စတုတ္ထလှိုင်းလာနေပြီလော ... ငါတို့အရေးကော အသို့နည်း (၂)
နေသွင်
(ဤအပိုင်း-၂ ကို စာရေးသူ၏ ထင်မြင်ယူဆချက်အပိုင်းအဖြစ် တင်ဆက်လိုက်ရပါသည်။)
“ငါတို့တွေ စောပြီး နောက်ကျခဲ့တယ်”
(မောင်ချောနွယ်)
သမိုင်းတခေတ်ဆန်းချိန်
မကြာခင်ကပဲ အီဂျစ်နဲ့ ကျူနီးရှားကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အာရပ်ကမ္ဘာက အပြောင်းအလဲတွေဟာ ၁၉၈၉ က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ထက် မလျော့တဲ့ အပြောင်းအ လဲတွေကို ဆောင်ကြဉ်းလာလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ပထမသက္ကရာဇ် ၁၉၈၉ က ဆိုဗီယက်ကွန်မြူနစ် စနစ် နိဂုံးချုပ်ပြီး ဒီမိုကရေစီနိုင်ငံတွေ အလျှိုလျှိုပေါ်ပေါက်ခဲ့တယ်။ အခုကြုံနေရတဲ့ အာရပ်ကမ္ဘာက ဒီမိုကရေ စီလှိုင်းတွေကလည်း ၁၉၈၉ တုန်းကလိုပဲ တကမ္ဘာလုံးကို ရိုက်ခတ်တော့မယ်လို့ ဘန်ကီမွန်းက ဆိုလိုက်တာ ပါ။ သမိုင်းတခေတ်ဆန်းချိန် (epochal) လို့ ဘန်ကီမွန်း ရည်ညွှန်းတဲ့ သက္ကရာဇ်နှစ်ခု (၁၉၈၉၊ ၂၀၁၁)၊ အဖြစ် အပျက်နှစ်ခု (ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးနှစ်ခု) စလုံးထက် (တကယ်တော့) မြန်မာပြည်က ဒီမိုကရေစီ ရေး တောင်းဆိုတာတွေက တာထွက်စောခဲ့ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်ပဲ နောက်ကျခဲ့ပါတယ်။
မိန့်ခွန်းနှစ်ခု၊ အဖြစ်အပျက်နှစ်ခု
၁၉၈၇ ခုနှစ်၊ ဇွန်လ (၁၂) ရက်
ဘာလင်မြို့က ဘာလင်တံတိုင်းကြီးအနီး၊ ဘရန်ဒန်ဘာ့ဂ် ဂိတ်မှာ အမေရိကန်သမ္မတ ရော်နယ်ရေဂင်က ဘာ လင်မြို့သူမြို့သား (၂,၀၀၀) ကို မိန့်ခွန်းပြောရင်း ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချက်ဗ်ကို အခုလို ပြောလိုက်ပါတယ်။
“မစ္စတာ ဂေါ်ဘာချက်ဗ် ... ဒီတံတိုင်းကြီးကို ဖြိုလိုက်ပါတော့”
နောက်ထပ် (၂) နှစ်မပြည့်ခင် ၁၉၈၉ နိုဝင်ဘာလမှာတော့ ဘာလင်တံတိုင်းကြီးကို အရှေ့ဂျာမဏီနဲ့အနောက် ဂျာမဏီက ပြည်သူတွေက ဖြိုချလိုက်ပါတယ်။
၂၀၀၉ ခုနှစ် ဇွန်လ (၄) ရက်
အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတ (မွတ်စလင်အနွယ်က ဆင်းသက်လာသူ) ဘာရက်ခ်အိုဘားမားက အီဂျစ်နိုင်ငံ၊ ကိုင်ရိုတက္ကသိုလ်မှာ ပရိသတ် (၃,၀၀၀) ကို မျက်နှာမူပြီး မွတ်စလင်ကမ္ဘာကို မိန့်ခွန်း ပြောပါ တယ်။
“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်း တာဖို့ စံနှုန်းက တမျိုးတည်းရှိပါတယ်။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တာ မဟုတ်ဘဲနဲ့ အများသဘော ဆန္ဒနဲ့အညီ ရယူတာဖြစ်ရမယ်” စသည်ဖြင့် ...။
နောက်ထပ် (၂) နှစ်မပြည့်ခင် ၂၀၁၁ နှစ်ဆန်းမှာတော့ အီဂျစ်က သိန်းသန်းချီတဲ့ ပြည်သူလူထုတွေဟာ အ နှစ် (၃၀) ကြာ အာဏာရှင် မူဘာရက်ကို ဆန္ဒပြ ဖြုတ်ချလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိ ကနိုင်ငံတွေမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေ လှိုင်းထန်နေပါတော့တယ်။
သမိုင်းနောက်ကြောင်းပြန်
