သန်းကောင်ယံမှာ ထွက်တဲ့ ‘နေ’ ရှိရာအရပ်သို့ အလည်တခေါက်
ထက်အောင်ကျော်
သန်းကောင်ယံမှာ နေထွက်တယ် (Midnight Sun) ဆိုတာ တကယ်လား
ပြီးခဲ့တဲ့အခေါက် ထိုင်းခရီးစဉ်အတွင်း ထိုင်းနဲ့ မြန်မာ မိတ်ဆွေအတော်များများက ကျနော့်ကို အဲဒီမေးခွန်းမေး ကြပါတယ်။ မြန်မာမိတ်ဆွေတွေ ဆိုတာကတော့ ဒုက္ခသည်စခန်းတွင်းက ကျနော်တို့ ရဲဘော်တချို့ကို ဆိုလို တာဖြစ်ပြီး စကင်ဒီနေဗီးယန်းနဲ့ နော်ဒစ် Scandinavia & Nordic (နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ အိုင်းစလန်း) နိုင်ငံတွေဆီ သွားရကိန်းရှိနေတဲ့အတွက် အခုလို မေးတာပါ။ ထိုင်းမိတ်ဆွေတွေ ဆိုတာကတော့ နေမ၀င်ည သို့မဟုတ် သန်းကောင်ယံမှာ ထွက်တဲ့နေ (Midnight Sun) ကို မြင်ချင်လွန်းလို့ကို နော်ဝေးနဲ့ အ ခြားဥရောပနိုင်ငံတွေဆီသွားတဲ့ Thai airway လေကြောင်းရဲ့ သတင်းနှစ်ပတ်ကြာ ‘ပက်ကေ့စ်-တိုး’ အတွက် ပြင်နေရင်း မေးကြသူတွေဖြစ်ပါတယ်။
နော်ဝေးမြောက်ပိုင်းမှာ သန်းကောင်ယံမှာ နေထွက်တယ်လို့ အရှေတောင်အရှသား အတော်များများက နား လည်ထားပေမယ့် တကယ်ကတော့ အဲဒီလို အတိအကျ ပြောဖို့ ခက်ပါတယ်။ အမှန်ကတော့ နော်ဝေးရဲ့ နွေ ရာသီနဲ့ နေ့တာအရှည်ဆုံးကာလ ဇွန်လလယ်ရောက်တဲ့အချိန်မှာ နေဟာ တနေကုန်ထွက်နေပြီး သန်းကောင် ယံရောက်တဲ့အချိန်ထိ တောင်စွယ်မှာ နေမကွယ်တော့ဘဲ အပေါ်ပြန်တက်သွားတာကို ဆိုလိုခြင်းသာဖြစ်ပါ တယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နေ့ဘက်မှာ နေထွက်ပြီး ညဘက်မှာ လထွက်တဲ့ ဒါမှမဟုတ် နေ့ဘက်မှာ အလင်းရောင်ရှိပြီး ညဘက်မှာ အမှောင်လွှမ်းနေတဲ့အရပ်မှာ နေထိုင်သူ အာရှသားတွေ ထင်ထား သလို အမှောင်လွှမ်းနေတဲ့ ညသန်းကောင်ယံ မှောင်မှောင်မဲမဲထဲမှာ နေလုံးကြီးက လင်းလင်းထိန်ထိန်နဲ့ ၀ုန်း ကနဲ ပြူထွက်လာတာမျိုးတော့ မဟုတ်ပါ (အခုလောလောဆယ်တော့ အိုင်းစလန်းမှာ မီးတောင်ပေါက်နေလို့ ဥရောပတခွင် လေယာဉ်ခရီးစဉ်တချို့ ရပ်ဆိုင်းထားရပါတယ်။ ရာသီဥတုကလည်း အေးနေဆဲ၊ တိမ်ထူနေဆဲ ဖြစ်တဲ့အတွက် သန်းကောင်ယံနေကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မသေချာသေးပါ)။
အဖြူရောင်ည (White Nights) မှာ ဘယ်လိုအိပ်ရမလဲ
နော်ဝေးကို ပထမအကြိမ် ကျနော်ရောက်လာတဲ့အချိန်က ၁၉၉၉ မေလအကုန် ဇွန်လအဆန်း။ ဘန်ကောက်နဲ့ အော်စလိုကြား အချိန် (၆) နာရီကွာလို့ အိပ်ချိန် ကိုးယိုးကားယား ဖြစ်နေတဲ့ကြားထဲ ည (၁၀) နာရီကျော် တဲ့အထိ နေက မ၀င်သေးတော့ ဘယ်လိုအိပ်ရမှန်းမသိ။ ကျနော့်အရင် နော်ဝေးကို ရောက်နေတဲ့ သူငယ်ချင်း တွေကတော့ “ပြူတင်းပေါက်က လိုက်ကာ အနက်ရောင်ကို ဆွဲပိတ်ပြီးသာ အိပ်လိုက်ပေတော့။ နေ၀င်မှ၊ အ မှောင်လွမ်းမှ အိပ်မယ်ဆို မင်း ဒီည အိပ်ရတော့မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ သူတို့ အကြံပေးတဲ့အတိုင်း အနက်ရောင်လိုက်ကာကို ဆွဲပိတ်ပြီး အိပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ နေမ၀င်ခင် အိပ်ရာဝင်ရသလိုလိုနဲ့ တမျိုးကြီးပါပဲ။
အဲ … တရေးနိုးလို့ အပေါ့သွားဖို့ ပြင်တော့ မိုးလင်းနေပြီ။ နာရီကို ကြည့်လိုက်တော့ မနက် (၂) နာရီပဲ ရှိသေး တယ်။ ထိုင်းက နာရီကိုများ မပြင်ရသေးလို့ နော်ဝေးအချိန်နဲ့ မှားနေသလားဆိုပြီး သံသယ၀င်မိပေမယ့် တ ကယ်ကတော့ မနက် (၂) နာရီလောက်ကတည်းက ဒီမှာ အာရုံတက်နေပြီဆိုတာကို နောက်မှ သိလိုက်ရပါ တယ်။ နောက်ပိုင်းမှာတော့ နေ့နဲ ညကို အလင်းအမှောင်နဲ့ မခွဲတော့ဘဲ အချိန်နာရီနဲ့ပဲ ခွဲပြီး (၂၂) နာရီဆိုရင် အိပ်၊ (၆) နာရီဆိုထ ဆိုပြီး နာရီကို နှိုးစက်ပေးကာ အဲဒီနှိုးစက် အမိန့်ပေးတဲ့အတိုင်း စခန်းသွားခဲ့ရပါတယ်။ ဒါ ပေမယ့် မနက်စောစော ဆွမ်းခံကြွချိန်မှာ နေထွက်ပြီး ညနေရေချိုးချိန်မှာ နေ၀င်တာကို တမ္ဘာလုံးရဲ့ သဘာဝ အမှန်တရားလို့ တသက်လုံး မှတ်ယူလာခဲ့တဲ့ ကျနော့်လို တောသားအဖို့တော့ သန်းကောင်ယံမှာ နေထွက် တာ၊ အဖြူရောင်ညမှာ အိပ်ရတာ၊ နွေရာသီမှာ အချိန်ကို နောက်တနာရီဆုတ်ပြီး ဆောင်းရာသီမှာ ရှေ့တနာရီ တိုးတာတွေဟာ ဘယ်လိုမှကို လိုက်မမီတော့တဲ့ ထူးဆန်းထွေလာ ဥရောပရဲ့သင်ခန်းစာအသစ်တွေပါပဲ။
သစ်ရွက်နုတို့ဝေ နွေရာသီကို ရောက်တဲ့အခါ Summer Allergy ကိုလည်း သတိထားပါ
ကျနော်တို့ ကျောင်းသားဘ၀က နာမည်ကြီးခဲ့တဲ့ အဆိုတော်လွှမ်းမိုးရဲ့ သီချင်းလေးကို မှတ်မိကြမယ်ထင်ပါ တယ်။ “သစ်ရွက်ခြောက်တို့ကြွေ နွေရာသီရောက်တဲ့အခါ … မီးကင်းစောင့်ဖို့ကို လူတွေ အကုန်လုံး စုခေါ်ကာ ... လမ်းထိပ်နားကလူ ဒီတာဝန်ကိုယူပြီးတော့ … ကင်းတဲလေးရဲ့အပေါ် စောင်ခြုံပြီး တက်အိပ်တယ်” ဆိုတဲ့ စာသားဟာ မြန်မာနိုင်ငံမှာနေစဉ်က ရင်ကို တည့်တည့်မှန်တဲ့ စာသားနဲ့ သံစဉ်တွေပါ။ ဒါပေမယ့် နော်ဝေးမှာ တော့ နွေမှာ သစ်ရွက်မကြွေဘဲ ဆောင်းမှာ သစ်ရွက်ကြွေပါတယ်။ အဲဒီကြွေသွားတဲ့ သစ်ရွက်တွေ၊ ဆီးနှင်းဖုံး လို့ သေသွားတဲ့ မြက်ခင်းတွေဟာ နွေဦးရောက်မှ ပြန်ထွက်လာတဲ့အတွက် နွေရာသီမှာ သဘာဝပတ်ဝန်း ကျင်တခုလုံး စိမ်းစိုနေပြီး မြန်မာနိုင်ငံက နွေရာသီနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။
