နေရစ်တော့ နာဂစ်ရေ ...
လင်းအောင်ပြည့်
သူတို့ရဲ့စိုးရွံ့ကြေကွဲမှုတွေက
မျက်လုံးတွေထဲမှာ ...
တိုးလျှိုပေါက်အတိုင်းသား။
သူတို့နှုတ်ဖျားက ထွက်ကျလာတဲ့
ထစ်အအ စကားလုံးတွေကလည်း ...
သူတို့နှလုံးသားကို အလျားလိုက်ခင်းပြထားသယောင်။
တောင်လား၊ မြောက်လားမသိတဲ့
အသိမဲ့ခြေလှမ်းတွေကလည်း
အနာဂတ်ဆိုတာကို မသဲမကွဲနဲ့ ...။
သူတို့ဘ၀တွေရဲ့
တိုက်ပွဲဝင် စစ်သည်တော်
ပင်လယ်ပျော် လင်ယောက်ကျားလည်း မရှိ၊
အမိသေ၊ သားဆုံး
ကိုယ်တုံးလုံးပဲကျန်ခဲ့တဲ့ မိန်းမတွေ ...။
မယားသေ၊ ခလေးပျောက်လို့
မုဆိုးဖိုဘွဲ့ထူးကို
အဝေးရောက်ယူလိုက်ရတဲ့ ကိုတံငါတွေ ...။
အဖေသေ၊ အမေပျောက်လို့
ဘယ်ရောက်မယ်မှန်းမသိတဲ့ လမ်းပေါ်က
စမ်းတ၀ါးဝါး ကလေးငယ်တွေ ...။
ကိုယ့်အသက်အရွယ်ကိုမှမထောက်
တယောက်တည်း ကျန်နေခဲ့မှတော့
“ပြန်သေလို့ရရင် ... သေပါရစေ” ဆိုတဲ့
အဖိုး ... အဖွားတွေ။
ဘယ်အခြေအနေတွေကကော ...
မနေ့ကည ... ဆိုတာကို
အလျော်ပြန်ပေးနိုင်ကြလို့လဲ
ကျိုးသွားတဲ့ တံတားတွေ ...
ပြိုသွားတဲ့ အိမ်ရာတွေ ...
ပျက်သွားတဲ့ စာသင်ခန်းတွေ ...
အသစ်ပြန်ပြင်ဆောက်နိုင်ကြသလောက်
ပျောက်သွားတဲ့ဘ၀တွေက
ဘယ်မှာပြန်ရှာလို့ရတော့မှာလဲ နာဂစ်ရယ် ...။
မင်းကုတ်ခြစ်ခဲ့တဲ့ ဒဏ်ရာတွေက
(၃) နှစ်ပြည့်တဲ့ အချိန်ထိ
နလန်မထ၊
သူတို့ဘ၀တွေ ချမ်းသာရာရစေဖို့
ငါတို့ ဘယ်လို ပြန်စပေးရပါ့မလဲ ...။
မျက်နှာလွှဲလိုက်ပါတော့ နာဂစ်ရေ ...
အပူရောင်တွေနဲ့မှ
လင်းခွင့်ရလိုက်တဲ့ ဘ၀တွေမို့
အပြီးသတ်အမှောင်ကိုသာ တောင့်တ
သူတို့မနက်ခင်းတိုင်းရဲ့ နေခြည်ဖူးအစမှာ
မုန်တိုင်းမပါတဲ့ အလှတွေသာ
ဝေဖြာ ...
ပွင့်လန်းကြပါစေတော့ ...။ ။
(နာဂစ် ၃ နှစ်ပြည့် အမှတ်တရ ...)
လင်းအောင်ပြည့်
၂-၅-၂၀၁၁
No comments:
Post a Comment