၁၉၈၉ မှာ ဘာလင်တံတိုင်း ပြိုတာကို ကမ္ဘာပေါ်မှာ လစ်ဘရယ်ဒီမိုကရေစီက လုံးဝအနိုင်ရသွားပြီ၊ ၀ါဒပြိုင်ပွဲ မရှိတော့ဘူး၊ သမိုင်းနိဌိတံသွားပြီလို့ ဖရန့်စစ်ဖူကူယားမားက စာတစောင် ပေတဖွဲ့နဲ့ ရေးခဲ့ပါတယ်။ အရှေ့ဥ ရောပနိုင်ငံတွေ ဒီမိုကရေစီအသွင်ကူးပြောင်းသွားကြပါတယ်။ တကယ်တမ်း နှစ်ပေါင်း (၂၀) လွန်ပြီးတဲ့အချိန် မှာ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း (၂၈) နိုင်ငံမှာ (၁၃) နိုင်ငံပဲ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်လို့ Freedom House ရဲ့ သုတေသနပြုချက်က ဆိုပါတယ်။ မကြာခင်ကပဲ အသက် (၈၀) ပြည့်သွားတဲ့ ဂေါ်ဘာချက်ဗ်က လက်ရှိ ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်ဟာ သူ့ထက်တောင် ကွန်မြူနစ်ဆန်သေးတယ်လို့ ပြောပါတယ်။ ဆို လိုတာကတော့ တချို့နိုင်ငံတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းပြီးမှ အာဏာရှင်စနစ်ကို နောက်ကြောင်းပြန် သွားတတ်တဲ့ သဘောကို ထောက်ပြချင်တာပါ၊ ဒါကိုပဲ ဟန်တင်တန်ရဲ့ နောက်ပြန်လှိုင်း (Reverse Wave) လို့ ယူဆသူတွေ မနည်းပါဘူး။ ဒီလိုယူစရာ အခြားအချက်အလက်တွေလည်း မနည်းမနော ရှိပါတယ်။
၂၀၀၁ စက်တင်ဘာ (၉/၁၁) နောက်ပိုင်း
- အစ္စလာမ်အစွန်းရောက်သမားတွေ (အမေရိကန်မုန်းတီးရေးဝါဒ) ခေါင်းထောင်လာတာ (အမေရိကန် ဒီမိုက ရေစီ သြဇာကျဆင်းလာတာကို ဆိုလိုချင်တာပါ)၊
- တရုတ်၊ ရုရှား၊ အီရန်၊ ဗင်နီဇွဲလားတို့ (အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံတွေ) အင်အားကြီးထွားလာတာ၊
- (အီရတ်စစ်ပွဲနောက်ပိုင်း) အမေရိကန်နဲ့ ဥရောပတို့ နိုင်ငံရေးအရ သဘောကွဲကြတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုကျဆင်းသွားတာ၊
- ၂၀၀၈ အရင်းရှင်စီးပွားရေးစနစ်တခုလုံး ပျက်ကပ်နဲ့ ကြုံလိုက်ရတာ၊
Freedom House ရဲ့ သုတေသနပြုချက်အရ ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီနိုင်ငံ (၁၁၄) နိုင်ငံ (၂၀၀၅ ခုနှစ်က ၁၂၃ နိုင်ငံ ရှိခဲ့တာပါ) ရှိပြီး နဂိုထက် ဒီမိုကရေစီအခွင့်အရေး ယုတ်လျော့သွားတဲ့ နိုင်ငံ (၇၇) (အန်ဂျီအိုတွေ၊ မီဒီယာတွေ၊ အတိုက်အခံတွေ၊ နိုင်ငံသားတွေ နိုင်ငံရေးအခွင့်အရေး ပိုဆုံးရှုံးလာတာကို ဆိုလိုတာပါ)၊ နဂို ထက် တိုးတက်လာတဲ့ နိုင်ငံ (၅၇) နိုင်ငံလို့ ဆိုပါတယ်။ တတိယနောက်ပြန်လှိုင်း မဟုတ်ရင်တောင် ဒီမိုကရေ စီ အရေးနိမ့်လာနေတယ် (Democratic Recession) လို့ ပညာရှင်အသိုင်းအ၀ိုင်းက သဘောတူကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အရှေ့အလယ်ပိုင်းက ဒီမိုကရေစီလှိုင်းတွေ အခုလောက် ပြင်းထန်မလာခင်လေးမှာပဲ သ မိုင်းနိဂုံးဆရာကြီး (ဖူကူယားမား) ကပဲ The Financial Times မှာ US Democracy Has Little to Teach China ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးပြီး အမေရိကန်နိုင်ငံရေးစနစ်ရဲ့ အားနည်းချက်တွေ ဝေဖန်၊ တရုတ်နိုင်ငံ ရေးစနစ်ရဲ့ အားကောင်းချက်တွေကို ချီးကျူးတာ လုပ်ခဲ့ပါသေးတယ်။