အဲ .. အသစ်ထွက်လာတဲ့ အဲဒီရွက်နုတွေနဲ့အတူပါလာတဲ့ နော်ဝေးရဲ့ရောဂါဆန်းတခုကတော့ ဆန်းမားအလာ ဂျီ (Summer Allergy) ဖြစ်ပါတယ်။ ရွက်နုဝေချိန်မှာ ၀တ်မှုန်တွေက လေထဲပျံ့နှံ့ပြီး အဲဒီအမှုန်တွေကြောင့် နှာခေါင်း၊ လည်ချောင်းနဲ့ မျက်လုံးတွေ ယားယံပြီး နှာစေး၊ ချောင်းဆိုးဖြစ်စေပါတယ်။ လူတိုင်းမဖြစ်ဘူးဆိုပေ မယ့် လူအတော်များများ ဖြစ်ကြပါတယ်။ ဒါပေမယ့် နော်ဝေးကို ရောက်ရောက်ချင်း ပထမ (၃) နှစ်လောက်အ တွင်း ဒီရောဂါအကြောင်း ကျနော် ဘာမှမသိပါဘူး။ ၂၀၀၃ နွေရာသီကျမှ ဒီရောဂါက ကျနော့်ဆီ ရောက်လာ ပြီး အဲဒါကို စနစ်တကျ အချိန်မီ အရေးတကြီး ကုသရမှန်းမသိတဲ့အတွက် နွေရာသီအလာဂျီဟာ အခုတော့ နှစ်ပတ်လည်အလာဂျီ ဖြစ်သွားလို့ နှာခေါင်းကို ဆေးဖြန်း၊ မျက်လုံးကို မျက်စင်းခတ် နေ့စဉ် မပျက်မကွက် လုပ်နေရပါတယ်။
တကယ်ကတော့ ကျနော် ဒီလိုဖြစ်သွားတာဟာ နွေရာသီဝတ်မှုန်တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အာ ရှနဲ့ ဥရောပအကြား ရာသီတုနဲ့ လေထုညစ်ညမ်းမှု၊ လေထုသိပ်သည်းဆ ကွားခြားပုံအကြောင်းကို မသိလို့။ အ အေးဓာတ်များပြီး လေထုသိပ်သန့်ပြန့်တဲ့နေရာမှာ အပူပိုင်းဒေမှာလို ဖြစ်သလို နေလို့မရဘူးဆိုတာကို အချိန်မီ မသိလိုက်တဲ့ အချက်ကလည်း အရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံက လူတွေဟာ ရာသီအလိုက် အ၀တ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ပြောင်းဝတ်၊ ပြောင်းသုံးကြပြီး အသုံးမလိုတော့တာတွေ၊ အဟောင်းတွေကို နွေရာသီရောက်တိုင်း လွှင့်ပစ်လေ့ရှိပါတယ်။ ဒါမှမဟုတ် အ ဟောင်းဈေးမှာ အလကားနီးပါး ဈေးနဲ့ ပြန်ရောင်းလေ့ရှိပါတယ်။ အဲဒီအထာကို မသိသေးတဲ့ ကျနော်လို အေး ရှားသားတွေခမျာမှာတော့ သူတို့ပစ်ထားတာတွေက အကောင်းကြီးရှိသေးတယ်။ အဟောင်းဆိုင်က ပစ္စည်း တွေကလည်း အလတ်ကြီးရှိသေးတယ်ဆိုပြီး ဆိုဖာအဟောင်းတွေ၊ မွေ့ရာအဟောင်းတွေကို ကောက်ယူသုံးစွဲ မိရာကနေ အဲဒီပစ္စည်းအဟောင်းတွေထဲက ထွက်လာတဲ့ မသန့်တဲ့ အမှုန်တွေ နှာခေါင်းထဲဝင်ပီး အခုလို အ လာဂျီဖြစ်နေတယ် ဆိုတာကို အချိန်လွန်မှ သိခွင့်ရလိုက်လို့ ဖြစ်ပါတယ်။
ဥတုကြီးလေးပါးထဲ တပါးပါးနဲ့ မပြစ်မှားမိအောင် ဘယ်လိုနေရမလဲ
ကျနော်တို့မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသမှာ နွေ-မိုး-ဆောင်း ရာသီ (၃) မျိုးသာရှိပေမယ့် ဒီမှာတော့ ဥတုရာသီက (၄) မျိုး ရှိပါတယ်။ အခု ဧပြီလနှောင်းပိုင်းကနေ ဇွန်လလယ်လောက်အ ထိကို Spring (နွေဦး ရာသီ) လို့ ခေါ်ပြီး ဇွန်လလယ်ကနေ သြဂုတ်လနှောင်းပိုင်းအထိကိုတော့ Summer (နွေရာသီ) လို့ ခေါ်ပါ တယ်။ စက်တင်ဘာကနေ နိုဝင်ဘာနှောင်းပိုင်းအထိကိုတော့ Autumn (ဆောင်းဦးရာသီ) လို့ ခေါ်ပြီး ဒီဇင် ဘာကနေ မတ်လနှောင်းပိုင်းအထိကိုတော့ Winter (ဆောင်းရာသီ) လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒီရာသီ (၄) မျိုးအကြောင်းကို ပြက္ခဒိန်ထဲမှာ သိပ်မကြည့်ဖြစ်ပါဘူး။
နေထွက်ချိန် နည်းနည်းစောပြီး နေ၀င်ချိန် နည်းနည်းနောက်ကျလာပြီ၊ ရေခဲတွေ အရည်ပျော်စပြုပြီး အပူချိန် က အနှုတ်ကနေ အပေါင်းဘက် ပြောင်းစပြုပြီ၊ သစ်ရွက်နုတွေ ထွက်စပြုပြီဆိုရင် အဲဒါဟာ နွေဦးပါပဲ။ မနက် (၄) နာရီ မထိုးခင်ကတည်းက နေထွက်နေပြီ၊ ည (၁၀) နာရီကျော်တဲ့အထိ နေမ၀င်သေး၊ သစ်ပင် မြက်ခင်း တွေအားလုံး စိမ်းလန်းနေပြီ၊ ဂျုံစိုက်ခင်းတွေလည်း စိမ်းလန်းစပြုပြီ (နော်ဝေးနွေရာသီမှာ ဂျုံစိုက်တာမှအပ အခြားသီးနှံပင်တွေကို စီးပွားဖြစ်စိုက်တာမျိုး ကျနော် မတွေ့ဖူးသေးပါ။ ဒါကြောင့် အသားငါးဈေးထက် ဟင်း သီးဟင်းရွက်ဈေးက ပိုကြီးနေတယ်လို့ ထင်ပါတယ်)၊ အပူချိန်ကလည်း အပေါင်း (၁၀) ဒီဂရီစင်တီဂရိတ် လောက်ကနေ (၂၀-၂၅) အထိ ရှိလာပြီ၊ ရေခဲပြင်ဖြစ်သွားတဲ့ ပင်လယ်နဲ့ ရေကန်တွေထဲ အနွေးဓာတ် နည်း နည်းရလာပြီး ရေကူးလို့ရပြီဆိုရင် အဲဒါ နွေရာသီပါပဲ။ အဲ … အပူချိန်က (၂၀) ကနေ အောက်နည်းနည်း ပြုတ် ကျလာပြီ၊ သစ်ရွက်တွေကလည်း ရွေဝါရောင်သန်းလာပြီ၊ နေထွက်ချိန်လည်း နည်းနည်းနောက်ကျလာပြီ၊ နေ ၀င်ချိန်လည်း နည်းနည်းစောလာပြီဆိုရင် အဲဒါ ဆောင်းဦးပါပဲ။ အပူချိန်က သုညအောက် ဆင်းစပြုပြီ၊ ဆီးနှင်း တွေ ထူထူ ထပ်ထပ်ကျလာပြီ၊ မနက် (၈) နာရီလောက်အထိ နေမထွက်သေး၊ ညနေ (၃) နာရီလောက်က တည်းက မှောင်စပြုနေပြီဆိုရင် အဲဒါ ဆောင်းရာသီပဲလို့ အလွယ်မှတ်သားထားရပါတယ်။
ဒီလို ဥတုကြီး (၄) မျိုးရှိပြီး ပြောင်းလဲနေတဲ့ ဥတုရာသီနဲ့အညီ အ၀တ်ဝတ်တာ၊ အစာစားတာ၊ နေတာထိုင်တာ အားလုံး လိုက်လျောညီထွေလိုက်လုပ်ဖို့ လိုတယ်ဆိုတာကို ထိုင်း-မြန်မာနယ်စပ်တောတွင်းစခန်းကနေ ဥရော ပရွှေမြို့တော်ဆီ တန်းပြီးရောက်လာတဲ့ ကျနော့်ခမျာ မသိရှာ။ ကျနော့်အရင် နော်ဝေးကို ရောက်နေသူတွေ ကလည်း ဒါတွေကို အသေချာရှင်းမပြတော့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နှာာစေးချောင်းဆိုးရောဂါရခဲ့ပေါ့။ ဒါပေ မယ့် တတိယနိုင်ငံအခြေချရေး ကုလသမဂ္ဂ ဒုက္ခသည်အစီစဉ်နဲ့ စနစ်တကျ ရောက်လာတဲ့သူတွေကျတော့ ကျနော့်လို နလပိန်းတုန်းမဟုတ်တော့။ နော်ဝေးနဲ့ စကင်ဒင်နေဗီယန်းနိုင်ငံတွေဆီ သွားမယ်ဆိုကတည်းက ဟိုမှာဘယ်လိုနေရမယ်၊ ရာသီဥတုက ဘယ်လို၊ အစားအသောက် အ၀တ်အစားက ဘယ်လို … စသဖြင့် အ သေအချာ ရှင်းလင်းပြထားပြီးသားလို့ သိရပါတယ် (အခု နောက်ပိုင်းမှာဆိုရင် လေယာဉ်စီးနည်းကိုပါ သင် တန်းပေးနေတယ်လို့ သိရပါတယ်။ ဖြစ်ပုံကတော့ တတိယနိုင်ငံသွား ဒုက္ခသည်ကလေးငယ်တချို့ဟာ ထိုင်းနဲ့ ဥရောပအကြား (၁၀) နာရီကျော် လေယာဉ်ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ အိမ်သာရှာမတွေ့တဲ့အတွက် ထိုင်ခုံတွေကြားမှာ အီးအီးပါချလိုက်ရာကနေ ပြဿနာတွေဖြစ်ပြီး အခုလို သင်တန်းပေးနေတာလို့ ဒုက္ခသည် တွေဆီက သိရပါတယ်)။
တကယ်တော့ ချိစ် (Cheese) စားပြီး နို့သောက်တယ်ဆိုတာ ဘိုဆန်ကြောင်း ပြဖို့မဟုတ်၊ ဆောင်းတွင်းမှာ အအေးဒဏ်ခံနိုင်ဖို့ ဖြစ်တယ်။ (၂) ထောင် (၃) ထောင်တန် အနွေးထည်တွေကို ၀ယ် ၀တ်တယ်ဆိုတာဟာ ရှိုးထုတ်ဖို့မဟုတ်၊ ဆီးနှင်းနဲ့ အအေးဒဏ်ကို ကာကွယ်ဖို့ဖြစ်တယ်။ ရာသီ (၄) မျိုး အတွက် ၀တ်ရုံ (၄) မျိုး ပြောင်းဝတ်တယ်ဆိုတာဟာ ငွေဖြုန်းတာမဟုတ်၊ ကျန်းမာရေးလိုအပ်ချက်အရ ဖြစ်တယ်။ နွေရာသီရောက် တိုင်း ကိုယ်တုံးလုံးချွတ်ပြီး နေပူစာလှုံနေတာဟာ ၀တ်လစ်စလစ်ယဉ်ကျေး မှုကို ဖော်ဆောင်နေခြင်းမဟုတ်၊ (၈) လလောက် နေရောင်ခြည်မရတဲ့ ခန္ဓာကိုယ်ကို (၄) လအတွင်း ဘက်ထရီအားသွင်းသလိုမျိုး နေစွမ်းအင် ဖြည့်နေရခြင်းဖြစ်တယ်။ … စသဖြင့် စသဖြင့် နော်ဝေး သူငယ် တန်းဖတ်စာတွေကို (၁၀) နှစ်လောက် နော် ဝေးမှာ နေပြီးမှ ကျနော့်ခမျာ သိလာရပါတယ်။
ဒါတွေကို မသိခင် ပြီးခဲ့တဲ့ ၂၀၀၉ အထိတော့ ထိုင်းကနေ ပါလာတဲ့ အ၀တ်တွေနဲ့ ၁၉၉၊ ၂၉၉ ခရိုနာလောက်နဲ့ ၀ယ်ထားတဲ့ အ၀တ်တွေကိုပဲ ၄-၅ ထပ်ဝတ်ပြီး အနှုတ် (၂၀) လောက်ရှိတဲ့ အော်စလိုဆောင်းကို အံတုဖြတ် သန်းလာခဲ့ပေါ့။ တကယ်က ဒီလိုနည်းနဲ့ ဆောင်းကို မဖြတ်ရ။ ဆောင်းတွင်းကာလ သုံးဖို့အတွက် နော်ဝေးနိုင် ငံကနေ အထူးစပယ်ရှယ် ထုတ်ထားတဲ့ အ၀တ်စားတွေရှိပါတယ်။ ဈေးတော့ ကြီးတယ်။ ဒါပေမယ့် အဲဒါတွေ ကို မ၀ယ်ဝတ်ဘူးဆိုရင် အအေးဒဏ်ကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ခရိုနာငွေ (၂,၀၀၀) ကျော် (အမေရိ ကန်ဒေါ်လာ ၃၀၀ နီးပါး) တန်တဲ့ အနွေးထည်တထည်ကို မနှစ်ကမှ ကျနော် ၀ယ်ဝတ်ခဲ့ဖူးပါတယ်။ ပြီးရင် ဆောင်းတွင်းအားကစားဖြစ်တဲ့ နှင်းလျှောစီးခြင်းအလုပ်ကိုလည်း မနှစ်ကမှပဲ ကျနော် စတင်စီးကျင့်ဖူးပါတယ်။ ဆောင်းတွင်းမှာ အေးတယ်ဆိုပြီး အိမ်ထဲမှာကွေးရင်း အရက်ထိုင်သောက်နေရင် အခြေအနေ ပိုဆိုးနိုင်တယ် လို့ ကျနော့်အိမ်ရှင်က ပြောပါတယ်။
“မင်း နော်ဝေးမှာ ရေရှည်နေမယ်ဆိုရင် ဆောင်းကို မိတ်ဆွေဖွဲ့ထားမှရမယ်။ ဆောင်းနဲ့ အကျွမ်းတ၀င်မရှိဘူး ဆိုရင်တော့ မင်း ရူးသွားလိမ့်မယ်” လို့ ကျနော့်အိမ်ရှင်က သတိပေးပါတယ်။ နော်ဝေးစာ သင်ပေးတဲ့ ဆရာမ တော့ နော်ဝေးမှာ အညိုရောင်ဆောင်းနဲ့ အဖြူရောင်ဆောင်းဆိုပြီး ရာသီဥတုက (၂) မျိုးပဲရှိတယ်။ ဒါကြောင့် ဆောင်းကို မဖြစ်မနေ မိတ်ဆွေဖွဲ့ထားရမယ်လို့ ပြောခဲ့ဖူးပါတယ်။
သူတို့ သတိပေးမယ်ဆိုလည်း ပေးစရာပါပဲ။ ကျနော်တို့မြန်မာတွေ နေပုံထိုင်ပုံကလည်း ကြည့်ပါဦး။ ဆောင်း ဆိုရင် ဈေးကြီးတဲ့ အ၀တ်ဝယ်ရမှာစိုးလို့ အာရှက ပါလာတဲ့ အ၀တ်တွေကိုပဲ ၄-၅ ထပ် ၀တ်။ ဒါမှမဟုတ် အ ဟောင်းဈေးက ၀ယ်ထားတာတွေကို ပုံပျက်ပန်းပျက် ၀တ်ပြီး အခန်းထဲမှာကွေး။ ရာသီဥတု အေးတာကို အ ကြောင်းပြပြီး အရက်စုသောက်ကြ။ လေထုသိပ်သည်းဆကို နားမလည်ဘဲ ငါးပိရည်နဲ့ အနံ့ပြင်းတဲ့ မြန်မာအ စားအစာတွေကို စုချက်စားကြတော့ လေက အပြင်မထွက်ဘဲ တအိမ်လုံး နံစော်နေပေါ့။ ဒီလိုနည်းနဲ့ နော်ဝေး ဆောင်းကို ကိုရွှေတွေ ဖြတ်သန်းနေကြပါတယ်။ ဒါပေမယ့် နော်ဝေးနိုင်ငံသားတွေက ဒီလိုမဟုတ်။ နှင်းကျရင် သူတို့က ပျော်နေပြီ။ မြန်မာတွေလို အိမ်ထဲမှာ ကွေးပြီးမနေ။ ခရိုနာ တသောင်းလောက်တန်တဲ့ ဦးထုပ်ကနေ ဖိနပ်အထိ ၀တ်စုံအပြည့်ဝတ်၊ ခရိုနာ (၅,၀၀၀) လောက်တန်တဲ့ နှင်းလျှောစီးကရိယာကို ယူပြီး ရေခဲပြင်ဆီ ထွက်သွားပါလေရော။ ဒါ လူကြီးတွေတင်လားဆိုတော့ မဟုတ်။ ကလေးငယ်တွေလည်း ဒီလိုပါပဲ။ ဒုက္ခသည် စခန်းမှာ မွေးပြီး နော်ဝေးမှာ ကြီးတဲ့ မြန်မာကလေးငယ်တွေလည်း ဒီလိုပါပဲ။ အသက် (၃၀) ကျော် (၄၀) ၀န်း ကျင်ကျမှ ရေခဲပြင်ဒေသဆီ ရောက်လာတဲ့ ကျနော်တို့မျိုးဆက်ကတော့ “ရေထဲဆင်းသွားတဲ့ ဘဲကလေးတွေ ကို မွေးပေးလိုက်ရတဲ့ ကြက်မကြီးတွေလို” ကမ်းပေါ်ကနေ ငေးကြည့်နေရုံမှတပါး သူတိုနဲ့အတူ ရေထဲလည်း မဆင်းနိုင်။ ရေခဲပြင်ကိုလည်း မထွက်နိုင်တော့တဲ့ အခြေနေမျိုးပါ။
