Wednesday, March 2, 2011

လက်နက်ကိုင်အင်အားစုများ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ပူးပေါင်း လုပ်ဆောင်ရမည့် အလုပ်သင့်ဆုံးအလုပ်မှာ ...

ထွန်းအောင်ကျော်
(ရေးသူအာဘော်သာဖြစ်သည်)

ကျနော် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် ဥရောပရောက်မြန်မာများ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ပြီး နောက် နယ်စပ်ဒေသတိုင်းရင်းသားများ၏ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ပြည်တွင်းတွင် လည်း နအဖက စစ်အာဏာရှင် တည်တံ့နိုင်ရန် ကြိုးစားနေခဲ့သည်။ ထိုအခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ် ပြီး ကျနော့်အမြင်ကို တင်ပြလိုက်ပါသည်။

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးသည် တပ်ပေါင်းစုများဖွဲ့ပြီး နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုများ သာ အတိတ်က ရှိခဲ့ပေသည်။ National Democratic Front (NDF) သည် တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။ Democratic Alliance of Burma (DAB) ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကြီး (မဒတ) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ပေါင်းစု (NDF) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် မြန်မာအဖွဲ့အစည်းများပါဝင် သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်းစုတခုအဖြစ် ABSDF ဖွဲ့စည်းပြီး မရှေးမနှောင်း ပေါ်ပေါက်လာခဲ့သော အ ဖွဲ့ကြီးဖြစ်သည်။ နောင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ နယ်စပ်သို့ ထွက်ပြေးလာပြီးနောက် ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို ခုတုံးလုပ်၍ အမတ် (၁၀) ယောက်ကျော်နှင့် NCGUB အစိုးရဖွဲ့သောအခါ ထိုအစိုးရကို ထိန်းညှိရန် အမျိုးသားကောင်စီ (NCUB) National Council of Union of Burma ဆိုသည့် တပ်ပေါင်းစုတခု ထပ်ပေါ်လာပြန်ပါသည်။ ထို့နောက် NCUB တွင် NLD (LA), MPU တို့ ထည့်ပေါင်းပြီး NCGUB မှ နှုတ်ထွက် သွားခဲ့သည်။ NCUB နှင့်တခါ ၈၈ အုပ်စုတို့ဖြင့် Seven Alliance ကို ထပ်ဖွဲ့ပြန်သည်။

နောင် ဟန်ညောင်ရွှေ NCGUB ၏ ဥရောပကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ငွေကြေးထောက်ပံ့မှု များကို ရရှိလာသည့်အခါ ၎င်းရရှိသော ထောက်ပံ့မှုများဖြင့် ENC (Ethnic Nationalities Council) ဆိုသည့် တိုင်းရင်းသားလူမျိုးများကောင်စီကို တည်ထောင်၍ NCGUB မှ ခွဲထွက် တစင်ထောင်ပြီး တပ်ပေါင်းစုဖွဲ့လာခဲ့ ပြန်သည်။

ထိုသို့ တပ်ပေါင်းစုများ မှိုလိုပေါက်လာခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ကြ၊ ၎င်းတပ်ပေါင်းစုများတွင် အဖွဲ့သီးသီး သည် ဒွေးယောယှက်တင်ပါဝင်လျက်ရှိသည်။ တပ်ပေါင်းစုနာမည် အမျိုးမျိုးဖြစ်နေသော်လည်း ပါဝင်သည့် အ ဖွဲ့အစည်းများသည် များသောအားဖြင့် တူညီနေကြသည်၊ ပါဝင်နေကြသည်။ အဓိကပြဿနာမှာ တပ်ပေါင်းစု များ ဖောင်းပွလာနေခြင်းဖြစ်သည်။