နောက်ပြန်လှိုင်းတွေရဲ့ သဘောသဘာဝ
- ပထမနောက်ပြန်လှိုင်း (၁၉၂၀-၁၉၃၀) ကာလတွေမှာ ဖက်ဆစ်နဲ့ ကွန်မြူနစ်ဝါဒတွေ ခေါင်းထောင်လာခဲ့ တယ် (မြန်မာပြည်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါတယ်)။
- ဒုတိယနောက်ပြန်လှိုင်း (၁၉၆၀-၁၉၇၀) နှစ်တွေမှာ လက်တင်အမေရိက၊ အာဖရိက၊ အာရှမှာ အာဏာရှင်စ နစ်တွေ ပေါ်ပေါက်လာခဲ့တယ် (မြန်မာပြည်မှာ အဲဒီအချိန်ကနေ ဒီနေ့အထိဆိုပါတော့)။
မိအေးနှစ်ခါနာ
ဒုတိယနောက်ပြန်လှိုင်းကာလ (၁၉၆၀-၁၉၇၀) နှစ်တွေမှာ လက်တင်အမေရိက၊ အာဖရိက၊ အာရှမှာ အာဏာ ရှင်စနစ်တွေ ပေါ်ပေါက်လာခဲ့တဲ့အချိန်မှာ လွတ်လပ်ရေး (၁၀) နှစ်သား မြန်မာပြည်မှာလည်း စစ်အာဏာရှင် စနစ်သစ် ပေါ်ပေါက်လာခဲ့ပါတယ်။ (၂၆) နှစ်အကြာ အရှေ့ဥရောပမှာ ဒီမိုကရေစီလှိုင်းတွေ ပြင်းထန်မလာ ခင် တနှစ်စောပြီး ၁၉၈၈ မှာ မြန်မာပြည်မှာ တပါတီစနစ်ကို အရင်ဖြုတ်ချလိုက်ပါတယ် (ဦးနေ၀င်းက ဆိုဗီ ယက်ပြိုမယ် ဆိုတာကို တနှစ်၊ နှစ်နှစ်လောက် ကြိုသိခဲ့တယ်လို့ ဦးချစ်လှိုင်က ပေါ်ပြူလာဂျာနယ်ကို ပြောပါ တယ်။ ဒါလည်း စောတာပါပဲ။ မြန်မာပြည်က အာဏာရှင်တွေရဲ့ ဉာဏ်ရည်ကို လျှော့တွက်လို့မရပါဘူး၊ စိတ် ၀င်စားစရာ ကောင်းပါတယ်)။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး တတိယ ဒီမိုကရေစီ လှိုင်းနဲ့ ပါတော့မယ့်ဆဲဆဲ အနိုင်ရပါတီကို စစ်တပ်က အာဏာမလွှဲဘဲ အာဏာဆက်သိမ်းထားတဲ့အတွက် ဒု တိယနောက်ပြန်လှိုင်းထဲမှာပဲ ကျန်နေခဲ့ပါတယ်။ ပြန်ကြည့်ရင် မြန်မာပြည်ထက် နောက်ကျပြီး သို့မဟုတ် အ နည်းငယ်စောပြီး ဒီမိုကရေစီတောင်းဆိုတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က ဒီမိုကရေစီအခြေကျနေပြီ၊ မြန်မာပြည် အခြေအနေက အခုထိ မရေရာသေးပါဘူး။ တခါ ၁၉၈၈ ကနေ နောက်ထပ်အနှစ် (၂၀) နီးပါးအကြာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်ခဲ့ပြန်တယ်။ နှိပ်ကွပ်ခံရပြန်ပါတယ်။ မြန်မာပြည်က ရွှေဝါရောင်တော်လှန် ရေးရော၊ အီရန်က မြစိမ်းရောင်တော်လှန်ရေးရော ၂၀၁၁ အာရပ်ကမာရဲ့ စပယ်တော်လှန်ရေးထက် (၂) နှစ်၊ (၃) နှစ်လောက် တာထွက်စောခဲ့ပါတယ်။
အရေးတော်ပုံနှစ်ခု၊ ရွေးကောက်ပွဲနှစ်ခု
တခါက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်လို့ပြောပါတယ်။ အဲ့ဒီရှုထောင့်ကပြောရင် ၁၉၈၈ ဒီမိုကရေစီတောင်း ဆိုမှုရဲ့ရလဒ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဖြစ်ပြီ။ ၂၀၀၇ ရဲ့ရလဒ်ကတော့ ၂၀၁၀ လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီရလဒ်နှစ်ခုစလုံးကို မြင်လိုက်ရပါပြီ၊ (မြင်သာတဲ့ ရလဒ်တွေကို ဆိုလိုတာပါ) ကြမ်းရှလွန်းပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးတော်ပုံက မပြီးသေးပါဘူး။
ဘယ်လိုအပြောင်းအလဲမျိုးလဲ