နွေရာသီမှာလည်း ဒီလိုပါပဲ။ အော်စလိုသားတွေက နေရောင်ခြည်ကို အမြတ်တနိုးထားပြီး နေ့လည်စာကို နေ ရောင်အောက်မှာ ဖိတ်ကျွေးတာတို့၊ နေရောင်အောက်မှာ ဘီယာသောက်တာ၊ ဘာဘီကျုးကင်တာတွေ လုပ် လေ့ရှိပါတယ်။ ကျနော်တို့ကတော့ အဲဒီနေပူဒဏ်ကို မခံနိုင်လို့ အရိပ်ရှိတဲ့နေရာထဲ ခုံရွှေ့ပြီးစားသောက်ခဲ့ပေါ့။ နောက်တခါ ခုနကပြောတဲ့ ကလေးငယ်တွေနဲ့ နော်ဝေးတွေက ကိုယ်တုံးလုံးနီးပါး ချွတ်ပြီး (ကိုယ်တုံးလုံးချွတ် ပြီး နေလှန်းတဲ့ Huk beach ဆိုတာ သီးခြားနေရာတခုအဖြစ် အော်စလိုမှာရှိပါတယ်။ အဲဒီထဲ ၀င်သူတိုင်း တုံး လုံးချွတ်ပြီး ၀င်ရပါတယ်) နေလှန်းနေချိန်မှာ ကျနော်တို့မျိုးဆက်ကတော့ အဲဒီနေရောင်ကိုမခံနိုင်။ ညိုပြီးသား အသား ထပ်ညိုမှာစိုးတယ်ဆိုပြီး သစ်ပင်ရိပ်ကောင်းကောင်းအောက်ကနေ သူတို့ကို ငေးကြည့်နေပြန်ပေါ့။ တ ကယ်က ဒီလိုနေလှန်းတာဟာ ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်ရမယ့် အလုပ်တခုဖြစ်တယ်။ (၁၂) လမှာ (၈) လလုံးလုံး နေရောင်ခြည်မရတဲ့ ခန္ဓာကိုယ်ကို နေရောင်ခြည်ပေးဖို့ လိုတယ်။ တနည်းအားဖြင့် ဘက်ထရီ အားသွင်းသလိုမျိုး (၈) လစာအတွက် (၄) လအတွင်း ရသမျှ နေရောင်ကို ယူပြီး သိုလှောင်ထားဖို့ လိုတဲ့သ ဘောပါ။ ဒီသဘောတရားကို မသိရှာတဲ့ ကျနော်တို့မျိုးဆက်က ပုဂ္ဂိုလ်တွေကတော့ ကောင်မလေးတွေ ကိုယ် တုံးလုံးချွတ် နေလှမ်းတာကို အထူးအဆန်းဖြစ်ပြီး ခိုးကြည့်ကြ၊ Huk Beach ကို သွားပြီး ချောင်းကြည့်ကြနဲ့ အချိန်တွေကုန်ပြီး ကိုယ့်ဘက်ထရီကိုယ်ဖြည့်ဖို့ မေ့လျော့လာခဲ့တာ (၁၀) နှစ်တောင် ကြာခဲ့ပါရောလား။
နေမ၀င်အရပ်ဆီ တကယ်သွားပါတော့မည်
ဆယ်နှစ်ဆယ်မိုး (အော်စလိုမှာ မိုးရာသီ မရှိသော်လည်း) နီးပါး အော်စလိုရဲ့ ရာသီဥတုနဲ့ အခြားအခြေအနေ တွေ အတော်များများကို တီးမိခေါက်မိပြီးတဲ့အခါမှာတော့ ငါလည်း နော်ဝေးနိုင်ငံသားတွေလို ကျင့်ကြံနေထိုင် မှဖြစ်တော့မယ်။ ခရီးထွက်မှဖြစ်မယ်။ ဆောင်းမှာ စကိတ်စီးပြီး ဆောင်နာ (Sauna) ၀င်မယ်။ နွေမှာ စက်ဘီး စီးပြီး ရေကူးမယ်။ နွေဦးမှာ လမ်းလျှောက်ပြီး တောင်တက်မယ်။ ... စသဖြင့် စိတ်အားတင်းပြီး နေမ၀င်တဲ့ မြောက်ပိုင်းဒေသဆီ ခရီးထွက်ဖို့ ကျနော် စီစဉ်ခဲ့ပါတယ်။
တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကျနော်အပါအ၀င် နော်ဝေးရောက် ကိုရွှေအတော်များများဟာ (၁၀) နှစ် ၀န်းကျင်ကာလအတွင်း ထိုင်းနိုင်ငံဆီ (၂) ခေါက် (၃) သုံးခေါက်။ အခြားဥရောပနိုင်ငံတွေဆီ (၄-၅) ခေါက် လောက် သွားရောက်လည်ပတ်ခဲ့ဖူးပြီးဖြစ်ပေမယ့် သဘာဝအလှတွေနဲ့ ကျော်ကြားလှတဲ့ Midnight Sun နေ မ၀င်အရပ်ရှိရာ Northern Light ခေါ် ဆောင်းတွင်းမှာ မြင်ရတဲ့ မြောက်ပိုင်းရောင်ခြည်ရှိရာ နော်ဝေးမြောက် ပိုင်းဒေသဆီ သွားရောက်လေ့လာဖူးသူ ဆယ်ဂဏန်းတောင် မရှိသေးပါဘူး။ ဒါကလည်း သဘာဝတရားရဲ့ ဆန်းကြယ်ပုံကို စိတ်မ၀င်စားလို့ဆိုပြီး အပြစ်တင်လို့တော့မရသေး။ ဈေးကြီးတာက အဓိကနေရာက ပါနေ တယ်လို့ ကျနော် မေးမြန်းခွင့်ရခဲ့တဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
ဥပမာအားဖြင့် နော်ဝေးကနေ ထိုင်းကို သွားမယ်ဆိုရင် လေယာဉ်ခ ခရိုနာ (၇,၀၀၀) လောက်နဲ့ ကိစ္စပြတ် သွားပြီ။ ဟိုရောက်ရင် အသိအိမ်တွေမှာတည်း၊ အမျိုးတွေနဲ့တွေ့၊ နောက်ထပ် သိပ်မကုန်တော့ပါဘူး။ အလား တူ အခြားဥရောပနိုင်ငံတွေကို သွားမယ်ဆိုရင်လည်း လေယာဉ်ခက (၁,၀၀၀-၁,၅၀၀) ၀န်းကျင် လောက်နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် နော်ဝေးတောင်ပိုင်းကနေ မြောက်ပိုင်းကို သွားမယ်ဆိုရင်တော့ လေယာဉ်ခက (၂,၀၀၀) ကျော်ကုန်မယ်။ ဟိုတယ်ခကလည်း တနေ့ (၁,၀၀၀) ၀န်းကျင် ကုန်မယ်။ စားစရိတ်နဲ့ တက္ကစီခပါ ပေါင်းလိုက်မယ်ဆိုရင် ထိုင်းခရီးစဉ်တခုစာမက ရှိသွားနိုင်တဲ့အတွက် အဲဒီဒေသဆီ သွားလည်ဖို့ တွန့်ဆုတ်နေ ကြတာ ဖြစ်ပုံရပါတယ်။
ဒါပေမယ့် နော်ဝေးနိုင်ငံသားတွေနဲ့ ငွေကြေးတတ်နိုင်တဲ့ ကမ္ဘာလှည့်ခရီးသည်တချို့ကတော့ လေယာဉ်ခရီး စဉ်ထက် (၁၀) ဆမက ဈေးများတဲ့ Titanic သဘောင်္ထက် ပိုကြီးပြီး ပိုကောင်းတဲ့ ဇိမ်ခံသင်္ဘောကြီးတွေကို သတင်းတပတ်စာ (၁၀-၁၅ ရက်စာ) စီးပြီး နေမ၀င်တဲ့ မြောက်ဝင်ရိုးစွန်းအရပ်ဆီ တကူးတက နှစ်စဉ်လည် ပတ်နေလေရဲ့။ ဇွန်လလယ်မှာ အော်စလိုနဲ့ ဘာဂင်မြို့တွေဆီကနေ ထွက်ခွာပြီး တရိုစွန်မြို့ (Tromsø) နဲ့ မြောက်ဝင်းရိုးစွန်း (The North Cape) အနီးဝန်းကျင်အရပ်တွေဆီ ဇွန် (၂၂) နေ့တာအရှည်ဆုံးကာလတွေမှာ ရောက်သွားပါတယ်။ အဲဒီခရီးစဉ် သတင်းတပတ်လုံးလုံး သဘောင်္ပေါ်မှာ သန်းကောင်ယံနေ (Midnight Sun) ကို ညစဉ်မြင်နေရပြီး အဖြူရောင်ည (White Nights) မှာ ညစဉ် အိပ်ရမှာဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ထူးဆန်းတဲ့ သဘာဝအလှတရားဖြစ်တဲ့အပြင် Romantic သိပ်ဖြစ်တဲ့အတွက် ဟန်းနီးမွန်းထွက်သူတွေ၊ သ ဘာဝအလှကို အမိအရ ခံစားချင်သူတွေ အများအပြား တိုးဝှေ့နေတဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို တိုးဝှေ့နေသူစာရင်းထဲမှာ ကျနော်တို့ရွှေတွေတော့ မပါပါဘူး။ ကျနော်တို့ရွှေတွေ တိုးဝှေ့နိုင် တဲ့ သဘောင်္ကတော့ အော်စလိုကနေ ဒိန်းမတ်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တခုဖြစ်တဲ့ Frederikshavn မြို့ဆီသွားတဲ့ Stena line ဈေးသဘောင်္ပါ။ ဈေးသဘောင်္ဆိုလို့ အထင်တော့ မစမောပါနဲ့။ Titanic လောက် မကြီးကျယ် ပေမယ့် မြန်မာနိုင်ငံက ‘တောင်ကြီး’၊ ‘မြစ်ကြီးနား’ ကမ်းရိုးတန်းသွားသဘောင်္တွေထက် အများကြီးသာပြီး ခုန က ဇိမ်ခံသဘောင်္တွေထက် တဆင့်နိမ့်ထားတဲ့ သဘောမျှသာဖြစ်ပါတယ်။ အော်စလိုမှာ အရက်၊ ဆေးလိပ်၊ အသားငါး ... စသဖြင့် အားလုံးဈေးကြီးလွန်းတဲ့အတွက် တယောက်မှ ခရိုနာ ၁၀၀-၂၀၀ ၀န်းကျင်သာ ပေးရ တဲ့ အဲဒီသင်္ဘောကြီးကို တညတာ စီးပြီး ဒိန်းမတ်အထိ ဈေးသွားဝယ်ရတာဟာ အော်စလိုက ရွှေတွေရဲ့လုပ် ငန်းစဉ်တခုပါ (အော်စလိုမှာ အရက်ဘယ်လောက်အထိ ဈေးကြီးသလဲဆိုရင် ဈေးအပေါဆုံး အရက်တမျိုးဖြစ် တဲ့ Red label လီတာဝက် ပုလင်းပြားလေး တလုံးကို (၂၃၅) ခရိုနာ ပေးရပါတယ်။ ဒါတောင် ကြိုက်တဲ့အချိန် သွားဝယ်လို့မရ။ အရက်ဆိုင်အားလုံးကို အစိုးရက ထိန်းချုပ်ထားပြီး တနင်္ဂနွေနေ့မှာ လုံးဝပိတ်။ တနင်္လာက နေ စနေအထိကိုတော့ ရုံးချိန်အတွင်းသာ ၀ယ်ခွင့်ပေးထားပါတယ်။ အဲဒီအရက်ကိုပဲ ခုနက ဒိန်းမတ်သွား သင်္ဘောရဲ့ Duty Free ဆိုင်မှာ ၀ယ်မယ်ဆိုရင် (၁၄၀)၊ အော်စလိုလေယဉ်ကွင်း duty Free ဆိုင်မှာဆိုရင် (၇၅) ပဲပေးရပါတယ်။ ဘီယာကိုတော့ စတိုးဆိုင်ကြီးတချို့မှာ မနက် (၁၀) နာရီကနေ (၈) နာရီအတွင်း ၀ယ် ယူနိုင်ပြီး တနင်္ဂနွေမှာ ပိတ်ပါတယ်။ ဘန်ကောက်မှာလို Seven Eleven ဆိုင်တွေမှာ ကြိုက်တဲ့အချိန် ကြိုက် သလောက် ၀ယ်ခွင့်မရှိပါ)
Midnight Sun နဲ့ White Nights ညကို တကယ်ကြုံရသောအခါ ...
ဆိုလိုတာကတော့ သဘာဝအလှတရားတွေကို အသေအချာ လေ့လာသင့်တာမှန်ပေမယ့် ဈေးကြီးတာကို ကြောက်လေ့ရှိတဲ့ မြန်မာတွေဟာ အခုထိ နေမ၀င်အရပ်နဲ့ မြောက်ပိုင်းရောင်ခြည်ရှိရာအရပ်တွေဆီ ရောက်ဖူး သူ သိပ်မရှိသေးပါဘူး။ ကျနော်ကတော့ အရဲစွန့်ပြီး ခရိုနာ (၅,၀၀၀) ၀န်းကျင် အကုန်ကျခံကာ ၂၀၀၉ ဇွန်လ (၂၂) ရက်နေ့မှာ မြောက်ပိုင်းမြို့တော် Tromsø ဆီ ရောက်သွားခဲ့ပါတယ်။ အော်စလိုနဲ့ Tromsø ဟာ ကီလိုမီ တာ (၁,၇၀၀) နီးပါး ကွာဝေးပြီး တနာရီကျော်ကြာ လေယာဉ်စီးရပါတယ်။ နေ့တာအရှည်ဆုံးကာလ။ နော်ဝေး နိုင်ငံရဲ့ အပူဆုံးအချိန်မို့ အော်စလိုမှာတော့ ရေခဲတောင်တွေကို လုံးဝမမြင်ရတော့ဘဲ သစ်ပင်စိမ်းစိမ်းတွေ၊ မြက်ခင်းစိမ်းစိမ်းတွေကိုသာ နေရာတိုင်းမြင်နေရပါတယ်။ ဒါပေမယ့် မြောက်ပိုင်းဘက်ကို လေယာဉ်ဝင်လာ တာနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားပါတယ်။ Tromsø မြို့အနီးတ၀ိုက်မှာ ရေခဲတောင်တွေ ရှိနေဆဲဖြစ်ပြီး ရာ သီဥတုကလည်း အေးနေဆဲဖြစ်ပါတယ်။ အော်စလိုမှာနေတဲ့ ပုံစံမျိုးနဲ့ အနွေးထည်ပါးပါးလေးတထည်သာ ယူ လာမိတဲ့ ကျနော့်ခမျာမှာ ဒုက္ခဖြစ်ပြန်ပေါ့။
ဈေးပေါတဲ့ နောက်ဆုံးလေယာဉ်ကို စီးပြီး ခရီးထွက်လာတဲ့ ကျနော် Tromsø လေယာဉ်ကွင်းကို ရောက်တော့ ည (၁၀) နာရီလောက် ရှိနေပါပြီ။ ဘတ်စ်ကားစီးပြီး ဟိုတယ်ကိုသွား၊ ပစ္စည်းတွေ နေရာချပြီး ပြန်ထွက်တော့ (၁၁) နာရီကျော်နေပြီ။ ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့က ရာသီဥတုကောင်းပြီး နေသာနေဆဲဖြစ်တဲ့အ တွက် သန်းကောင်းယံနေကို ဘယ်နားကနေ သွားကြည့်ရင်ကောင်းမလဲ၊ ဒီအချိန်သွားကြည့်ရင် မီနိုင်သေး လားဆိုပြီး ဟိုတယ်လော်ဘီမှာ မေးတော့ “တံတားကြီးရှေ့က ဘုရားကျောင်းကိုသာ သွား၊ အဲဒီနေရာဟာ အကောင်းဆုံးပဲ” လို့ ဟိုတယ်စာရေးက ကျနော့်ကို အကြံပေးပါတယ်။ ဒါနဲ့ ကင်မရာအိတ်နဲ့ ထရိုင်ပွတ်ကို က တိုက်ကရိုက် လွယ်ပြီး တံတားထိပ်ဆီ ပြေးရပါတယ်။ တခါမှ မရောက်ဖူးသေးတော့ ဘယ်လောက်ဝေး မှန်းလည်းမသိ။ ဟိုတယ်ကနေ ဒီဘက် တံတားထိပ်ကိုတင် (၁၅) မိနစ်၊ တံတားဒီဘက်ထိပ်ကနေ ဘုရား ကျောင်းရှိတဲ့ ဟိုဘက်ထိပ်အထိက (၁၀) မိနစ်ဆိုတော့ ဘုရားကျောင်းရှေ့မှာ ကျနော် ကင်မရာချိန်နိုင်တဲ့အ ချိန်ကျတော့ သန်းကောင်ယံရောက်ဖို့ (၁၅) မိနစ်ပဲ လိုပါတော့တယ်။
အဲဒီနေရာမှာ ကျနော့်အရင် ရောက်နေသူတွေက အများကြီး။ ဒါပေမယ့် အားလုံးက အပျော်တမ်း ကင်မရာသ မားတွေသာဖြစ်တဲ့အတွက် ကျနော် တီဗွီကင်မရာကြီးကို ထရိုင်ပွတ်ပေါ်တင်ပြီး ထောင်လိုက်တော့ သူတို့က ကျနော့်ကို နေရာဖယ်ပေးကြပါတယ်။ ဒီလိုနဲ့ Tromsø မြစ် အနောက်ဘက်တောင်စွယ်မှာ ကွယ်တော့မလိုလို ဖြစ်နေတဲ့ နေကို အသေအချာ ရိုက်ခွင့်ရလိုက်ပါတယ်။ သန်းကောင်ယံမရောက်ခင် (၁၀) မိနစ်အထိ နေက တဖြေးဖြေး နိမ့်ဆင်းလာနေဆဲလို့ ကျနော့်စိတ်ထဲထင်နေပြီး (၅) မိနစ်လောက်အလိုမှာတော့ ရပ်တန့်သွားသ လို ခံစားမိပါတယ်။ ပြီးတော့ နေက အောက်ကို ဆက်မဆင်းတော့ပဲ နံဘေးကို (၁၀) မိနစ်ခန့် ရွေ့သွားပြီး အ ပေါ်ကို နည်းနည်းပြန်ထောင်တက်လာတယ်လို့ ကျနော့်မျက်စိနဲ့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။