ပထမဆုံးလုပ်ရမည့် အလုပ်မှာ ထိုဖောင်းပွ ဖောင်းကာလာနေသော တပ်ပေါင်းစုများကို ကျစ်လစ်ခိုင်မာသော တပ်ပေါင်းစုတခုတည်းဖြစ်ရန် ကြိုးစားအားထုတ်ရေးပင်ဖြစ်သည်။ ၂၀၀၆ ခုနှစ်လောက်က မဲဆောက်ရောက် စဉ် ဖဒိုမန်းရှာမှ ဖိတ်ကြားသဖြင့် NCUB အစည်းအဝေးသို့ ဧည့်သည်အဖြစ် တက်ရောက်ခဲ့ဖူးသည်။ အကြံ ဉာဏ်ပေးပါဆိုသဖြင့် NCGUB သည် အလုပ်မဖြစ်သည့် ဟန်ပြအစိုးရသာဖြစ်သည်၊ ၁၉၉၀ ရွေးကောက်ပွဲ အ မတ်များသက်သက်နှင့်သာ အစိုးရဖွဲ့ရမည်၊ အပြင်လူ ပါခွင့်မရဆိုသည်မှာ အဓိပ္ပာယ်မရှိ၊ ၁၉၉၀ ရွေးကောက် ပွဲရလဒ်ကို ကိုင်စွဲ၍ အစိုးရဖွဲ့ခွင့်ရှိခြင်းကို မငြင်းလိုသော်လည်း ထိုရွေးကောက်ပွဲနိုင် အမတ်များသက်သက် သာ အစိုးရအဖွဲ့အတွင်း ပါရမည်ဆိုသည်မှာ ခြံခတ်ထားသည့် လက်ဝါးကြီးအုပ်နိုင်ငံရေးဖြစ်သည်။

NCGUB သည် အစိုးရအင်္ဂါနှင့် မညီ၊ NCGUB ကို တိုးချဲ့ဖွဲ့စည်းရန်လိုသည်။ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများပါ ပါဝင်ဖို့လိုသည်။ ထို့ပြင် NCGUB အစိုးရတွင် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင် တပ်ရှိရမည်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များအားလုံး စုစည်း၍ ပြည်ထောင်စုတပ်မတော်ကို ထူထောင် သင့်သည်ဟု အကြံဉာဏ်ပေးခဲ့ဖူးပါသည်။ အစည်းအဝေး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စား လှယ်များ အများစုက ကျနော် တင်ပြသည်ကို ထောက်ခံဆွေးနွေးပြီး NCGUB မှ ဒေါက်တာစန်းအောင်တို့က သူတို့ရပ်တည်ချက်ကို ခုခံကာကွယ်ခဲ့ကြပါသည်။ အချုပ်အားဖြင့် ကျနော့်အကြံပေးချက်ကို အများက လက်ခံ ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ကြိုးစားမှုများ

၎င်းဆွေးနွေးတင်ပြချက်ကို အခြေခံ၍ NCGUB ကို တိုးချဲ့ဖွဲ့စည်းရေးအဆိုကို ဒပ်ဗလင်တွင် ဆွေးနွေးကြရာ၌ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပျက်ပြယ်သွားမည်ဟု အကြောင်းပြချက်ဖြင့် NCGUB အတွင်း ၁၉၉၀ ရွေး ကောက်ခံမဟုတ်သည့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်မှုကို အကြောက်အကန် ငြင်းဆန်ပြီး မဲခွဲဆုံး ဖြတ်ရသည့် အခြေအနေထိ ဆိုက်ရောက်ခဲ့ရပြီး တိုးချဲ့သင့်သည်ဟူသည့်ဘက်မှ အနိုင်ရရှိသွားခဲ့သည်။ တိုး ချဲ့ရန် ကော်မီတီဖွဲ့စည်းပေးခဲ့ပြီး မတိုးချဲ့ဘဲ အချိန်ဆွဲနေခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

ယခုအခါ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်သွားပြီးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမည်မျှပင် ညစ်စေ၊ ၂၀၁၀ ရွေး ကောက်ခံ အမတ်များလည်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ နအဖနှင့် ယှဉ်ပြိုင်အနိုင်ရလာသည့် ဖိနှိပ်မှုများ ကြားမှ ရွေးချယ်ခံရသည့် တိုင်းရင်းသားအမတ်များနှင့် အတိုက်အခံအမတ်များကို တရားမဝင်ဟု မပြောနိုင် ချေ။ ၎င်းတို့သည် ပြည်သူမှ အမှန်တကယ် ရွေးပေးလိုက်သည့်သူများဖြစ်သည်။ ထိုအခါ ၁၉၉၀ ကို အသေ ဆုပ်ကိုင်၍ ပြည်ပတွင် ငါးယောက်တပိုင်း အစိုးရသည် တန်ဘိုးမဲ့ အစိုးရဖြစ်လာသည်။ အဓိပ္ပာယ်မရှိတော့ဟု မြင်သည်၊ ဖျက်သိမ်းဖို့ အချိန်ရောက်ပြီဖြစ်သည်။