နိုင်ငံရေးအပြောင်းအလဲက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အာရပ်ကမ္ဘာက အဖြစ်အပျက်တချို့ကို ကြည့်မယ်ဆိုရင် ကျုနီးရှားနဲ့ အီဂျစ်အဖြစ်အပျက်ဂယက်ကြောင့် (ဂျော်ဒန်၊ အိုမန်၊ ကူဝိတ်) တို့မှာ အာဏာရှင်တွေက လူမှုဖူလုံ ရေး အစီအစဉ်တွေကို ကောက်ခါငင်ခါ ကြေညာလာတာ တွေ့ရပါတယ်။ လူထုကို ချွေးသိပ်ဖို့၊ အာရုံလွှဲဖို့၊ အ ချိန်ဆွဲဖို့ ဒါမျိုးတွေ ဖြစ်တတ်ပါတယ် (ဒါမျိုးကို မြန်မာတွေကတောင် အာရတ်တွေကို ပြန်ပြောပြနိုင်ပါတယ်)။ အီဂျစ်မှာတော့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲလုပ်ပြီး ဒီနှစ်မကုန်ခင် ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပါပြီ။ မြန်မာပြည်နဲ့ မတူ တာက ဖွဲ့စည်းပုံဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိခဲ့ပါတယ်။ ဒီအတိုင်း ဆက် သွားရင် အီဂျစ်မှာ လူထုကို တကယ်ကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရတရပ် မကြာခင် ပေါ်ပေါက်လာဖို့ ရှိပါ တယ်။ အပြောင်းအလဲက သေချာပါတယ်။ ဒါပေမယ့် အီဂျစ်အပါအ၀င် အာရပ်ကမ္ဘာတခုလုံး ဒီမိုကရေစီကို ဘယ်လိုအသွင်ပြောင်းမလဲဆိုတာ သိပ်တော့မသေချာသေးပါဘူး။ သေချာတဲ့အကြောင်းက လူထုရဲ့ ဒီမိုက ရေစီအာသီသနဲ့ သတ္တိဖြစ်ပြီး မသေချာတဲ့အကြောင်းက အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ သ ဘောနဲ့ အာရပ်ကမ္ဘာရဲ့ ရေခံမြေခံကိစ္စဖြစ်နေပါတယ်။
ဘယ်လိုရေခံမြေခံလဲ
အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကနေ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာတချို့ ထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် လစ်ဗျားက လက်နက်ကိုင်တော်လှန်ရေး၊ ပြည်ပနိုင်ငံ တွေရဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုနဲ့ အီဂျစ်က အစီအစဉ်တကျ အသွင်ကူးပြောင်းရေး (အိုဘားမားစ ကားအတိုင်း) တို့ရဲ့ရလဒ်တွေကနေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ နောက်တချက် စဉ်စားမိတာက တတိယ ကမ္ဘာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နမူနာပါ။ အခုထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အယူအဆတ ချို့ဟာ တတိယကမ္ဘာအတွက် မမီတဲ့ပန်းလို ဖြစ်နေပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဆိုရင် ...
၁။ နိုင်ငံရဲ့စီးပွားဖွံ့ဖြိုးမှုနဲ့ တိုင်းပြည်ရဲ့ဓနတောင့်တင်းမှုရေချိန် ရှိရမယ်။
အာရပ်နိုင်ငံတွေရဲ့ ဆင်းရမွဲတေမှု အခြေအနေဆိုးပါတယ်။
၂။ အင်တီကျူးရှင်း အားကောင်းဖို့ လိုပါတယ်။
အများစု မရှိသလောက် ဖြစ်နေပါတယ်။ လစ်ဗျားမှာဆို လုံးဝမရှိပါဘူး။
၃။ တိုင်းရင်းသားမျိုးနွယ်စု၊ ဘာသာစကားကွဲပြားမှု
ဆူနီ-ရှီရိုက်ပြဿနာ ရှိနေပါတယ်။ ဒါပေမယ့် အီဂျစ်လူထုဆန္ဒပြပွဲကို ကြည့်ရင် ဆူနီ-ရှီရိုက် ညီညွတ်ခဲ့ကြပါ တယ်။
၎။ ဒီမိုကရေစီနိုင်ငံရေးနှင့် အကျွမ်းတ၀င်ရှိမှု