သန်းကောင်ယံကို (၁၅) မိနစ်လောက် ကျော်ပြီးတဲ့အခါမှာတော့ သန်းကောင်ယံနေ မှတ်တမ်း ရိုက်ချက်ကို ကျနော် ရပ်နားပြီး ဒီနေကို တကူးတက လာကြည့်ကြတဲ့ ပရိသတ်ကို အင်တာဗျုးလုပ်၊ နောက်တခါ သန်း ကောင်ယံအချိန်မှာ ဘုရားကျောင်းတက်ပြီး ၀တ်ပြုကြတဲ့ လူတွေကို မှတ်တမ်းရိုက်ပြီး မနက် (၁) နာရီမှာ ဟို တယ်ကို ကျနော် ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာတော့ တမျိုးကြီးပါပဲ။ သန်းကောင်ယံကျော်လည်း နေကမ၀င်။ မနက် (၁) နာရီလည်း နေက လင်းနေဆဲ။ ဒါပေမယ့် လင်းပုံလင်းနည်းကတော့ နေ့ဘက်မှာ လင်းတဲ့အလင်း ရောင်ထက် နည်းနည်းဖျော့ပြီး လပြည့်ည လအလင်းရောင်ရဲ့ နှစ်ဆလောက်နီးပါး လင်းနေတဲ့ သဘောမျိုး လား၊ နေ၀င်ချိန် တိမ်တောက်စဉ် လင်းနေတဲ့ အလင်းမျိုးလားလို့ ကျနော့်စိတ်ထဲ နှိုင်းယှဉ်မိပေမယ့် တကယ် ကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ကျနော့်တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတဲ့ သန်းကောင်ယံနေရဲ့ အလင်း ရောင်ပါ။
ဒီလိုနှိုင်းယှဉ်တွေးဆရင်းနဲ့ ငယ်ငယ်က ရွာဘုရားပွဲမှာ ကြည့်ဖူးတဲ့ မြန်မာ့ဇာတ်သဘင်ထဲက စကားလုံးတချို့ ကို သတိရပြီး ကျနော် ပြုံးမိပါတယ်။ “တောင်စွယ်မှာ နေကွယ်ရင် ဒီလူဆိုးကို အသေသတ်စေ” ဆိုတာမျိုး၊ “တောင်ထိပ်မှာ ကြာပေါက်ပြီး အနောက်က နေထွက်မှ မင်း ငါ့ကို ဖမ်းနိုင်လိမ့်မယ်” ဆိုတာမျိုးတွေဟာ ကျ နော်တို့ရွာက ဘုရားပွဲပရိသတ်အတွက် ခံစားလို့ရပေမယ့် အခု နော်ဝေးမြောက်ပိုင်းမှာများ အဲဒီလိုပြောမိရင် လူဆိုးကိုလည်း မသတ်နိုင်၊ ဇာတ်လိုက်ကိုလည်း ခဏလေးနဲ့ ဖမ်းမိသွားနိုင်မယ့်သဘောမျိုး ဖြစ်နေပါတယ်။ နောက်တခါ အာရုံတက်ချိန်မှာ ဆွမ်းတော်တင်တာတို့၊ နေမွန်းမတည့်ခင်မှာ ဘုန်ကြီးဆွမ်း အမီကပ်ရတာတို့၊ နေလွဲညစာ မစားရတို့၊ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိ အလုပ်လုပ်ရမယ်ဆိုတာတို့တွေဟာ ဒီလိုနေရာမျိုး မှာတော့ အံဝင်ဂွင်ကျမဖြစ်နိုင်တော့။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အမြဲတမ်း အမှန်တရားတခုအဖြစ် ကမ္ဘာကြီးရဲ့ဒေသတခုက လူတွေက ယုံကြည်ထားပေမယ့် အဲဒီအမှန်တရားဆိုတာဟာ ကမ္ဘာကြီးရဲ့ အခြား တနေရာမှာတော့ မှန်ချင်မှမှန်မယ်။ အမှန်တရားနဲ့ လူသားတွေရဲ့ တန်ဖိုးထားမှုဆိုတာတွေဟာ ကာလဒေသ ကိုလိုက်ပြီး အပြောင်းအလဲ ဖြစ်သွားနိုင်သလားဆိုတာကို ကျနော် စဉ်းစားနေမိပါတယ်။
နောက်တနေ့မှာတော့ မနက်စောစောထပြီး Tromsø မြို့ရဲ့အလှအပနဲ့ ထင်ရှားတဲ့နေရာတွေကို ရိုက်နိုင်ဖို့ဆို ပြီး ခုနက ဘုရားကျောင်းနောက်ကျော်ဘက်က တောင်ထိပ်ကို Cable Car နဲ့ တက်၊ အဲဒီနေရာကနေ မြို့ထဲ ကို ပြန်ကြည့်တော့ ရှုခင်းက အတော်လှနေပါတယ်။ တွေသမျှ လူတွေကို ဘာကြောင့် ဒီကို လာလည်တာလဲ။ ဘယ်လိုထူးခြားချက်ရှိသလဲ ... စသဖြင့် မေးမြန်းပြီးတဲ့အချိန်မှာ အချိန်က နေ့လည် (၂) နာရီလောက်ရှိနေပြီ။ ကံကဆိုးချင်တော့ ဒီနေ့မှာ မနေ့ကလို နေမသာ။ မိုးဖွဲဖွဲလေး ရွာနေပြီး အအေးဓာတ်ကလည်း (၁၀) စင်တီဂ ရိတ်ကျော်ရုံလေးပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် ကျနော်က ဒီနေရာကနေ အပေါ်တဆင့်မြင့်တဲ့ တောင်ထိပ်ဆီ တက်ချင်ဆဲ။ ခရီးသွားတွေ တယောက်စ နှစ်ယောက်စ တက်နေတာကို မြင်ရပေမယ့် “ဒီနေ ရာကို ကျော်ပြီး ဆက်သွားပါက မိမိရဲ့လုံခြုံရေးကို မိမိဘာသာ တာဝန်ယူရမည်” ဆိုတဲ့ သတိပေးစာကို မြင်ရ တဲ့အခါမှာတော့ ခြေလှမ်းက ခပ်တွန့်တွန့်ရယ် ...။
ဒါပေမယ့် “မဖြစ်ပါဘူး။ ဒီအထိ အရဲစွန့်လာပြီးမှ ဒီတောင်ထိပ်ဆီ မရောက်ဘူးဆိုရင် ရာဇ၀င်ရိုင်းလိမ့်” လို့ ကိုယ့်ဘာသာအားပေးပြီး တောင်ထိပ်ကို မရောက်ရောက်အောင် တက်ဖို့ပြင်ပါတယ်။ ဒါပေမယ့် တောင်က ဝေးပြီး နည်းနည်းစောက်တော့ ကင်မရာရော၊ ထရိုင်ပွတ်ရော ယူသွားဖို့မဖြစ်နိုင်။ ဒီတော့ ထရိုင်ပွတ်ကို မြက် ခင်းထဲဝှက်၊ ကင်မရာအိတ်ကို ကျော်မှာလွယ်၊ ရေခဲတ၀က် မြေပျော့တ၀က် ကျောက်ဆောင် တ၀က်ဖြစ်နေတဲ့ တောင်ကတုံးပေါ်ကို တွယ်တက်ခဲ့ပါတော့တယ်။ ဒီတောင်ထိပ်ဟာ အောက်ကနေကြည့်ရင် သိပ်မဝေးဘူးလို့ ထင်ရပေမယ့် တကယ်တမ်း တက်တော့ တနာရီမက ကြာတယ်လို့ ထင်ပါတယ်။ ပိုဆိုးတာက ကျနော့်မှာ ခရီးသွားဖော်မပါ။ ကျနော် တောင်တက်ခါစက ဟိုနားတယောက် ဒီနားတယောက် မြင်နေရတဲ့လူတွေလည်း ဘယ်ရောက်ကုန်မှန်းမသိ။ ကျနော့်အနီးဝန်းကျင်မှာ တယောက်မှ မတွေ့ရတော့။ တောင်ခါပန်းလောက် ရောက်တော့ လူက အတော်မောနေပြီ။ အအေးဓာတ်ကလည်း ပိုများလာတဲ့အတွက် ငါ ကြွက်တက်ရင်တော့ ပြဿနာပဲ။ အကူအညီတောင်းဖို့လည်း အနီးအနားမှာတယောက်မှမရှိ။ နော်ဝေးစကားလည်း တလုံးမှမတတ် ... စသဖြင့် အတွေးတွေများပြီး ပြန်လှည့်ဆင်းရင်ကောင်းမလား၊ ဆက်တက်ရင်ကောင်းမလားနဲ့ (၅) မိနစ် လောက်နားပြီး ရေသောက်ရင်း တွေဝေနေမိပါတယ်။