လပိုင်းလောက်က နယ်စပ်ကရင်နီပြည်နယ်တွင် ၁၉၉၀ အမတ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ စုဝေး ၍ လွှတ်တော်တရပ်ဖွဲ့စည်းသည်ဟု ကြားသိရသည်၊ သို့ရာတွင် နောက်ထပ် ဘာသံမျှ ဆက်လက်မကြားရ တော့ချေ။ ယခုလ ဖေဖေါ်ဝါရီ (၁၇) ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ၎င်းအဖွဲ့တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်နေသည်ကို တွေ့ရသည်၊ သို့ရာတွင် မြန်မာလူမျိုးစုတို့ ပါဝင်မှုမရှိကြောင်း တွေ့ရပြန်သည်။ ၎င်း UNFC သည် NDF နှင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့များ ပေါင်းထားသည့် တပ်ပေါင်းစုတခုဖြစ်သည်။ မူလ NDF ကလည်း ဆက်လက် ရှိနေသည်။

NCUB ဖွဲ့စည်းစဉ်ကလည်း ၎င်းတွင် NDF, DAB, MPU, NLD(LA) တို့ ပါဝင်သည့် ပိုမိုကျယ်ပြန်သည့် တပ် ပေါင်းစုဖြစ်သည်။ သို့ရာတွင် မူလဖွဲ့ထားသော တပ်ပေါင်းစုများဖြစ်သည့် NDF, DAB တို့ကို ဖျက်သိမ်းခဲ့ခြင်းမ ရှိသဖြင့် ပိုမိုများပြားသော တပ်ပေါင်းစုများဖြစ်လာပြီး နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးမှုများ ဖြစ်လာခဲ့သည်။

အဓိကပြဿနာမှာ အဖွဲ့အစည်းအသီးသီးက ရိုးသားစွာ တပ်ပေါင်းစုများ ဖောင်းပွနေခြင်းမှာ မဖြစ်သင့်တော့ ကြောင့် တပ်ပေါင်းစုတခုတည်းကိုသာ ယခုအချိန်တွင် ဦးတည်ဖွဲ့စည်းဖို့လိုကြောင်း ဝန်ခံဖို့လိုသည်။

ပထမအဆင့်အနေနှင့် NDF, DAB, NCUB, Seven Alliance, UNFC, Ethnic Nationalities Council (ENC) တို့ကို ဖျက်သိမ်းပစ်ဖို့ လိုသည်။ မိမိနေရာပျောက်မည်စိုးသည့် အချောင်သမားစိတ်၊ ဖောက်ပြန်ရေးသမားစိတ် ရှိသူတို့ကို ရှင်းထုတ်ပစ်ရမည့် အချိန်ရောက်ပြီဖြစ်သည်။ ထို့နောက် လူမျိုးစုတဖွဲ့ချင်းကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များအားလုံးကို ဖိတ်ကြား၍ တပ်ပေါင်းစုကိုယ်စားလှယ်များအဖြစ် မဟုတ်ဘဲ မိမိလူမျိုး၊ မိမိအ ဖွဲ့အစည်းကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအဖြစ်တက်ရောက်ပြီး ညီလာခံကြီးတရပ်ကို ကျင်းပရမည်။ ထိုညီလာခံကြီးမှ တခုတည်းသော ကျစ်လစ်ခိုင်မာသည့် တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည်။ ထိုတပ်ပေါင်းစုကြီး ကို ယှဉ်ပြိုင်၍ တပ်ပေါင်းစု နောက်တခု ထပ်မဖွဲ့ရန် ပြင်းထန်တိကျသည့် မူဝါဒကို ချမှတ်၍ တပ်ပေါင်းစုကြီးပြို ကွဲရန် ကြံရွယ်သူမှန်သမျှကို သုတ်သင်ရှင်းလင်းရဲရမည်။ ထိုမှသာ အချောင်သမားများ၊ နေရာသမားများ ရန်မှ ကာကွယ်နိုင်မည်ဖြစ်သည်။