ဟန်တင်တန်က အာရပ်ယဉ်ကျေးမှုဟာ ဒီမိုကရေစီကို အားမ ပေးဟု ဆိုခဲ့ဖူးသလို ပုပ်ရဟန်းမင်းကြီးဘန်နီ ဒစ် (Pope Bennedict XVI) ကလည်း အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီ သဟဇာတ မဖြစ်နိုင်လို့ ပြောဖူးပါ တယ်။ ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကိုတို့မှာ ပါတီစုံစနစ်နဲ့ ပါလီမန်အတွေ့အကြုံ အထိုက်အလျောက်ရှိပါ တယ်။
၅၊ နိုင်ငံသားတွေရဲ့ ပညာတတ်မှု၊ လူလတ်တန်းစားတည်ရှိမှု
ကျူနီးရှားကလွဲလို့ တခြားနိုင်ငံတွေမှာ မရှိသ လောက်ဖြစ်ပါတယ်။
၆။ ပြင်ပကမ္ဘာနှင့် အဆက်အဆံရှိမှု
အာရပ်ကမ္ဘာမှာ တနိုင်ငံနှင့် တနိုင်ငံ မတူ။
အာရပ်ကမ္ဘာရဲ့ အခြေအနေ
အာရပ်ကမ္ဘာမှာ (၂၂) နိုင်ငံ ရှိပါတယ်။ ဒီမိုကရေစီနိုင်ငံ တနိုင်ငံမှ မရှိပါဘူး။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖ ရိက၊ ပါရှန်းပင်လယ်ကွေ့တို့ ပါဝင်ပြီး လူဦးရေ သန်း (၃၆၀) ရှိပါတယ်။ အာရပ် (၆၅) သန်းဟာ စာမတတ်ပါ ဘူး။ အဲဒီထဲက ၃ ပုံ ၂ ပုံဟာ အမျိုးသမီးတွေဖြစ်ပါတယ် (Global and Mail - January 31, 2011)။ ကလေး (၁၀) သန်းဟာ ကျောင်းပြင်ပမှာ ရှိပါတယ်။ ပျမ်းမျှအသက်က ကမ္ဘာပျမ်းမျှအသက်ထက် တိုပါတယ်။
အမျိုးသမီးတွေ နိုင်ငံရေး၊ စီးပွားရေးမှာ ပါဝင်မှုနှုန်းကလည်း ကမ္ဘာမှာ အနိမ့်ဆုံးပါပဲ။ ၂၀၀၉ ခုနှစ် UN Arab Human Development Report အရ အာရပ်လူငယ် (၃၀) ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့တွေ ဖြစ်ပါတယ်။
Middle East Today - November 21, 2009 အရ လူသန်း (၄၀)၊ လူဦးရေရဲ့ (၁၃) ရာခိုင်နှုန်းဟာ နေ့တိုင်း ထမင်းနပ်မမှန်ပါ။ သန်း (၁၀၀) ဟာ ဆင်းရဲမှုမျဉ်းအောက်မှာ ရောက်နေပါတယ် (တနေ့ တဒေါ်လာအောက် ၀င်ငွေ)။ အဂတိလိုက်စားတဲ့နေရာမှာတော့ ကာတာ (၂၂)၊ ယူအေအီး (၂၈) တို့ပဲ အဂတိလိုက်စားမှုအနည်း ဆုံး နိုင်ငံ (၄၀) ထဲမှာ ပါဝင်ပါတယ် (Transparency International)။
ဒီအချက်တွေကို ကြည့်ပြီး အာရပ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ ခက်ခဲမယ်၊ ရှည်ကြာမယ်လို့ ထောက်ပြကြတာတွေ ရှိပါတယ်။ ဒါပေမယ့် ပြန်ထောက်စရာ တချက်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခါစ အ ခြေအနေကို ဒီအချက်တွေနဲ့ မှတ်ကျောက်တင်မယ်ဆိုရင် တခုမှ စရွေးမကိုက်လှပါဘူး။ ဒါပေမယ့် အိန္ဒိယဟာ အဲဒီအခြေအနေအောက်ကပဲ ကမ္ဘာမှာ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဒီကနေ့ ရပ်တည်နေနိုင်ပါ တယ်။ နောက်တချက်ကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်သွားတဲ့ ဆာဟာရတပိုင်း နိုင်ငံတချို့ထက် စာရင် အာရပ်တွေက အစစအရာရာ သာပါသေးတယ်။ ဆာဟာရတပိုင်း နိုင်ငံတွေမှာလည်း ဂါနာ၊ ဘီနင်တို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်သလို ကင်မရွန်း၊ တိုဂိုကတော့ အာဏာရှင်စနစ် တကျော့ပြန် သွားခဲ့ကြပါတယ်။ Congo ကွန်ဂိုမှာတော့ ပြည်တွင်းစစ်ဖြစ်ကောင်းတုန်းပါပဲ။