ဘာဆိုင်မှန်းတော့မသိ။ အဲဒီလိုတွေဝေနေချိန်မှာ လူမင်းနဲ့ လွင်မိုးတို့ရဲ့ ကချင်ပြည်နယ်က ရေခဲတောင်တက် ခရီးစဉ် ‘လျှို့ဝှက်သောနှင်း’ ရုပ်ရှင်ကို စိတ်ထဲမှာ မြင်လာပါတယ်။ “တောင်တက်တယ်ဆိုတာဟာ ကိုယ့်ကိုယ် ကိုယ် ဘယ်လောက်ယုံကြည်စိတ်ချသလဲ ဆိုတာကို စမ်းသပ်တာပဲ” ဆိုတဲ့စကားလုံးနဲ့ ရေခဲတောင်ပေါ်ကနေ ပြုတ်ကျတဲ့ အခန်းတွေကို သွားမြင်မိပြီး စိတ်တင်းလိုက်ပါတယ်။ ကြွက်မတက်အောင် သတိထားတက်ရင်းနဲ့ နောက်ဆုံးတော့ တောင်ထိပ်ကို ကျနော် ရောက်သွားပါတယ်။ အချိန်က (၃) နာရီခွဲ (၄) နာရီဝန်းကျင်ရှိနေပြီ။ လူသူလေးပါးလည်း တဦးမှမတွေ့။ ကင်မရာထရိုင်ပွတ်လည်း မပါတော့ ကျောက်ဆောင်တခုပေါ်မှာ ကင်မရာ ကို အသေချိန်ပြီး ကိုယ့်ပုံကိုယ်ရိုက်၊ မြင်ကွင်းနဲ့ နရေးရှင်းကို လက်တန်းပြော၊ ဘေးပတ်လည်က ရေခဲတောင် တွေကို အမြန်ရိုက်ပြီး ခပ်သွက်သွက်လေး ပြန်ဆင်းပြေးလာရပါတယ်။ ဒီတောင်ထိပ်မှာရော၊ ခုနက ကေ ဘယ်ကား ဆိုက်ရာ တောင်ထိပ်မှာရော ထူးထူးခြားခြား ကျနော် သတိထားမိတာကတော့ တောင်ထိပ်ရဲ့ အ မြင်ဆုံးနေရာတွေမှာ ကျောက်တုံးလေးတွေကို စုပုံပြီး ကျနော်တို့ဆီက စေတီပုံစံလိုမျိုး လုပ်ထားတဲ့ ကျောက် ပုံသင်္ကေတတွေ ဖြစ်ပါတယ်။
ညနေ (၆) နာရီလောက်မှာ ဟိုတယ်ကို ခဏပြန်နား၊ ရေမိုးချိုးပြီး သန်းကောင်ယံနေကို အပီအပြင် ရိုက်နိုင်ဖို့ ည (၁၀) နာရီလောက်မှာ ခုနက ကေဘယ်ကားသွားတဲ့ တောင်ထိပ်ဆီ ကျနော် ပြန်တက်လာပါတယ်။ ဒါပေ မယ့် ရာသီဥတုက ကိုယ့်ဘက်လုံးဝမပါတော့ပါဘူး။ နေတ၀က် တိမ်တ၀က် မိုးတ၀က်နဲ့ ဘယ်လိုမှလင်းလင်း ချင်းချင်းမရှိတော့ပါ။ ည (၁၂) နာရီခွဲ ကေဘယ်ကား ပိတ်တဲ့အချိန်ထိ ထိုင်စောင့်ပေမယ့် ဘယ်လိုမှနေရောင် ကို ကောင်းကောင်းမမြင်ရတော့။ နောက်ဆုံးတော့ စိတ်လျှော့ပြီး ဒီနေ့မရလည်း မနက်ဖြန်တရက် ကျန်သေး တာပဲလို့ ကိုယ်ဘာသာအားပေးပြီး ဟိုတယ်ကို ပြန်လာခဲ့ရပါတယ်။
နောက်တနေ့မနက်မှာတော့ မြောက်ဝင်ရိုးစွန်းအရပ်က ထင်ရှားတဲ့ ၀က်ဝံတွေ၊ ပင်ဂွင်းငှက်တွေ၊ ပင်လယ်ဖျံ တွေ စတဲ့ ရေသတ္တ၀ါပြတိုက်ကိုသွားရိုက်။ ပြီးတော့တခါ Polar ပြတိုက်လို့ နာမည်ကြီးတဲ့ နော်ဝေးလူမျိုးတွေ အာတိတ်စက်ဝိုင်းနဲ့ North Pole ခေါ် မြောက်ဝင်းရိုးစွန်းအရပ်ဆီသွားတဲ့ ရေခဲပြင်စွန့်စားခန်းအကြောင်း ပြ တိုက်။ ဆောင်းရာသီမှာမြင်ရတဲ့ Northern Light မြောက်ပိုင်းရောင်ခြည်အကြောင်း ပြတိုက်တွေကို လေ့လာ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီမှတ်တမ်းတွေအရ သန်းကောင်ယံနေကို မြင်နိုင်တဲ့ဒေသဟာ နော်ဝေးမြောက်ပိုင်း တခုတည်းမဟုတ်ဘဲ North Pole နဲ့ ထိစပ်နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်မြောက်ပိုင်း၊ ဖင်လန်မြောက်ပိုင်း၊ ဒိန်းမတ် ပိုင် Green land ကျွန်း၊ အိုင်းစလန်းမြောက်ပိုင်း၊ ရုရှားမြောက်ပိုင်း၊ ကနေဒါမြောက်ပိုင်းနဲ့ အမေရိကန်ပြည် ထောင်စု အလက်စကားပြည်နယ် မြောက်ပိုင်းဒေသတွေကလည်း မြင်နိုင်တယ်လို့ သိရပါတယ်။
ဖင်လန်မြောက်ပိုင်းမှာဆိုရင် (၇၃) ရက်တိတိ နေမ၀င်ဘူးလို့ သိရပြီး နော်ဝေးမြောက်ပိုင်းက ကျွန်းလေးတခု ဖြစ်တဲ့ Svalbard မှာဆိုရင် ဧပြီလ (၁၉) ရက်နေ့ကနေ သြဂုတ်လ (၂၃) ရက်နေ့အထိ (၄) လတာလုံးလုံး နေမ၀င်ဘူးလို့ သိရပါတယ် (တကယ်က အဲဒီကျွန်းအထိ ရောက်အောင်သွားသင့်ပေမယ့် ကျနော်ကတော့ Tromsø အထိပဲ ရောက်ဖူးပါသေးတယ်)။
နိုင်ငံပေါင်း (၇) နိုင်ငံကနေ သန်းကောင်ယံနေကို မြင်နိုင်တယ်ဆိုပေမယ့် နော်ဝေးမြောက်ပိုင်းဟာ မြင်ကွင်း အကောင်းဆုံးနဲ့ အထင်ရှားဆုံးနေရာဖြစ်တဲ့အတွက် ခရီးသွားတွေ အခုလို အများအပြား လာနေကြတာဖြစ် တယ်လို့ Tromsø မြို့တော်ဝန်ရုံး ပြန်ကြားရေးအရာရှိက ကျနော့်ကို ရှင်းပြပါတယ်။ ဒါ့အပြင် ဆောင်းတွင်း ကာလမှာလည်း Tromsø ဟာ တလလောက်နီးပါး နေမထွက်တဲ့အတွက် မြောက်ပိုင်းရောင်ခြည် Northern Light ကို လေ့လာချင်သူ အများအပြား လာရောက်လည်ပတ်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။ Tromsø မြို့ ဟာ မြောက်လဒ်တီကျု (၆၆) ဒီဂရီကျော်တဲ့အရပ်မှာ ရှိနေလို့ အခုလို နေမ၀င်-နေမထွက်တဲ့ နေ့တွေကို လနဲ့ ချီ ကြုံနေရတာဖြစ်ပြီး North Pole ဆိုရင် မြောက်လဒ်တီကျု (၉၀) ဒီဂရီအထိ မြင့်တယ်လို့ သူက ရှင်းပြပါ တယ်။