ထိုမှတဆင့် ထိုညီလာခံမှ အများရွေးချယ်မှုဖြင့် လွှတ်တော်အမတ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ တတ်သိပညာရှင်များဖြင့် NCGUB နေရာတွင် အစားထိုးနိုင်မည့် တိုက်ပွဲဝင်အ စိုးရတရပ်ကို ဖွဲ့စည်းပြီး ထိုအစိုးရအောက်တွင် ပြည်ထောင်စုတပ်ကို တည်ထောင်ရမည်။ ထိုပြည်ထောင်စု တပ်သည် တိုင်းရင်းသားလူမျိုးစုအားလုံးကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ အနာဂတ်တပ်မတော် သန္ဓေတည် သည့် တပ်အဖြစ် ရည်မှန်းချက်ထားရှိရမည်။ ပြည်ထောင်စုတပ်သို့ ပူးပေါင်းလာရန်အတွက် သန်းရွှေလက် အောက်ခံ တပ်များအတွက်လည်း လမ်းဖွင့်ပေးသည့် အစီအစဉ်များ၊ ကြိုဆိုရေး၊ နေရာချထားရေးကိစ္စများ အ ထိပါ ပြင်ဆင်ထားရမည်။

ထိုအဆင့်ဖြစ်လာလျှင် ပြည်တွင်းရှိ ကွန်ရက်အသီးသီးချိတ်ဆက်မှုဖြင့် ပြည်သူ့အုံကြွမှုကြီးဖြစ်လာသည့်အခါ ပြည်ထောင်စုတပ်မှ မိမိနေရာဒေသအသီးသီးမှ ထိုးစစ်ဆင်ပြီး ပြည်တွင်းလှုပ်ရှားမှုကို မဖြိုခွဲနိုင်ရန် ဟန့်တား နိုင်ရမည်။ ပြည်သူ့ရင်ခွင်သို့ ဝင်လာသည့် ပြည်ချစ်တပ်မတော်သားများကို နွေးထွေးစွာ ကြိုဆို၍ ကြေးစား တပ်များကို ပြတ်ပြတ်သားသား တိုက်ခိုက်ကြရမည်။

တခုတည်းသော တပ်ပေါင်းစုကြီးမှ ဖွဲ့စည်းပေးလိုက်သော စင်ပြိုင်အစိုးရသည် နိုင်ငံတကာနှင့် နယ်စပ်ဒေသ တွင် အင်အားအကြီးဆုံးနှင့် တပ်ထောက်ခံမှုရှိသည့် အစိုးရဖြစ်လာမည်။ ဤကဲ့သို့ ညီညီညွတ်ညွတ် လုပ်နိုင် ကြလျှင် ပြည်သူ့အုံကြွကြီးကို ဦးဆောင်ရာတွင် NLD ပါတီနှင့်တွဲ၍ ထိထိရောက်ရောက် လုပ်နိုင်မည်ဖြစ်သည်။

မဖြစ်နိုင်သည်မရှိ၊ ဖြစ်အောင်မလုပ်သေးသဖြင့် မဖြစ်သေးခြင်းဖြစ်သည်။ ယနေ့ မတ် ၄, ၅ ရက်တွင် ဖို့ဒ်ဝိန်း မြို့တွင် ညီလာခံတခုကို လုပ်ကြဦးမည်။ ထိုညီလာခံမှ လွှတ်တော်တရပ် ဖွဲ့စည်းလာရန် ကြိုးစားနေကြောင်း သိရသည်။ လုပ်ချင်စိတ်ရှိသူများ လုပ်နိုင်လျှင် ကန့်ကွက်ရန် မရှိပါ။ သို့ရာတွင် တင်ပြထားသည့်အတိုင်း လုပ် စားတပ်ပေါင်းစုများကို အရင်ဖျက်သိမ်းပြီး တခုတည်းသော တပ်ပေါင်းစု ဖော်ဆောင်ရေးမရှိဘဲနှင့် ပြုလုပ်ကြ လျှင် အောင်မြင်နိုင်ရန် အလှမ်းဝေးနေဦးမည်ဖြစ်သည်။ NCGUB အဖွဲ့အစည်းသည် တိုးချဲ့ရန်လည်းကောင်း၊ တည်ရှိရန်လည်းကောင်း မရှိသင့်တော့ချေ။ NCGUB အား ကျွန်ုပ်တို့မှ အသိအမှတ်မပြုတော့သည်မှာ နှစ်ကာ လပင် ကြာမြင့်နေပြီဖြစ်သော်လည်း တရားဝင် အသိအမှတ်မပြုတော့ကြောင်း ယခုဖို့ဒ်ဝိန်းအစည်းအဝေးမှ ထုတ်ဖော်ပြောကြလျှင် အမှိုက်တခု ရှင်းသွားနိုင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုများအားလုံး ဖျက်သိမ်းပြီး တခုတည်းသော တပ်ပေါင်းစုကြီးဖြင့် ညီညွတ်ရေးကို တည်ဆောက်ပြီး ရှေ့တလှမ်းတိုးသင့်ပါသည်။