ဒီမိုကရေစီရုန်းကုန်မှုတိုင်းမှာ မစွန့်စားရတာ မရှိပါဘူး။ ရှုပ်ထွေးမှုတွေလည်း ရှိတာပါပဲ။ အရှေ့ဥရောပ ဒီမိုက ရေစီတိုးတက်မှုမှာလည်း ပြဿနာမကင်းပါဘူး။ အရှေ့ဥရောပက အသွင်ကူးပြောင်းတဲ့ကာလတွေမှာ အာ ဏာရှင်တွေရဲ့ လူရင်းတွေ၊ အစွန်းရောက်သမားတွေ၊ နိုင်ငံရေးအချောင်သမားတွေ၊ ဒုစရိုက်သမားတွေလည်း သူတို့အကျိုးစီးပွားအတွက် ၀င်လုံးခဲ့ကြပါတယ်။ ဒီလို အခက်အခဲတွေရှိပေမယ့် ဒါတွေက ရေရှည် ဒီမိုကရေစီ အပြောင်းအလဲကို လမ်းကြောင်းမပြောင်းနိုင်ပါဘူး။ စိုးရိမ်စရာမဟုတ်ပါဘူး။ ကမ္ဘာပေါ်က လူတွေဟာ တနေ့ ထက်တနေ့ လွတ်လပ်မှု၊ လူ့သားဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တရားမျှတမှုတွေကို ဆက်တိုက်တောင်းဆိုနေ ကြဦးမှာပါပဲ။
အစိုးရအပြောင်းအလဲ
အာဏာရှင်တွေလက်အောက်က ပြည်သူတွေက အစိုးရအပြောင်းအလဲကို တောင်းဆိုတာ သဘာဝပါပဲ။ ဒါ ပေမယ့် အရှေ့ဥရောပနိုင်ငံတွေနဲ့ အာရပ်ကမ္ဘာက အစိုးရတွေကြားမှာ မျဉ်းပြိုင်ဆွဲလို့မရတာတွေ ရှိပါတယ်။ အရှေ့ဥရောပနိုင်ငံတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး ဆိုဗီယက်ကို မှီခိုခဲ့ကြပါတယ်။ ဂေါ်ဘာချက်ဗ်ပေါ် လစီအရ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းကိစ္စတွေမှာ ၀င်မကူတဲ့ အခြေအနေ၊ သူတို့နိုင်ငံတွေက လူထုဆန္ဒပြပွဲ တွေ ဖြစ်လာတဲ့အခါမှာ ပြိုဆင်းသွားတာဖြစ်ပါတယ်။ ဒါပေမယ့် အာရပ်ကမ္ဘာက အာဏာရှင်တွေက (အီဂျစ်နဲ့ ဂျော်ဒန်ကလွဲလို့ တခြားနိုင်ငံတွေဟာ သူတို့နိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ်မှာ မှီခိုကြပါတယ်။ ဒီအ ရင်းအမြစ်တွေလည်း ရုတ်တရက် ကုန်ခမ်းသွားမယ့် အခြေအနေ မရှိပါဘူး။ ဒါကြောင့် အာဏာရှင်တွေခေတ် ဟာ ချက်ချင်းကြီး (အရှေ့ဥရောပမှာလို) နိဂုံးချုပ်သွားလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ တချက်ရှိတာက အီ ဂျစ်စစ်တပ်ကို အမေရိကန်က နှစ်စဉ်သန်း (၁,၅၀၀) စစ်ရေးအထောက်အပံ့ပေးခဲ့ပါတယ်။ အီဂျစ်မှာ ထောက် လှမ်းရေးနဲ့ သတင်းပေး (၂) သန်း ရှိပါတယ်။ အရွယ်ရောက်သူ အယောက် (၄၀) မှာ ထောက်လှမ်းရေးတ ယောက်နှုန်းဖြစ်ပါတယ်။ ပါလီမန်မှာ မူဘာရတ်က (၉၀) ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် အခု အီ ဂျစ်မှာ မူဘာရတ်ခေတ် နိဂုံးချုပ်သွားပါပြီ။
ဘယ်က စလုပ်မလဲ
ဒီမိုကရေစီ အပြောင်းအလဲက နေ့ချင်းညချင်း ရနိုင်တာမဟုတ်ပါဘူး။ အခု ရေတွင်းတူး အခုရေကြည် မ သောက်နိုင်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဖူးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ကနေ အပြောင်းအလဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ နိုင်ငံရေးစုရုံးခွင့်၊ ဖွဲ့စည်းခွင့်၊ စနစ်ဟောင်းက ဖိနှိပ်တဲ့ ဥပ ဒေတွေ ဖယ်ရှားပေးဖို့တို့ကိုတော့ ချက်ချင်းလုပ်ပေးဖို့လိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုပါတယ်။ ဒါတွေ မရှိဘဲနဲ့ အသွင်ကူးပြောင်းရေး စနေပြီလို့ ပြောနေလို့မရပါဘူး။
အမှန်တကယ် တည်ငြိမ်စေချင်ရင် ...
တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ဖို့ဆိုရင် ...
