ခေတ်မြစ်
မျိုးမြင့်ချို
‘မြစ်တမြစ်မြစ်’ ကို ပထဝီပေါ် တင်ကြည့်လျှင် ဒီမြစ်ကြီး ဘယ်ကစ၊ ဘယ်တုန်းကစ၊ ဘာတွေဖြစ်ခဲ့၊ ဘယ်လို စီးဆင်းသွား၊ ဘယ်မြို့ဘယ်ရွာ ဘယ်နေရာတွေ ဖြတ်စီး၊ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက် ကျဉ်း၊ ဘယ်လောက်ရှည်လို့ ဘယ်လိုဆုံး ... စသည်များ ထွက်လာမည်။
‘မြစ်’ ကို ခေတ်ပေါ် တင်ကြည့်လျှင် ဒီမြစ်ကြီးနှင့်အတူ ဘာသမိုင်းတွေ မွေးဖွားခဲ့၊ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့၊ ဘာသမိုင်းတွေ စီးဆင်းခဲ့၊ ဘာသမိုင်းတွေ စီးဆင်းဆဲ ... စသည်များ မြင်လာမည်။
‘မြစ်တမြစ်’ ကို ပထဝီပေါ် တင်ကြည့်သည်မှာ မြစ်၏ ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ ဖြစ်ပြီး ‘မြစ်’ကို ‘ခေတ်’ ပေါ် တင်ကြည့်သည်မှာ ခေတ်၏ ‘အရွေ့သဘော’ ကို မြင်လို၍ ဖြစ်၏။ ထို့ကြောင့် ‘ပထဝီသဘော မြစ်’ သည် ‘ခေတ်သဘောမြစ်’ လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ တူလို့လည်းမရ။ ‘ပထဝီမြစ်’ တွင် အစရှိ၏။ အဆုံးရှိ၏။ ‘ခေတ်မြစ်’ က ထိုသို့မဟုတ်။ လူ့သမိုင်းရှိသရွေ့ တည်၏။ သမနိရှည်၏။
ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက မြစ်ဖြစ်၏။ မြစ်တွင် ဇာတိရှိ၏။ ဇာတိတွင် ရေတစက် ဖြင့် ချက်မြှုပ်ရ၏။ ချက်မြှုပ်ရာမှ ခေါင်းချရာခရီးတွင် လက်တက်ပေါင်းများစွာကို လက်ခံပြီး စည်စည်ပင်ပင် ရှင်သန်စီးဆင်း၏။ စီးဆင်းရာတလျှောက်တွင် ကြေသည့်နေရာ ကြေ၍ ကြမ်းသည့်နေရာ ကြမ်း၏။ ကြေကြေ ကြမ်းကြမ်း စီးဆင်းရင်း ကွေ့ကွေ့ကောက်ကောက်လည်း ရှိရ၏။ မကွေ့မကောက်လျှင် မြစ်မမြည်တော့။ တခါ တရံတွင် မြစ်သည် ဖြောင့်ဖြောင့်မြန်မြန် စီးလိုသဖြင့် မြစ်ကျိုးအင်းများ ထားခဲ့ပြီး ဆက်ထွက်ရတတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီး တသောင်ထွန်းပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်း ဖော်ရ၏။ ပေါ်သည့် ကျွန်း တိုင်းလည်း နုံးတင်မြေနုမဟုတ်တတ်။
မြစ်တွင် မြစ်ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည် ဇာတိတွင် ပြ၏။ ဇာတိပြရင်း ဇာတိချုပ်ရ၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ်ဖျောက်၏။ ဇာတ်ရုပ်ပျောက် မြစ်တမြစ်သည် နာမည်အမျိုးမျိုး ချန်ခဲ့ပြီးမှ ပင်လယ်ဝတွင် ခေါင်းချ၏။ ခေါင်းချရုံဖြင့် ‘ဝိညာဉ်’ ကင်းပြီဟုမဆိုနိုင်။ မြစ်၏ ဝိညာဉ်သည် အလျဉ်စီးဆင်းနေသည့် ရေဖြစ်၏။ ရေမခမ်း သရွေ့ မြစ်မကန်း ...။
ဧရာဝတီသည် ‘မြစ်’ ဖြစ်၏။ ‘မြစ်တမြစ်’ မဟုတ်။ ထို့ကြောင့် သူသည် ‘ခေတ်’ လည်းဖြစ်၏။ သူ့ဝိညာဉ်အလျဉ် သည် မကန်းသေး။ သူ့ဝိညာဉ်တွင် ခေတ်အလျဉ်တို့အား သယ်ပိုးထားဆဲ။ ဧရာဝတီနှင့်အတူ ခေတ်တို့ စီး ဆင်းနေဆဲ။