ကျနော်တို့ကျောင်းသားအရွယ် ငယ်ငယ်တုန်းက မြောက်လဒ်တီကျု၊ တောင်လဒ်တီကျု၊ မြောက်ဝင်းရိုးစွန်း၊ တောင်ဝင်းရိုးစွန်း ဆိုတာတွေကို ပထ၀ီဘာသာထဲမှာ အလွတ်ကျက်သင်ခဲ့ဖူးပေမယ့် အခု အဲဒီဝင်ရိုးစွန်းဒေ သကို လူကိုယ်တိုင်ရောက်လာတဲ့အခါမှာတော့ စာအုပ်ထဲက ပထ၀ီနဲ့ လက်တွေ့ပထ၀ီကို ဆက်စပ်စဉ်းစားနိုင် ဖို့ ကျနော် အသည်းအသန် ကြိုးစားနေရဆဲ။ “ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ် (၂၃) နှစ်ပိုင်းတပိုင်းဒီဂရီ စောင်း ကာ နေကိုဗဟိုပြုပြီး လည်ပတ်နေသည်” ဆိုတဲ့ သူငယ်တန်းဖတ်စာ၊ နောက်တခါ “၂၃ နှစ်ပိုင်းတပိုင်း စောင်း တဲ့ ကမ္ဘာကြီးအလယ် ... အသည်းလေးများ မတိမ်းစောင်းဖို့ရာ လိုသေးတယ် ...” ဆိုတဲ့ အဆိုတော်ကိုင်ဇာရဲ့ ကျောင်းသားဘ၀က သီချင်းသံတွေကို ပြန်စဉ်းစားမိတော့မှပဲ နေမ၀င်တဲ့ ညနဲ့ နေမထွက်တဲ့ နေ့တွေအ ကြောင်း နည်းနည်းလေး ရိပ်ဖမ်းသံဖမ်း နားလည်သလိုဖြစ်လာမိပါတယ်။
ဆိုလိုတာကတော့ ၂၃ နှစ်ပိုင်းတပိုင်းဒီဂရီ စောင်းပြီးလည်နေတဲ့ ကမ္ဘာကြီးရဲ့ မြောက်ဝင်ရိုးစွန်းဒေသဟာ အ ခုလို နွေရာသီမှာ နေနဲ့ အနီးဆုံး သို့မဟုတ် နေလုံးရဲ့အပေါ်တည့်တည့်မှာ ရောက်နေတဲ့အတွက် တညလုံး လင်းနေတာ ဖြစ်ပါတယ်။ ဆောင်းရာသီရောက်တဲ့အခါမှာတော့ နေလုံးနဲ့ အဝေးဆုံး သို့မဟုတ် နေလုံးရဲ့ အောက်တည့်တည့်မှာ ရောက်နေတဲ့အတွက် တနေကုန် မှောင်မဲနေတဲ့သဘောဖြစ်ပါတယ်။ ၀င်ရိုးစွန်းဒေသ မှာ ဒီလိုဖြစ်ပျက်နေတာကို အီကွေတာအရပ်မှာ နေထိုင်တဲ့ ကျနော်တို့အာရှသားတွေကတော့ ရှေ့မှာ ကျနော် ပြောခဲ့တဲ့အတိုင်း သူငယ်တန်းပထ၀ီမှာ အလွတ်ကျက်ခဲ့ဖူးတာထက် ပိုပြီး လက်တွေ့နားလည်ခံစားဖို့ကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သြစတြေးလျတိုက်ဘက်က လူတွေကတော့ ဥရောပနဲ့ ရာသီပြောင်းပြန် ဖြစ်ပြီး ခရစ်စမတ်ပွဲကို နွေခေါင်ခေါင်မှာ နွှဲဖူးတဲ့အတွက် ဒီဖြစ်စဉ်အပေါ် အာရှသားတွေထက် ပိုနားလည်နိုင် တယ်လို့ Google search စာမျက်နှာတချို့က အဓိပ္ပာယ်ဖွင့်ထားတာကို တွေ့ရပါတယ်။
သဘာဝတရားရဲ့ ဆန်းကြယ်ပုံသဘောတရားကို ကျနော် အသေအချာ နားလည်နိုင်စွမ်းမရှိသေးပေမယ့် နေ မ၀င်တဲ့ညနဲ့ နေမထွက်တဲ့နေ့တွေ၊ မြောက်ပိုင်းရောင်ခြည်လို ထူးခြားချက်တွေကိုတော့ ကျနော် အထူးစိတ် ၀င်စားနေမိပါတယ်။ ဒါကြောင့် ဒီညမှာတော့ နေမ၀င်ညကို အသေအချာ စောင့်ကြည့်ရိုက်ကူးမယ်လို့ မနေ့က ရောက်ခဲ့တဲ့ ကေဘယ်ကားသွားတဲ့ တောင်ထိပ်ကို ည (၉) နာရီလောက်ကတည်းက တက်ပြီး အဆင်သင့် သွားစောင့်ဆိုင်းနေပါတယ်။ ဒါပေမယ့် ဒီနေ့မှာလည်း ရာသီဥတုက ကိုယ့်ဘက်မပါပြန်ဘူး။ ည (၁၁) နာရီ ကျော်တဲ့အထိ မိုးတိမ်တွေ ဖုံးနေဆဲဖြစ်ပြီး နေလုံးကို ကောင်းကောင်းမမြင်ရ။ တောင်ထိပ်မှာ တွေ့သမျှ လူ တွေကို ဟိုမေးဒီမေး မေးရင်း ည (၁၂) နာရီကို စောင့်နေပေမယ့် နေလုံးက တိမ်ထဲကနေ အပြင်ကို ထွက်မ လာတော့ပါ။
ဒီတော့မှပဲ “အခွင့်အရေးဆိုတာ နှစ်ခါမရဘူး” ဆိုတဲ့ သတင်းစာဆရာကြီးတွေရဲ့ စကားလုံးကို လက်တွေ့သ ဘောပေါက်လိုက်ပါတယ်။ “တကယ်လို့ ငါသာ ရောက်ရောက်ချင်း ညကများ အပျင်းထူပြီး သန်းကောင်ယံ နေကို ချက်ချင်းမရိုက်ဖြစ်ဘဲ နောက်နေ့မှ အသေချာပြင်ပြီး စိတ်ကြိုက်ရိုက်မယ်လို့ စောင့်နေမိရင် သွားပါပြီ” လို့ စဉ်းစားမိပါတယ်။ နောက်ဆုံးမှာတော့ ပေါ်မလာတဲ့ နေကို စိတ်ပျက်စွာနဲ့ စွန့်ခွာပြီး တောင်ထိပ်ကနေ မြို့ ထဲပြန်ဆင်းလာရပါတယ်။ နေလုံးကိုသာ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် နေအလင်းရောင်ကတာ့ သာနေ ဆဲ။ အဖြူရောင်ညကလည်း အစွမ်းပြနေဆဲ။ မြို့ထဲက ဘီယာဘားတွေ၊ စားသောက်ဆိုင်တွေမှာလည်း တည လုံး စည်ကားနေဆဲ ...။
Midnight Sun, White nights, Northern Light ... စသဖြင့် ထူးဆန်းလှပလွန်းပြီး လျှို့ဝှက်ချက်အပြည့်ရှိ နေတဲ့၊ Romantic သိပ်ဖြစ်တဲ့ သဘာဝလွန် ဒါမှမဟုတ် အာရှသားတွေ နားလည်ဖို့ မလွယ်သေးတဲ့ ထူးဆန်း သဘာဝအလှတွေ စုဝေးရာ နော်ဝေးမြောက်ပိုင်း Tromsø မြို့လယ်လမ်းမပေါ်ရောက်နေတဲ့ ကျနော်ဟာ အဲဒီ ညက တညလုံး မအိပ်ဖြစ်လိုက်ဘဲ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်ဒေသတွေရဲ့ ရာသီဥတုကွာခြားပုံ တွေ၊ ယဉ်ကျေးမှုကွားခြားပုံတွေ၊ တန်ဖိုးထားမှုခြားနားပုံတွေအကြောင်း အတွေးနယ်ချဲ့စဉ်းစားနေမိပါတယ်။
ထက်အောင်ကျော်
4 comments:
တော်တော်ဖတ်လို့ ကောင်းတယ်
ဒီစာကိုဖတ်ပြီးသိသင့်တဲ့ဟာ အများကြီးသိ
သွားသလိုခံစားရတယ် ကျေးဇူးအများကြီး
တင်တယ်ရေးသားသူကို ........
Thanks Ko Htet Aung Kyaw for your post. By the way, are you from Shwe Daung? May be, your mother is my teacher.
good post .you said right!!
၃ နှစ်လောက်ကြာပြီးမှ ကိုယ့်ဆောင်းပါး ကိုယ်ပြန်ဖတ်ဖြစ်ပါတယ်။
မြန်မာပြည်က စာဖတ်ပရိတ်သတ်က နိုင်ငံရေးဝေဖန်ချက်ထက် ဒီလိုမျိုးဆောင်းပါးတွေကို ပိုစိတ်ဝင်စားတယ်ဆိုလို့ မနဲလိုက်ရှာရင်းနဲ့ ဆရာသမားဆီမှာပြန်တွေ့လို့ (သတ်ပုံနဲ့ စကားလုံးတွေလဲ စစ်ထားပြီးသားပေါ- ဟဲ) အရမ်းအရမ်း ကျေးဇူးတင်ပါကြောင်း...။
ခင်မင်လေးစားလျက်
ထက်အောင်ကျော်
Post a Comment