ထိုအခါ တပ်ပေါင်းစုမှ တခုတည်းသော နိုင်ငံခြားဆက်ဆံရေးဋ္ဌာန၊ ဘဏ္ဍာရေးဋ္ဌာန၊ နိုင်ငံရေးဋ္ဌာန၊ စီးပွားရေး ဋ္ဌာန၊ ကျန်းမာရေးဋ္ဌာန၊ ပညာရေးဋ္ဌာနတို့ကို ဖွဲ့စည်းပြီး ကျွမ်းကျင်သူများ လွှတ်တော်ကိုယ်စားလှယ်များက သာ နေရာယူရမည်ဆိုသည့် မူကို ပယ်ပြီး တကယ်သိ၊ တကယ်တတ်၊ တကယ်နားလည်သည့်သူများကို ရွေး ချယ်ခန့်ထားခြင်းဖြင့် နိုင်ငံတကာ ထောက်ခံမှု၊ စည်းစနစ်ကျမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ပြီးပြည့်စုံသော စင် ပြိုင်အစိုးရတရပ် ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။

တဖက်မှလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ပူးပေါင်း၍ မိမိတပြည်ထောင်လွတ်လပ်ရေးထက် စု ပေါင်းအားဖြင့် တနိုင်ငံလုံးလွတ်မြောက်ရေးဆိုသည့် အမျိုးသားရည်မှန်းချက်ကို မူချ၍ ပြည်ထောင်စုတပ်မ တော်ကြီးကို တည်ထောင်၍ တိုက်ပွဲဝင်မှ နိုင်မည်ဆိုသည့် အမြင်နှင့် ယုံကြည်ချက်ရှိဖို့လိုသည်။ နအဖတပ် တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည်။ ဗမာလူမျိုးသက်သက်နှင့် ဖွဲ့စည်းထားခြင်းမဟုတ်သည်ကို သတိပြု သင့်သည်။ ကျစ်လစ်ခိုင်မာသော တခုတည်းသော တပ်ပေါင်းစုအောက်တွင် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရ နှင့် ပြည်ထောင်စုတပ်မတော်သည် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ ထိုးစစ်ဆင်နိုင်သော အင်အားစုကြီး ဖြစ်လာလိမ့်မည်။

မှိုလိုပေါက်နေသော အဖွဲ့အစည်းမျိုးစုံ၊ တပ်ပေါင်းစုမျိုးစုံတို့မှ ငါးပွက်ရာ ငါးစားချနေသည့် (Proposal) ပရိုပို ဆယ်နိုင်ငံရေးဘဝမှ ရုန်းထွက်ပြီး (All inclusive) အများပါဝင် ပတ်သက်သော အစိုးရတရပ်အဖြစ် နိုင်ငံခြား ထောက်ပံ့ငွေများကို စနစ်တကျရယူပြီး အသုံးစရိတ်၊ ကုန်ကျငွေ၊ ရငွေတို့ကို အများမြင်သာအောင် ဖော်ပြရင်း အများလက်ခံသော စင်ပြိုင်အစိုးရဘဝမှ ဒီမိုကရေစီတိုက်ပွဲကို ပြတ်ပြတ်သားသား ထောက်ခံမှုအပြည့်နှင့် တိုက်နိုင်မည်ဖြစ်ကြောင်း ရိုးသားစွာဖြင့် ကိုယ်ကျိုးမဖက်ဘဲ အမုန်းခံ တင်ပြလိုက်ပါသည်။

ထွန်းအောင်ကျော်

5 comments:

FIFTH STATE OF FOUTH FORCE( FSFF) said...

အ ခြေ အ နေ အ ချိန် အ ခါ နှင့် ကိုက် ညီ ပြီး အ မှန် တ ကယ် တွင် လည်း သည် အ တိုင်း ပင် ဖြစ် သင့် ပါသည်။ စိတ် ကောင်း စေ တ နာ ဖြင့် ပေး လာ သော ကောင်း မွန် ပြည့် စုံ သည် ယုံ ကြည် ယူ ဆ ပါ သည်။

A S A said...

ဘာမှသုံးစားလို့  မရတဲ့ အဖွဲ့  တွေ အေုကာင်း ဘာလို့  အချိန် ကုန်ခံ ပြီး စဉ်းစားနေတာ လဲ ကိုထွန်းအောင်ကျော်။ လေထုတ် ရင်၊ လေပဲ ရမှာပေါ့ ဗျာ။ လေ အဖွဲ့ ၊ ဖွဲ့  ရင် လေ ထုတ် တဲ့ အလုပ်နဲ့  လေ ဖေါ တဲ့ အလုပ် ပဲ လုပ်ဖြစ်တော့ မှာပေါ့။ "တကယ် ဖြစ်ချင်၊ တကယ်လုပ်၊ အဟုတ်ဖြစ် ရမည်။" ဆို တဲ့ အတိုင်း ကိုယ့် ပိုက်ဆံ ကိုယ်ထုတ်ပြီး တကယ် ချ မှ အလုပ် ဖြစ်တော့ မှာပေါ့ ဗျာ။ ၈၈ ကတောခိုပြီး အခု တတိယ နိုင်ငံတွေ မှာအခြေကျ နေတဲ့ သူတွေအားလုံး ကို ပြော လိုက်မယ်။ ကိုယ့်လုပ်အားနဲ့  ရှာထားတဲ့ ပိုက်ဆံ ဒေါ်လာ သောင်း ချီ စိုက်ထုတ်ပြီး န.အ.ဖ ကို ချမယ် ဆိုရင် ကျုပ်ကို အစည်းအဝေး ဖိတ်ပါလို့ ။ ကိုယ့်ပိုက်ဆံ နဲ့  မဟုတ်ပဲ လေပဲထုတ်နေမယ် ဆိုရင်တော့ "လေထုတ် ရင်၊ လေပဲ ရမှာ" ပါလို့ ။ ။

yoo said...

(ကိုယ့် ပိုက်ဆံ ကိုယ်ထုတ်ပြီး တကယ် ချ မှ အလုပ် ဖြစ်တော့ မှာပေါ့ ဗျာ။)

ဟုတ်ပါ့ဗျာ....
အယူအဆတွေကွဲပြားမှုကြောင့် အဖွဲ့ တွေ ဖောင်းပွ လာတာ မဟုတ်ပဲ၊
ဒီ နိုင်ငံခြား ထောက်ပံ့ငွေကြောင့်ပဲ အဝေမတဲ့လို့  ဖောင်းပွဖောင်းကာလာနေတာပဲ။

---- said...

NCGUB
FDB
DAB
NDF
ENC
UNFC
SYCB
NYC
WLB
ဟိုမီဒီယာတပ်ပေါင်းစု
လူ့အခွင့်အရေးတပ်ပေါင်းစု
အခြောက်တပ်ပေါင်းစု
မိန်းမလျှာတပ်ပေါင်းစု
ဖာသည်မများတပ်ပေါင်းစု
ဖာခေါင်းများတပ်ပေါင်းစု
ပွဲစားများတပ်ပေါင်းစု....

အလုပ်မရှိလို့ဖွဲ့တယ်။ အလုပ်မဖြစ်တာစမ်းသလားဗျာ။ အဓိက ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတော့ ငွေရှာနိုင်တဲ့လူတွေ၊ ငွေရပေါက်ရလမ်းသိတဲ့လူတွေပဲဖြစ်ပါတယ်။

တပ်ပေါင်းစုအားလုံးကို ဖျက်သိမ်းပြီး တခုတည်းတပ်ပေါင်းစုဖွဲ့ပါဆိုလို့ပြောရအုံးမယ်...။ ဒါလည်း တပ်ပေါင်းစုအသစ်တစ်ခုဖွဲ့တာပဲ။

ဦးထွန်းအောင်ကျော်တောင် အမေရိကားမှာရှိတဲ့ အေဘီရော်ဘဲတွေစုပြီး တပ်ပေါင်းစုဖွဲ့ကြည့်ပါအုံးဗျာ..။ ဖွဲ့ရတာမလွယ်တဲ့အပြင် တကယ်တမ်းလုပ်ရတဲ့လူတွေက ပိုဆိုးမှာပေါ့။