မြစ်၏ ခေါင်းချရာတွင် ပင်လယ်ကို သန္ဓေတည်၏။ မြစ်ပေါင်းစုံ ဂဟေဆက်ရာမှ ပင်လယ်ကို ဖွားမြင်လာ၏။ သူက ရေစီးညင်သာသည့်၊ မြစ်ရေစီးကြမ်းသည့် မြစ်ဟု မခွဲခြားဘဲ ကြည်ကြည်ဖြူဖြူ ထွေးပွေ့ယူ၏။ ‘မြစ်ယဉ်’ ‘မြစ်ရိုင်း’ အားလုံးကို သူ့ထံတွင် ရောနှောခိုင်းပြီး မြစ်တိုင်း၏ သမိုင်းကိုလည်း လက်ခံသိမ်းဆည်းပေးထား သေး၏။ ‘မြစ်’ သည် ‘ခေတ်’ ဟုဆိုလျှင် ‘ပင်လယ်’ သည် ‘ခေတ်တို့၏သမိုင်း’ ...။ ဗီဇသဘောအရ ပင်လယ် သည် တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ဝန်းကျင်၏ စေ့ဆော်မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်း ထန်၏။
လူ့သမိုင်းသည် လှိုင်းထန်၏။ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့်ဖီဆန်မှု၊ ဖိ စီးမှုနှင့်တွန်းလှန်မှု၊ ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်းပဋိပက္ခ ... စသည်တို့ဖြင့် ဗြောင်းဆန်နေသည့် မြစ်တစင်း ဖြစ်၏။ အစဉ်စီးဆင်းရင်း အဆက်မပြတ် ရှင်သန်နေ၏။ ခေတ်ဆိုသည့် မြစ်သည် ‘သမိုင်းခေတ်’ များအား ကျောပိုးပြီး ‘ခေတ်တို့၏သမိုင်း’ သိမ်းဆည်းရာ ပင်လယ်သို့ မျက်နှာမူ၏။ တရွေ့ရွေ့ စီးဝင်နေ၏။ ပင်လယ် ရောက်လျှင် သမိုင်းခေတ်များ ဆုံမည်။ စုံလည်းစုံမည်။ သမိုင်းခေတ်များ ဆုံလျှင် တစုံလုံးကို မြင်ရ၏။ ‘ခေတ် မြစ်’ နှင့် စီးနေဆဲတွင် သမိုင်းကို ဖြတ်ကြည့်ပါက ‘ခေတ်တဖြတ်အမြင်’ သို့မဟုတ် ‘မြစ်တဖြတ်အမြင်’ ဖြင့်သာ တင်းတိမ်စရာရှိ၏။
သမိုင်းကို ‘ခေတ်တဖြတ် (သို့) မြစ်တဖြတ်အမြင်’ သက်သက်နှင့် ကောက်ကိုင်ကြည့်ပါမူ ယူစရာ ‘သင်ခန်းစာ’ တခုတည်းကိုသာပြေးမြင်မိ၏။ အမှန်က ခေတ်တိုင်းတွင် ယူစရာ ‘သင်ခန်းစာ’ များရှိသလို ‘နမူနာ’ များလည်း ရှိ၏။ သင်ခန်းစာယူခြင်းမှာ ကောင်းသည့်အရာဖြစ်၏။ “နောင်ကို ... အရင်လို မမှားဖို့” ဖြစ်၏။ နမူနာကို မယူ နိုင်လျှင် နှုန်းစံတန်ဖိုး ချိန်ဆဖို့ တိုင်းစရာမရှိသလို ဖြစ်တတ်၏။ “အရင်လို ... နောင်ကိုလည်း မှားတတ်” စရာ ရှိသေး၏။
ပင်လယ်ရောက်မှ တစုံလုံးကို မြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှ တစုံလုံးကို ကြည့်ရမည်ဟု မဆို လို။ မြစ်တဖြတ်အမြင်ကို ပင်လယ်ပေါ် လှမ်းတင်ကြည့်နိုင်ပါမူ ‘သင်ခန်းစာ’ ရော ‘နမူနာ’ ပါ ခပ်ရေးရေးတော့ မြင်နိုင်စွမ်းမည်ထင်၏။ ။
မျိုးမြင့်ချို
2 comments:
မြစ်ကို သူတို့ ဖွဲ့ ခဲ့ကြတယ်။
ကိုမျိုးရဲ့ မြစ်က ဗမာပြည်ရဲ့ မမေ့နိုင်တဲ့ မြစ် ...
rubbish. writing for fussy thing
Post a Comment