၉-၁ တမျိုးသားလုံး national dialogue ဒိုင်ယာလော့ဂ် လိုပါတယ် (အမျိုးသားညီလာခံလိုတော့ မဟုတ်ပါ ဘူး)။
၉-၂ ကြားဖြတ်အစိုးရ၊ အတိုက်အခံတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ အသွင်ကူးပြောင်းရေးအတွက် စည်းမျဉ်း၊ ဒီဇိုင်း၊ အချိန်ဇယား လိုပါတယ် (လမ်းပြမြေပုံ ၇ ချက် မဟုတ်ပါဘူး)။
၉-၃ လူထုထောက်ခံတဲ့ ဖွဲ့စည်းပုံအသစ် ရေးဖို့လိုတယ် (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ပါဘူး)။
၉-၄ ရွေးကောက်ပွဲ မလောနဲ့၊ အကန့်အသတ်မရှိလည်း ရွှေ့မထားနဲ့၊ ရွေးကောက်ပွဲကို စနစ်တကျ၊ မျှမျှတတ ဖြစ်အောင်လုပ် (၂၀၁၀ ရွေးကောက်ပွဲလို မဟုတ်ပါဘူး)။
၉-၅ နိုင်ငံရေးအင်အားစုအသစ်တွေကို ဖွဲ့စည်းခွင့်ပြု။
၉-၆ ရွေးကောက်ပွဲဥပဒေဟာ အရေးကြီးတဲ့ လူမှုအစိတ်အပိုင်းတွေအားလုံး ပါလီမန်ထဲမှာ ကိုယ်စားပြုခွင့်ရ တာမျိုး ဖြစ်ဖို့လို (လက်ရှိ ကြံ့ဖွံ့လက်ဝါးကြီးအုပ် ပါလီမန်မျိုး မဟုတ်ပါဘူး)။
၉-၇ နိုင်ငံရေးတခုတည်းနဲ့ မလုံလောက်ပါဘူး၊ စီးပွားရေးမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ elites တစုရဲ့ အ ကျိုးစီးပွားအတွက်ပဲဆိုရင် လူထုကို အကျိုးမပြုရင် မကြာခင်မှာ ကသောင်းကနင်း ဖြစ်လာဦးမှာပဲ။
၉-၆ အလုပ်အကိုင်အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။
၉-၁၀ အင်စတီကျူးရှင်းတွေ ဖန်တီးမွေးဖွားမှု၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ (Fundamental Institutional Reform) လိုအပ်ပါတယ်။ ဥပမာ - ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်၊ ၀င်ဆံ့နိုင်တဲ့ အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက် တွေကို ပေါ်ပေါက်လာဖို့ ပညာရေးစနစ်ကို ပြောင်းလဲဖို့လိုပါတယ်။ အဂတိလိုက်စားမှုတွေ မရှိဖို့၊ ဆုံးဖြတ် ချက်ချတဲ့အပိုင်းမှာ တာဝန်ခံမှုနဲ့ ပွင့်လင်းမှုရှိဖို့ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုအဖွဲ့တွေကိုလည်း ပါဝင်ခွင့်ပြုဖို့၊ အန်ဂျီအိုတွေ၊ သမဂ္ဂတွေ၊ အသင်းအပင်း၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပြုဖို့ ... စတာတွေ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး
မြန်မာပြည်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ရေရှည်တည်တံ့ဖို့ အချက်အလက်တွေ (အားလုံးနီးပါး) လစ်ဟာခဲ့တာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အချိန်မီပါသေးတယ်။ သမ္မတသစ်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ဒီမိုကရေစီအခြေခံတွေကို ပြောသွားတာရှိပါတယ်။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ပြောရရင် နံပါတ် (၈) ကို အရင်စဖို့ ဖြစ်ပါတယ်၊ အမှန်တကယ် တည်ငြိမ်ချင်ရင် နံပါတ် (၉) ရဲ့ အဆင့်တွေအားလုံးကို (တနည်းနည်းနဲ့) ပြန်ဖြတ်သန်းဖို့ လိုပါတယ်။ ပြည်တွင်းပြည်ပက အတိုက်အခံတွေ သာမက ပြည်သူလူထုနဲ့ နိုင်ငံတကာက လည်း သတိနဲ့ စောင့်ကြည့်နေတာ သေချာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “အကောင်းမြင်တာလည်းမဟုတ်၊ အဆိုးမြင်တာလည်းမဟုတ်၊ ဓမ္မဓိဌာန်ကျကျပဲ မြင်တယ်” လို့ ပြောပါတယ် (အဓိပ္ပာယ်က ကျယ်ပြန့်ပါတယ်)။ အစိုးရသစ်နဲ့ နိုင်ငံရေးဆွေးနွေးလိုတယ်လို့ ဂျာမန်ဝန်ကြီးချုပ်နဲ့ ဖုန်းပြောစဉ်က ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေ နံပါတ် (၉) ကို ခရီးဆက်နိုင်ပါ လိမ့်မယ်။ တကယ်အရေးကြီးတာက ဘယ်လိုအစိုးရမျိုးပဲဖြစ်ဖြစ် လူ့အခွင့်အရေးကို လေးစားဖို့နဲ့ နောက်ပိုင်း အရေးပါလာတဲ့ အင်တာနက်လွတ်လပ်ခွင့်ကို လေးစားဖို့ဖြစ်ပါတယ်။ အခုရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးကလည်း အဲဒီလိုအပ်ချက်တွေအတွက် ပြည်သူလူထုနဲ့အတူ နည်းပေါင်းစုံနဲ့ ရုန်းကန်ဖို့ တာဝန်ရှိပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို အမှီပြုပေါ်လာတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း လူထုကို တလွဲမျှော်လင့် ချက် မပေးဖို့နဲ့ ပွင့်လင်းဖို့ (မညာဖို့) တာဝန်ရှိပါတယ်။ ကျန်တာကို ပြည်သူလူထုက သူ့ဘာသာ ဆုံးဖြတ်ပါ လိမ့်မယ်။ ပြည်သူတွေရဲ့အင်အားကို တားဆီးလို့ မရကောင်းပါဘူး။ အရှေ့အလယ်ပိုင်းက စတုတ္ထလှိုင်းက အခုတင်ပဲ နယ်နိမိတ်ကို ကျော်ခဲ့ပါပြီ။