ပြောချင်တာက ဘာတပ်ပေါင်းစုမှ ဖွဲ့မနေနဲ့။ ကိုယ့်အလုပ်ကိုသာကိုလုပ်ပါ။ ဥပမာဗျာ...ဘုန်းကျော် အင်တာနက်မှာပေါက်ကရရေး။ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်နဲ့ အမြည်းလုပ်။ နိုင်ငံရေးအာ။ ဦးထွန်းအောင်ကျော် အင်တာနက်ကနေ အကြံပေးအရာရှိလုပ်။ စသဖြင့်..စသဖြင့်...။

နောက်ဆုံးကျနော်လုပ်ချင်တာက ဒီလိုမျိုး။ အသက် ၆၅-ကျော်တဲ့ နိုင်ငံရေးအဖွဲ့အစည်းကခေါင်းဆောင်တွေ၊ သောက်သုံးမကျတဲ့ လူတွေကို လက်အောက်ငယ်သားတွေက ရှင်းပစ်လိုက်။ လူငယ်တွေအသစ်တက်နေရာယူ။ အတွေးအခေါ်သစ်၊ အမြင်သစ်၊ ရင်ခုန်သံအသစ် နဲ့စလုပ်။

တပ်ပေါင်းစုကခေါင်းဆောင်ကြီးတွေ၊ နိုင်ငံရေးအဖွဲ့အစည်းကြီးက ခေါင်းဆောင်တွေ၊ အရည်အချင်းတကယ်ရှိမရှိသိချင်ရင် ၾသစေတ်းလ်၊ အမေရိကန်၊ စင်္ကာပူ စတဲ့နိုင်ငံတွေမှာ သွားပြီးအလုပ်လုပ်ကြည့်ခိုင်းပါ။ သန့်ရှင်းရေးအလုပ်တောင် မရနိုင်ဘူး။ နောက်ပြီး လက်ကြောတင်းမတင်းစမ်းကြည့်။ သူတို့လည်း သူတို့အရည်အချင်းကိုသိစေချင်တယ်။ နအဖလည်း နအဖအရည်အချင်းကိုသိစေချင်တယ်။

တကယ်တမ်းတော့ဗျာ...ဗမာလူမျိုးတွေဟာ တကယ်စောက်သုံးမကျတဲ့ပေါချောင်ကောင်းလိုက်တဲ့လူမျိုးတွေပဲ။ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်နေကြတယ်။ ကိုယ့်ဗမာအချင်းချင်း ဖင်,ချ ဖို့လောက်ပဲစိတ်ဝင်စားကြတယ်။

နောက်ဆုံးတော့..တပ်ပေါင်းစုကိစ္စကို ဒီလိုပဲပြောပါရစေ...

အရင်လူတွေပဲ ဦးဆောင်နေလို့အရင်အတိုင်းဖြစ်နေတဲ့တပ်ပေါင်းစုကိစ္စကိုပြောရတာအာညောင်းပါတယ်။

ကျနော် သာမန်ပြည်သူတဦးပါ။
ဘုန်းကျော်

HkunPa.O said...

ကိုထွန်းအောင်ကျော်က ရှိပီးသား တပ်ပေါင်းစုတွေကို အရင်ဖျက်ဖို့ ပြောတယ်။ ဖျက်ဖို့ ကမလွယ်ပါ။ ဖျက်ပြီးပြီ
ဆိုအုံးအဲဒီတခုတည်းသေားတပ်ပေါင်းစုကြီးထဲမှာ ပါဖို့ လူမျိုးကိုကိုယ်စားပြုဖို့ ဆိုရင် ...ဥပမာဗျာ ပြည်ပရောက်ဗမာလူမျိုးအတွက်ကိုယ်စားပြုဖို့ ဆိုဘယ်သူ့ ကိုထည့်မှာလဲ။ဘယ်အဖွဲ့ ကိုထည့်မှာလဲ။ ကရင်အတွက်။ ရှမ်း စသည်တို့ အတွက်ဆိုလည်း ဒီလိုသဘောပါပဲ။ တော်တော်ကို ကိုယ့်အဖွဲ့ ထဲ ကိုယ့်လူမျိုးထဲမှာ အရင်ညှိနိုင်း လုပ်ဆောင်ရမှာအများကြီးရှိတယ်။ သေချာတာကတော့ တပ်ပေါင်းစုတွေအရမ်းပေါများနေတယ်။ တပ်ပေါင်းစုဖွဲ့ ခြင်းခေတ်စားနေတယ်ဗျို့ ။

ခွန်ထွန်းတောက်