Wednesday, April 20, 2011

သူရဲစောင်းကြီးများကို ပြန်လည်ဖိတ်ခေါ်ခြင်း

သူရဲစောင်းကြီးများကို ပြန်လည်ဖိတ်ခေါ်ခြင်း
ကျော်ဟုန်း

တချိန်တုန်းက
မင်းရုပ်လွှာကို မြင်ဖူးတယ်။

အာသံမှာ ယူနီဂျက်အလံကို ဓားနဲ့ပိုင်း
ယမ်းကျည်တွေကြား ဓားသွားထက်တဲ့
မဟာဗန္ဓုလ လိုလို။

ရန်သူထက် အင်အားကွာ နည်း
ပြန်လမ်းမရှိ ရှေ့ပဲဆက်
နောင်ရိုးမှာ ဖောင်ဖျက်တိုက်ခဲ့
ဘုရင့်နောင် လိုလို။

ဒို့များ ဒီမိုအရေးမှာ
ခွပ်ဒေါင်းအလံကို နဖူးမှာစည်း
မိုးတလုံး လေတလုံး အာဂုံသုံး
လက်သီးလက်မောင်းတန်းပြီး
ဒေါသမျက်နှာနဲ့ အသားကုန်အော်
မင်းအသံကြားရုံနဲ့ နအဖ လဲသေလောက်
လားလား ... လူအုပ်ရှေ့က သူရဲကောင်းကြီး
ခု ဘယ်များရောက်နေပါလိမ့်။

ဘာလုပ်မယ်၊ ညာလုပ်မယ်
ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ်
ဆင်ဖမ်းမယ်၊ ကျားလည်းဖမ်းမယ်
မြွေဖမ်းမယ်၊ တီကောင်ပါဖမ်းမယ်
ကမ္ဘာကြေတောင် ဥဒါန်းမကြေ
အရိုးကြေကြေ အရေခန်းခန်း
မေးရိုးကြီးကား လည်ပင်းကြောထောင်
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်
အာလုပ်သံကြီးနဲ့
မင်းရဲ့ဟိန်းဟောက်လိုက်သံများ
အာဖရိက ခြင်္သေ့ကြီးတွေတောင်
ခေါင်းကိုဝှက် အမြီးကုပ်
သမင်အုပ်တွေ့တာတောင် မလိုက်ရဲ
မင်းဟန် မင်းအသံကို တုမယှဉ်နိုင် ကြောက်ခဲ့ရ
ဒီပုံရိပ်တွေ ဘယ်ရောက်သွားပါလိမ့်။

လူသမိုင်း စကတည်းက
ရေကြည်ရာ မြက်နုရာရှာ
နေထိုင်ပုံသဘာဝ
နားလည်ပေးနိုင်ပါတယ်။

ဒီမိုကရေစီမြတ်နိုးတဲ့ မင်းဟာ
ဒီမိုကရေစီနိုင်ငံကို မိသားစုနဲ့ရောက်
ဒီမိုကရေစီအစာတွေ တ၀တပြဲစားရ
ဗိုက်ကြီးစူ၊ ပါးကြီးဖောင်း၊ ဖင်ကြီးစောင်း
စောင်ခြုံထဲကတောင် ‘ဒို့အရေး’ မအော်
နိဗ္ပာန်ရောက် ဆုတောင်းဖို့တောင် မေ့ရော့ထင့်
ရဲဘော်ရဲဘက်ဆိုသူတွေကို မေ့ရော့ထင့်
ဒို့ပြည်က ပြည်သူ့ဘ၀ကို မေ့ရော့ထင်
နှစ်ရှည်ခံအကျဉ်းစံသူရဲကောင်းတွေကို မေ့ရော့ထင့်
ထမင်းစားရေသောက် ဗမာစကားပြော မေ့ရော့ထင့်
“ရော ... ခက်(စ်)တော့ ခက်(စ်)နေပါပြီ သူရဲစောင်းကြီး” ။

အင်တာနက်ကတဆင့်
ဒို့ပြည်သူ၊ ဒို့နိုင်ငံအကြောင်း
ရုပ်လည်းမြင် အသံလည်းကြား ရှုပွားနိုင်ပါတယ်
မျက်လုံးမကန်း၊ နားမထိုင်းသေးဘူးဆိုရင်ပေါ့။

တိုက်ပွဲက လိုက်ပွဲလိုနေတာ မင်းသိမယ်
တိုက်ပွဲခေါ် သူရဲမျှော်တာ မင်းသိမယ်
မိသားစုဒီမိုရသလို တိုင်းပြည်ဒီမိုလိုတာ မင်းသိမယ်
ဒီမိုရရင် ဒီမိုခိုင်ရေး ထိန်းဖို့လိုတာ မင်းသိမယ်
လုပ်ချင်သူ လုပ်စရာတွေ အများကြီး
အဝေးကလည်း လုပ်နိုင်ပါတယ်။

အောက်ဆီဂျင်လို
ကိုယ်တိုင်မီးမလောင်နိုင်တောင်မှ
မီးလောင်ခြင်းကို အားပေး
တန်ဖိုးမသေးဘူးမို့
တချိန်တုန်းက မင်းရုပ်လွှာမျိုး
ပြန်မြင်ချင်ပါတယ် သူရဲစောင်းကြီး ။ ။

ကျော်ဟုန်း
ဧပြီ ၂၀ - ၂၀၁၁
(မိုးမခ၀က်ဘ်ဆိုက်မှ ...)

No comments: