Thursday, March 31, 2011

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု
ကေအမ်သိန်း

ဒီတခေါက်ကတော့ ကိုယ်တိုင် ကျန်းမာရေးချို့တဲ့တာနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအ နေတွေကို လက်တွေ့ကြုံဆုံလာခဲ့ရတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ တခုတခုဖြစ်ရင်တော့ ကိုယ့်မှာ ငွေအလုံအလောက်ရှိနေဖို့ အရေးကြီးပါတယ်။ ရန်ကုန်မှာ အထူးဆေးခန်းတွေ မှိုလိုပေါက်နေပေ မယ့် ကိုယ့်မှာ ငွေကြေးမပြည့်စုံရင် မလွယ်လှဘူး။ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ ဆေးခန်းတွေမှာ ပိုက်ဆံအကုန်မခံနိုင်ကြတာနဲ့ ကွမ်းယာဆိုင်က ဒေါက်တာတွေရဲ့ ဆေးညွှန်းအတိုင်း သက်သာရင်ပြီးရော ဆို ပြီး စခန်းသွားနေကြရတယ်။ ဒီလိုနဲ့ တချို့လည်း လုံးပါးပါးပြီး နောက်ဆုံး အသက်သာ ဆုံးသွားတယ်၊ ဘာ ရောဂါမှန်း သိမသွားကြရတဲ့ အဖြစ်မျိုးတွေ အများကြီးပါ။

ဆေးခန်းတွေမှာ (အထူးကုဆေးခန်းတွေ) ပြပြီး ကုသခံဖို့ဆိုတာ စောစောက ပြောခဲ့တဲ့အတိုင်း ပိုက်ဆံအ ထပ်လိုက်ကိုင်ပြီး သွားမှဖြစ်မှာလေ။ ဒါလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ သိတာပါ။ ဘယ်ဆေးခန်းသွားသွား ပထမဆုံး မှတ်ပုံတင်ကြေးက ကျပ် (၁,၅၀၀) အရင်ပေးရပါတယ်။ ပြီးမှ ကိုယ်ပြချင်တဲ့ ဆရာဝန်ပေါ်မူတည် ပြီး အထူးကုဆို (၅,၀၀၀) သို့မဟုတ် (၆,၀၀၀) စမ်းသပ်ခ ပေးရပါလိမ့်မယ်။ နောက်ထပ် ပေးရမှာကတော့ ကိုယ်သွားပြတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဆေးစစ်ဆေးခတွေပဲ။ မြန်မာနိုင်ငံက ဆရာဝန်တော်တော် များများက လူနာကို ဆေးမကုခင်မှာ လိုမလိုတော့မသိဘူး၊ တော်တော်များများကို စစ်ခိုင်းတော့တာပဲ။ သွေး၊ ဆီး၊ ဓာတ်မှန် ... စသည်ဖြင့်ပေါ့။ ဒီဟာတွေ စစ်ဖို့ကလည်း စစ်ဆေးရတဲ့အပေါ် မူတည်လို့ သောင်းနဲ့ချီပြီး ကုန်သွားနိုင်တယ်လေ။ MRI လိုဟာမျိုး စစ်ရမယ်ဆိုရင်တော့ ကုန်ကျစရိတ်က သိန်းချီသွားနိုင်တယ်။ လမ်း စားရိတ်ကလည်း ရှိသေးတယ်။ နေမကောင်းတဲ့သူဆိုတော့ ကိုယ်ပိုင်ယာဉ်မရှိရင်တောင် တက္ကစီတော့ စီးရဦး မှာ ...။

ဆေးခန်းကို ကိုယ်တိုင်ရောက်သွားရတဲ့ အကြောင်းကလည်း ချောင်းဆိုးပြီး ချွဲရှိနေတာနဲ့ ဆေးခန်းပြလိုက်ဦး ဆိုလို့ ရောက်သွားရတာလေ။ ပထမဆုံး ရောက်သွားတဲ့ ဆေးခန်းကတော့ SSC ပါ။ ရောက်တာနဲ့ တွေ့ချင်တဲ့ ဆရာဝန် နာမည်ပြောပြီး အရင်ဆုံး စာအုပ်လုပ်ပြီး မှတ်ပုံတင်ရတယ်။ နောက် ဆရာဝန် ထိုင်မယ့် အခန်းနား က ခုံတွေမှာ ထိုင်ရင်း ဆရာဝန်ကို စောင့်ရတယ်။ ဆရာဝန် စောင့်ရတယ်ဆိုတာ ဆရာဝန်က ဆေးခန်းကို ရောက်ကို ရောက်မလာသေးလို့ စောင့်ရတာ။ ဆရာဝန် ရောက်လာတော့ ကိုယ့်အလှည့်မကျသေးလို့ ထပ် စောင့်ရတယ်။

ဆရာဝန်တွေကလည်း ဒီဆေးခန်းမှာ ညနေ ၄:၃၀ နာရီက စထိုင်တယ် ဆိုပေမယ့် အနည်းဆုံး (၁) နာရီ လောက်နောက်ကျပြီးမှ ရောက်တတ်တယ်။ သူက တခြားဆေးခန်းကနေ ပြေးလာရတာလေ။ ဒီတော့ ရှေ့ ဆေးခန်းမှာ လူနာမပြတ်ရင် နောက်ဆေးခန်းကို နောက်ကျနေရောလေ။ ဆရာဝန် ရောက်လာပြီး လူနာတွေ ကို စခေါ်တော့လည်း အံ့သြစရာတခု ထပ်တွေ့ရပြန်တယ်။ လူနာ (၃) ယောက် တပြိုင်တည်းခေါ်တာလေ။ ကိုယ်က ကြုံလည်းမကြုံဘူး၊ နည်းနည်းလည်း ထူတော့ ဆရာဝန့်အခန်းထဲမှာ သီးသန့်အခန်းများ ထပ်ရှိသေး လို့လားလို့ ထင်နေတာ ...။ ကိုယ်အလှည့်ရောက်မှပဲ သေချာသိရတော့တယ်။ အထဲမှာ လူနာ (၁) ယောက်ပဲ ကျန်တော့တဲ့အချိန်မှာ ဆေးခန်းဝန်ထမ်းက နောက်လူနာ (၃) ယောက်ကို အဆင်သင့်ခေါ်ပြီး အပေါက်ဝမှာ စောင့်ခိုင်းထားတယ်။ အထဲက လူနာပြီးတာနဲ့ အခန်းထဲက ထွက်တောင်မထွက်ရသေးဘူး၊ အပြင်က အဆင် သင့်ပြင်ထားတဲ့ လူနာတွေကို ၀င်ခိုင်းတော့တာပဲ။ အဲဒီတော့မှ ဒီဆေးခန်းတွေနဲ့ ဆရာဝန်တွေက အချိန်ကို အရမ်းတန်ဖိုးထားမှန်း သဘောပေါက်သွားတယ်။ time is money ဆိုတာ သူတို့အတွက် တကယ်မှန်တာပဲ။ ဒါမှ လူနာများများ ကြည့်နိုင်မှာ မဟုတ်လား။

အခန်းထဲရောက်တော့ ပထမဆုံး လူနာက ဆရာဝန်ရှေ့ကခုံမှာ ထိုင်ပြီး စမ်းသပ်တာ မေးမြန်းတာ ခံနေတဲ့အ ချိန်မှာ ကျန်လူနာ (၂) ယောက်နဲ့ လူနာအဖော်ပါလာသူတွေက ရှေ့နားမှာ ရှိနေတဲ့ ခုံတန်းလေးမှာ နေရာယူ ပြီး စောင့်နေရတယ်။ အဲဒီတော့ ဆရာဝန်နဲ့ ရှေ့ကလူနာ ပြောနေတာ၊ စမ်းသပ်နေတာကို ကျန်တဲ့သူတွေက မကြားချင် မမြင်ချင်အဆုံး အကုန်မြင်ကြားနေရတာပေါ့။ ဆရာဝန်တွေ ကြည့်ရတာ ဆေးကုနေတာနဲ့ မတူဘဲ ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ထုတ်လုပ်ရေးသမားနဲ့ ပိုတူနေတယ်။ ထုတ်လုပ်ရေးသမားဆိုတာ သူ တ နေ့ကို ဒါမှမဟုတ် တလကို ဘယ်လောက် ထုတ်လုပ်ရမယ်ဆိုတဲ့ ထုတ်လုပ်ရေးရည်မှန်းချက် (target) ရ အောင် ထုတ်ရတယ်မဟုတ်လား။ အခု ဆရာဝန်တွေလည်း တနေ့ လူနာဘယ်လောက်ရအောင် ကြည့်မယ် ဆိုတဲ့ target ရအောင် ကြိုးစားနေကြရတော့ လူနာကြည့်တဲ့အခါ အချိန်အပိုအကုန်မခံနိုင်တော့ လိုတိုရှင်းပဲ ပြောတော့တယ်။ လူနာ သိချင်လို့ မေးသမျှလည်း အချိန်ကုန်ခံပြီး မဖြေအားဘူး။

နောက်တခု ကြုံခဲ့ရတာကတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကိုယ့်အလှည့်ကျမှ ဆေး ခန်းက ၀န်ထမ်းတယောက် ၀င်လာပြီး ဆရာဝန်ကို အပြင်မှာ ဧည့်သည်တယောက်က တွေ့ချင်လို့ စောင့်နေ ကြောင်းနဲ့ ဧည့်သည်နာမည်ပြောပြတော့ ဆရာဝန်က ၀င်ခွင့်ပေးလိုက်ဖို့ ပြောပြီး ဧည့်သည်လည်း ၀င်လာ ရော လူနာတွေ ရှေ့ထားပြီး စကားလက်ဆုံကျနေကြပါရော။ ဒီနေရာမှာလည်း ပေါက်ပေါက်ရှာရှာ သွားတွေး မိတယ်။ နဂိုကမှ လူနာတွေ ကြည့်ဖို့ အချိန်လုနေရတာ၊ ဒီဧည့်သည်က အဲဒီအချိန်တွေ ဖဲ့ယူနေပြန်ပြီလို့။ လူ နာတွေကတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြပေါ့။

ကိုယ်စမ်းသပ်ခံရမယ့် အလှည့်ရောက်တော့ သူ မေးစရာရှိတာတွေ မေးတယ်။ အဲဒါကလွဲလို့ လူနာပြောတာ တွေ စိတ်မ၀င်စားအားဘူး။ ပြီးတော့ လူနာ ဘာရောဂါ ဖြစ်တယ်လို့ ဘာမှမပြောဘဲ၊ သွေးစစ်၊ ဆီးစစ်၊ ဓာတ် မှန်ရိုက်ပြီး ပြန်လာခဲ့ဖို့ပဲပြောပြီး သောက်ဆေး (၂) ရက်စာ ရေးပေးပြီး ပြန်လွှတ်လိုက်တယ်။ လူနာကတော့ သူ့ဘာသာ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိ ဘာရောဂါဖြစ်မှန်းလည်း မသိဘဲ အီလည်လည်နဲ့ ပြန်လာခဲ့ရတယ်။ ပြီးတဲ့အခါကျတော့ သူ ညွှန်ကြားတဲ့ လုပ်ခိုင်းတဲ့ ဆီးစစ်၊ သွေးစစ်၊ ဓာတ်မှန်ရိုက်ကိစ္စတွေ လိုက်လုပ်ရတယ်။ နောက်တနေ့ ဒီဆရာဝန်နဲ့ပဲ ထပ်ပြနိုင်ဖို့ စစ်ထားတဲ့ စစ်ဆေးချက်တွေ အချိန်မီရနိုင်အောင် ဖုံးဆက်မေးရ၊ ရ ပြီဆိုတော့လည်း အဲဒီဆေးစစ်လက်မှတ်တွေကို တခေါက်သွားရွေးရတယ်။ ညနေ ဆရာဝန် ထပ်ပြဖို့  အဲဒီဆ ရာဝန် ဘယ်ဆေးခန်းထိုင်သလဲ စုံစမ်းပြီး အဲဒီဆေးခန်းမှာ ပြဖို့ ဖုံးဆက်ပြီး တိုကင်နံပတ်ယူရပါတယ်။ ဆေး ခန်း တိုကင်နံပါတ်ယူရင် ဆေးခန်းတွေက ဆရာဝန် ဘယ်အချိန် ဆေးခန်းထိုင်မှာမို့ လူနာတွေကို အဲဒီအချိန် အရောက် ဆေးခန်းလာဖို့ မှာပါတယ်။ ဒါပေမယ့် ဆရာဝန်တွေကလည်း ဘယ်တော့မှ အဲဒီအချိန် မရောက်ပါ ဘူး။ လူနာတွေကသာ ဝေဒနာခံစားရင်း ဆရာဝန် မလာမချင်း စောင့်ရတာပါပဲ။

နောက်တခုက ရန်ကုန်မှာ ဆရာဝန်တွေက ဆေးခန်းတခုထဲ မထိုင်တော့ဘူးလေ။ ဒါကြောင့် ဒီနေ့ အဲဒီဆရာ ၀န်ထိုင်တဲ့ ဆေးခန်းက ‘နီနီ’ ဆေးခန်းမှာမို့ အဲဒီကို ဆေးစစ်ချက်တွေ ယူပြီး သွားကြရပြန်တာပေါ့။ အဲဒီမှာ လည်း ရှေ့ဆေးခန်းက နည်းအတိုင်း မှတ်ပုံတင်ကြေး (၁,၅၀၀) အရင်ဆုံး တင်ရပြီး ကျန်တာတွေကလည်း ရှေ့ကအတိုင်း ကိုယ့်အလှည့်ကျအောင် ထိုင်စောင့်ပေါ့။ ဒီတခါတော့ ဆရာဝန်က ဆေးစစ်ချက် မှတ်တမ်း တွေ ကြည့်ပြီး ရောဂါနာမည်တပ်ပေးတော့တယ်။ အဆုပ်ရောင်တာပါတဲ့။ အဲဒီနောက်တော့ သောက်ဖို့ ပဋိဇီဝ ဆေး antibiotics ရေးပေးလိုက်တယ်။ ဆေးခန်းမသွားခင် မနက်ပိုင်းမှာ ဆီးသွားတဲ့အခါ ဆီးအောင့်ချင်သ လိုဖြစ်နေလို့ အဲဒါနဲ့ ပတ်သက်လို့ မေးကြည့်တော့ ဘာမှ မပြောလိုက်ဘူး။ ဒီတော့လည်း ဒီဆီးကိစ္စက သာမန် ဆီးဆေးလေး ဘာလေး သောက်ရင် ပျောက်နိုင်တာမို့ အရေးမကြီးလို့ ဘာမှမပြောတာပဲဖြစ်မှာ ဆိုပြီး ထပ် မမေးတော့ဘဲ ပြန်ခဲ့ကြတယ်။ နောက်မှ စဉ်းစားကြည့်မိတာ၊ လူနာတယောက်ကို ကြည့်ဖို့ ကန့်သတ်ချိန် လွန် သွားလို့ ဘာမှ ထပ်မပြောတော့တာ၊ မေးလို့ မရတော့တာများလား ...။

ကိုယ်ကိုယ်တိုင်ကလည်း ကံဆိုးတယ်ပြောရမလား။ ချောင်းဆိုး၊ ချွဲကျပ်တာ ကောင်းသွားပေမယ့် အဲဒီ ညက မှ ဆီးအောင့်တာက မပျောက်ဘဲ ပိုဆိုးလာတယ်။ ဆီးက သွားတဲ့အခါ အောင့်ရုံမဟုတ်တော့ဘဲ ဆီးချုပ်ချင် သလိုပါဖြစ်ပြီး နောက်နေ့မနက်ကျတော့ မနေနိုင်အောင် ဆီးအိမ်တင်းလာလို့ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ အဆက်အသွယ်နဲ့ ဆီးနဲ့ကျောက်ကပ်ဆရာဝန်ကြီးဆီ သွားရတော့တယ်။

ဒီဆရာဝန်ကြီးကလည်း ဆေးခန်းထိုင်တဲ့အချိန် မဟုတ်လို့ သူ ဂျူတီကျနေတဲ့ ဆေးရုံကို အရင်သွားပြရတယ်။ သူရဲ့ ညွှန်ကြားချက်အရ ဆီးထပ်စစ်ဖို့နဲ့ ultra sound ရိုက်ဖို့ မြို့ထဲက ‘လမ်း ၃၀ ဆေးခန်း’ ကို တခါ ပြေးရ ပြန်တယ်။

အဲဒီညနေဆေးခန်းက result တွေ ယူပြီး ဆီးနဲ့ကျောက်ကပ်ဆရာဝန်ကြီးဆီ ပြန်သွားတဲ့အခါကျတော့ သူက ဆီးကြိတ်ရောင်တာလို့ ပြောပြီး ဆီးပိုက်တပ်ချင်လားလို့ မေးပါတယ်။ ကိုယ်ငယ်ငယ်က ကိုယ့်အဖေ ဆေးရုံ တက်တာ သွားစောင့်ပေးရင်းနဲ့ ကြုံဖူးမြင်ဖူးတယ်လေ။

ဆီးပိုက်တပ်တဲ့အချိန်မှာ ဘယ်လောက်ခံစားရသလဲဆိုတာ။ ဒီတော့ မတပ်ချင်ဘူး ပြောတာပေါ့။ အဲဒါဆိုရင် ဆီးတော့ချူရမယ်ဆိုပြီး ဆီးချူဖို့ စီစဉ်ပြီး သောက်ရမယ့် ဆေးတွေလည်း ရေးပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆီး ချူပြီးတော့ ဆီးပိုက်ကို တပ်မထားဘဲ ပြန်ဖြုတ်လိုက်ကြတယ်။ လူနာကတော့ ဆီးချုလိုက်တာနဲ့ ဆီးအိမ် တင်းနေတာ ချက်ချင်းလျော့သွားပြီး လုံးဝ အကောင်းပြန်ဖြစ်သွားတယ်။ ဝေဒနာတွေ မရှိတော့ဘူးဆိုတော့ လူနာလည်း ပျော်၊ လူနာရှင်တွေလည်း ပျော်ပေါ့။ ဒါပေမယ့် ဒီအပျော်က ကြာကြာမခံလိုက်ဘူး။ ည ဆီးသွား တဲ့ အချိန်လည်းကျရော ပြန်ဖောက်လာတာပါပဲ။ ဆီးက ကောင်းကောင်းမသွားနိုင်၊ သွားတဲ့အခါကျတော့ လည်း အောင့်တာနဲ့ နာတာနဲ့ တညလုံး ကောင်းကောင်းကို မအိပ်ရတော့ဘူး။ နောက်တနေ့လည်းကျရော ဆီးအိမ်က တင်းနေပြီး နေမထိထိုင်မသာ ဖြစ်လာပြန်တော့ ဆရာဝန်ကြီးဆီ သွားရပြန်တာပေါ့။ ဒီနေ့တော့ ဆရာဝန်ကြီးက နောက်ဆေးခန်းတခုမှာဆိုလို့ အဲဒီကို ပြေးရပြန်ရောလေ။ ဒီတခါတော့ ဆရာဝန်ကြီးက ဆီး ပိုက်တပ်ထားရမယ်ဆိုလို့ ကိုယ့်မှာ မိအေး နှစ်ခါနာ၊ ဒီပိုက်ကို ပြန်တပ်ခံရတယ်။ မနေ့ထဲက ဆီးချူပြီး ပြန်မ ဖြုတ်ဘဲထားလိုက်ရင် တခါပဲ နာမှာ ...။

