ။ သူတို့လည်း ဆယ် နှစ်ဆယ်မိုး ဒီအလုပ်တမျိုးတည်းကို လုပ်ခဲ့ပေမယ့် ဒုံရင်းဒုံရင်း၊ ကျနော်လည်း ဆယ်နှစ်ဆယ်မိုး ဒီအလုပ်တခု တည်းကို လုပ်ခဲ့ပေမယ့် အခုတော့ ဒုံရင်းဒုံရင်း။ ဒါနဲ့များ သူတို့ကို အလုပ်သမားအခွင့်ရေး မတောင်းဆိုကြဘူး လားဆိုပြီး ဆရာသွားလုပ်မိသေးတယ်။

“ဘာမှပိုင်ဆိုင်မှုမရှိမှတော့ ဘာလို့ အဲဒီကို ပြန်ဦးမှာလဲ ခင်ဗျားက၊ ဒီမှာပဲနေပြီး ကျနော်တို့နဲ့ အတူတွဲလုပ်ပါ လား။ ခင်ဗျားတို့လို လုပ်တတ်ကိုင်တတ်တဲ့လူကသာ ဦးဆောင်နိုင်ရင် ကလေးတွေ ပညာရေးရော၊ ထားဝယ် ရေနက်စီမံကိန်းအတွက်ပါ အများကြီး ပိုအလုပ်ဖြစ်နိုင်တာပေါ့” ဆိုပြီး အဲဒီကျောင်းဆရာက ဆက်ပြောပါ တယ်။ တကယ်တော့ ဒီလိုအကြံပြုတာ သူတဦးတည်းတော့ မဟုတ်ပါဘူး။ ထိုင်းအခြေစိုက် ဘော်ဒါဟောင်း တွေ အတော်များများက ဒီလိုမျိုး တိုက်တွန်းမှုတွေ ရှိနေခဲ့တာပါ။

ဒါပေမယ့် တတိယနိုင်ငံရောက် ကျနော့်ခမျာမှာလည်း ဘာမှမတတ်။ ဘာမှ ပိုင်ဆိုင်မှုမရှိသေးဘူးဆိုပေမယ့် အဲဒီဘာမှမရှိသေးတဲ့ မစို့မပို့အခွင့်ရေးလေးတောင်ကို မစွန့်လွှတ်နိုင်သေးတဲ့ အခြေအနေဖြစ်နေပါတယ်။ လွန် ခဲ့တဲ့ နှစ် (၂၀) ကျော် တောခိုကာစအချိန်ကလိုမျိုး အသက်စွန့် တိုက်ပွဲဝင်ဖို့အရေး၊ ထမင်းငတ်ခံပြီး စေတနာ့ ၀န်ထမ်းလုပ်ဖို့အရေး၊ တတိယနိုင်ကနေ ရနိုင်တဲ့ မစို့မပို့ အခွင့်ရေးတွေကို စွန့်လွှတ်ပြီး ဒီမှာပြန်အခြေချဖို့အ ရေးကိုတော့ မ၀ံ့မရဲ ရှိနေဆဲဖြစ်နေပါတယ်။ ဒီအတွက် ကိုယ့်ကိုယ့်ကို ပြန်လည်ဆန်းစစ်တဲ့ မေးခွန်းတွေထုတ် ရင်း ရနောင်းမြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။

ထက်အောင်ကျော်
(၁၇-၀၄-၁၁)

2 comments:

Unknown said...

ဒီပို့စ်ကြိုက်တယ်

Min said...

မဆိုးပါဘူး အမှန်အတိုင်းမြင်ရဲ ပြောရဲသေးတော့ ၀င်းထိန် ခေါ် ထက်အောင်ကျော် ၈၈၈၈ သွေး ရှီသေးတယ်ပြော၇မယ် နဲ့ တူတယ်
မြင့်ဝေ ၁၀၁ အေဘီအက်စ်ဒီအက်