ကမ္ဘောဒီယား ပြည်ပရောက်အတိုက်အခံဖြစ်တဲ့ Sam Rainsy က “သူတို့ (အာရတ်တွေ) က ကျနော်တို့ကို ဒီ လိုလုပ်ရတယ်လို့ နမူနာပြလိုက်တာပဲဗျ။ အခုလူတွေက အပြောင်းအလဲက ဖြစ်နိုင်တယ် (Change is Possible) ဆိုတဲ့ အိုင်ဒီယာရသွားပြီ၊ ဒါ အရေးအကြီးဆုံးပဲ” တဲ့။
အာရပ်ကမ္ဘာက ဆန္ဒပြပွဲတွေက ၂၀၀၉ မှာ နှိပ်ကွပ်ခံခဲ့ရတဲ့ အီရန်က အစိမ်းရောင်လှုပ်ရှားမှု (Green Movement) ကို တကျော့ပြန် နိုးထလာစေလိမ့်မယ်လို့ တချို့က နိမိတ်ဖတ်ကြပါတယ်။ မြန်မာပြည်လူထု တွေကလည်း အာရပ်ကမ္ဘာက လှုပ်ရှားမှုအကြောင်းတွေ အယ်ဂျာဇီးရားတီဗွီက လွှင့်နေတာကို ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအမှတ်နဲ့၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုအမှတ်နဲ့ ငေးကြည့်ကြပါတယ်။ လစ်ဗျားကို အမေရိကန် နဲ့ မဟာမိတ်တပ်တွေ လေကြောင်းကဗုံးကြဲတော့ “နေပြည်တော်ကို ဘယ်တော့ကြဲမလဲဟင်” လို့ အချင်းချင်း လက်တို့ မေးနေကြပါတယ်။ သောမတ်ဖရီးမင်းစကား ငှားပြောရရင် “ဒါ အစပဲ ရှိပါသေးတယ်”။
နိဂုံး
ကမ္ဘာ့ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံတိုင်းမှာ မြန်မာတွေက အမြဲတမ်း တာထွက်စောခဲ့တဲ့အတိုင်း အ ခုလည်း စောပြန်ပါပြီ (၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ၂၀၁၁ အာရပ်ကမ္ဘာရဲ့ စပယ်တော်လှန်ရေးထက် စောတာကို ဆိုလိုတာပါ)။ တချက်ရှိတာက ၁၉၄၈ (လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီခေတ်) က ဟန်တင် တန်ရဲ့ ဒုတိယလှိုင်းခေတ်ဖြစ်ပြီး လက်ရှိဒီမိုကရေစီလှိုင်းဟာ ဆိုဗီယက်ပြိုဆင်းသွားတဲ့ တတိယလှိုင်းခေတ် လည်း မဟုတ်တော့ပါဘူး။ တတိယလှိုင်းရေးတဲ့ ဟန်တင်တန်လည်း ကွယ်လွန်သွားပါပြီ။ အနှစ် (၆၀) ကျော် နောက်ကျပြီးမှ ပေါ်ပေါက်လာတဲ့ စတုတ္ထလှိုင်းဆိုတာကို မမေ့ကြဖို့ ဖြစ်ပါတယ်။ ဟန်တင်တန်ရဲ့ ဒုတိယဒီမို ကရေစီလှိုင်းဖျား ၁၉၄၇ မှာ မားမားရပ်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အခုလို မိန့် ခွန်းပြောဖူးပါတယ်။
“သူများ တလှမ်း လှမ်းရင် ကိုယ်က ဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျမယ်။ ... ... ပြဲနေအောင် လုပ်နိုင်မှ တော်ကာကျမယ်”
အလုပ်နဲ့ သက်သေပြဖို့ လမ်းညွှန်ခဲ့တယ်လို့ နားလည်မိပါတယ်။ ။
နေသွင်
(၀၃-၀၄-၂၀၁၁)
Ref: The Fourth Wave? Democracy in Egypt by By Shashank Joshi / The Backlash again democracy by By Carl Gershman / The Fourth Wave by BY IAN BREMMER / The Fourth Global Wave of Democratization / Starting in Egypt; The Fourth Wave of Democratization? by Stephen R. Grand / Huntington’s Clash Revisited by By DAVID BROOKS / This is Just the Start by By THOMAS L. FRIEDMAN / Why Balin Wall Came Down: Reagan’s Role, Diplomacy by By Romesh Ratnesar / Poor Quality Governance in the Arab World by Rupert Taylor / US Democracy Had Little to Teach China by By Francis Fukuyama / Obama’s Cairo Speech: A New Beginning
1 comment:
မှတ်သားစရာ သမိုင်းကြောင်းလေးပါ။
အမြဲ လာဖတ်ဖြစ်သည်။
http://www.burmese.shanrefugeemalaysia.org/
Post a Comment