ဒါပေမယ့် ပိုက်တပ်လို့ နာတာထက် ခံစားရတဲ့ ဝေဒနာက ပိုဆိုးတာမို့ နာနာနဲ့ပဲ ဒုတိယအကြိမ် ဆီးပိုက် ပြန် တပ်ခံလိုက်ရတယ်။ အစထဲက ဆရာဝန်တယောက်အနေနဲ့ လူနာက မတပ်ချင်ရင်လည်း မတပ်ရင် ဘယ်လို အကျိုးဆက်မျိုးတွေ ဖြစ်နိုင်တယ်ဆိုတာ ရှင်းပြသင့်တာပေါ့။ ဒါမှ လူနာက မတပ်လိုရင် လူနာ့အပြစ်ပေါ့။ ဒါ လည်း နောက်တော့ သဘောပေါက်မိတာက အချိန်က မြန်မာနိုင်ငံဆေးခန်းတွေမှာ ထိုင်တဲ့ ဆရာဝန် တော် တော်များများအတွက် အရမ်းတန်ဖိုးရှိတော့ လူနာတွေကို အကုန်လုံး လိုက်ရှင်းပြနေရင် တန်ဖိုးရှိတဲ့အချိန် တွေ အလကား ကုန်သွားမှာစိုးလို့ ချွေတာလိုက်တာ ဖြစ်မယ်လို့ ...။

ဒါတွေကြုံခဲ့ရတော့ မြန်မာနိုင်ငံမှာ နေနေကြတဲ့ မြန်မာနိုင်ငံသားတွေမှာ ကျန်းမာရေးချို့တဲ့လို့ ဆေးရုံ ဆေး ခန်းသွားကြဖို့ လိုအပ်ရင် အသိဆရာဝန် မရှိလို့ကတော့ တော်တော်မလွယ်ပါလား။ ဆေးကုသခ အပြည့်ပေး ရတဲ့ အထူးကုဆေးခန်းတွေမှာတောင် ဆရာဝန်နဲ့ လူနာဆက်ဆံရေးက ဒီလိုဖြစ်နေတာဆိုတော့ “စားရိတ်မျှ ပေး ကျန်းမာရေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကုသပေးနေတဲ့ အစိုးရဆေးရုံတွေမှာ ဘယ်လိုနေမယ်ဆိုတာ မတွေး ၀ံ့တော့ဘူး။ တလောက ကျန်းမာရေးဝန်ကြီးကတော့ မြန်မာနိုင်ငံက ဆေးပဒေသာပင်ကြီး စိုက်ထားလို့ နိုင်ငံ သားတွေ ဆေးကုသရေးမှာ အရမ်းထိရောက်မှုရှိကြောင်း လွှတ်တော်မှာ ပြောသွားတာ ကြားလိုက်မိတော့ ငါ ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ ၀န်ကြီးပြောတာနဲ့ ဘာလို့ ကွဲလွဲနေရတာလဲ တွေးလို့မရတော့ပါဘူး။ နောက်ဆုံး တော့ မြန်မာနိုင်ငံက ဆရာဝန်တွေ နေ့စဉ် မနားရ၊ မအားရအောင် ရုန်းကန်လှုပ်ရှားပြီး ၀င်ငွေတွေ ပေါကြွယ် ကြသလို လူနာတွေကို ကြည့်တဲ့အခါမှာလည်း မေတ္တာ၊ စေတနာတွေ ပေါပေါများများ ထားနိုင်ကြပါစေလို့ ဆုတောင်းရုံကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ။    ။

ကေအမ်သိန်း

3 comments:

Unknown said...

ကျွန်တော့ရဲ့အတွေ့အကြုံတခုက သွားနာလို့ သွားဆေးခန်းတခုမှာ သွားပြတယ်။ ဆရာဝန်က ဓါတ်မှန်ရိုက်ရမယ်တဲ့။ အဲဒါနဲ့ကျွန်တော်က ဘာဖြစ်လို့လဲဆရာလို့ မေးတော့ လျှာမရှည်နဲ့ ဆရာက လိုအပ်လို့ခိုင်းတာလို့ ပြန်ပြောတယ်။ တော်တော်စိတ်လေ သွားတယ်ဗျာ။ လူနာမှာလည်း လူနာအခွင့်အရေးရှိတယ်။ ပြန်မေးခွင့်ရှိတယ်။ အဲဒါကို ဆရာဝန်တွေက နားမလည်ဘူးလားမသိဘူး။ အဲဒါနဲ့ဘယ်တော့မှ အဲဒီဆေးခန်းမပြတော့ဘူး။

Unknown said...

ခေါင်းစဉ်က နည်းနည်းကြီးနေသလားလို့ပါ

Unknown said...

အဖက်ဖက်မှာကို ယိုယွင်းနေတာပါ
System failed