စတုတ္ထလှိုင်း လာနေပြီလော ... ငါတို့အရေးကော အသို့နည်း
နေသွင်
‘ဗမာ့အောင်ဆန်း’ စာအုပ်ထဲမှာ ဆရာမောင်ထင်က “တော်လှန်ရေးကြီးထဲတွင် တော်လှန်ရေးကလေးများ စ တေးခံရဖွယ်သာရှိသည်” လို့ ရေးခဲ့ပါတယ်။ သမိုင်းကို ပြန်ကြည့်လျှင်လည်း မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာနိုင်ငံ ရေးလှိုင်းလုံးကြီးထဲက လှိုင်းကြက်ခွပ်ကလေးတခုမျှသာ ဖြစ်ခဲ့ပါတယ်။ ဆရာမောင်ထင် ပြောသလို စတေးခဲ့ ရတာက ခပ်များများလို့ ဆိုရမယ်ထင်တယ်။ ၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ တတိယလှိုင်း (The Third Wave) ဆိုတဲ့ စာအုပ်ပြုစုသူ ဆင်မြူရယ်ဟန်တင်တန် (Samuel Phillips Huntington) ရဲ့အလိုအရ လူ့သမိုင်းမှာ ဒီ မိုကရေစီလှိုင်း (၃) လှိုင်းဖြစ်ပေါ်ခဲ့တယ်။ အဲဒီလှိုင်းတွေကြောင့် ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေ အလျှိုလျှို ပေါ် ပေါက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလှိုင်းလုံးတွေဟာ မြန်မာပြည်ကိုလည်း ဖြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟန်တင် တန်ရဲ့အလိုအရ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီလှိုင်းတွေဟာ ရှေ့နှစ်လှမ်းတိုး နောက်တလှမ်းဆုတ် သဘောဖြစ်ပေါ်နေတာပါ၊ ဖြစ်ချင်တော့ မြန်မာပြည်ကျမှ ရှေ့ကို တလှမ်းတိုး (၁၉၄၈ - ၁၉၅၈ ဒီမိုကရေစီ ခေတ်) ပြီး နောက်ပြန်လှိုင်းနှစ်ဆင့် (၁၉၆၂၊ ၁၉၈၈ အာဏာသိမ်း) ခပ်ကြမ်းကြမ်း အပုတ်ခံလိုက်ရပြီးနောက် ဘက်ခပ်ဝေးဝေးမှာ သောင်တင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးတခုလုံးအနေနဲ့ ဒီမိုကရေစီလှိုင်းတွေ က ရှေ့ကို ခရီးဆက်နေတုန်းပါပဲ။
ဟန်တင်တန်ရဲ့ ဒီမိုကရေစီလှိုင်း (၃) လှိုင်းကို ကြည့်မယ်ဆိုရင် ...
ပထမလှိုင်း - ၁၇၇၆ အမေရိကန်တော်လှန်ရေးမှ အမြစ်တွယ် (၁၈၂၈-၁၉၂၆) အတွင်း ပျံ့နှံ့ခြင်း၊
ဒုတိယလှိုင်း - ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၃) မှာ မဟာမိတ်တွေ အောင်ပွဲခံခဲ့ခြင်း၊
တတိယလှိုင်း - ၁၉၇၄ ခုနှစ် ပေါ်တူဂီ၊ စပိန်တို့ ဒီမိုကရေစီအသွင်းကူးပြောင်းသွားခြင်း၊
ဒီ (၃) လှိုင်းက လက်တင်အမေရိက၊ အာရှ၊ အလယ်ဥရောပ၊ အာဖရိကနိုင်ငံတွေဆီ ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုပါ တယ်။ တတိယလှိုင်းအစက ဒီမိုကရေစီနိုင်ငံ (၃၉) နိုင်ငံရှိရာကနေ ၂၀၀၅ ခုနှစ်မှာ Freedom House ရဲ့ သု တေသနသတ်မှတ်ချက်အရ (၁၂၃) နိုင်ငံရှိလာတယ်လို့ ဆိုပါတယ်။ (၃) ဆတိုးသွားတဲ့ သဘောပါ။ ဒီကာလ မှာပဲ ဒီမိုကရေစီအရေးကျွမ်းကျင်သူ ပညာရှင်တွေကြားမှာ (Arab Exceptionalism) ဆိုတဲ့ စကားတလုံး ပေါ် ခဲ့ပါတယ်။ အာရပ်ကမ္ဘာရဲ့ ထူးခြားဖြစ်စဉ်ဆိုပါတော့။ ဟန်တင်တန်ရဲ့ လှိုင်း (၃) လှိုင်းစလုံး အာရပ်ကမ္ဘာကို ရှောင်ကွင်းသွားခဲ့လို့ပါ၊ ဘာကြောင့် ရှောင်ကွင်းသွားသလဲ။ ၁၉၉၃ ခုနှစ်မှာ ထပ်ထွက်လာတဲ့ The Crash of Civilizations ဆိုတဲ့ စာအုပ်မှာ ဟန်တင်တန်က အာရပ်တွေက ဒီမိုကရေစီထက် သူတို့ယဉ်ကျေးမှုနဲ့ ဘာသာ တရားအပေါ်မှာ ပိုပြီးသစ္စာရှိကြလို့ဖြစ်တယ်လို့် ကောက်ချက်ဆွဲခဲ့ပါတယ်။ (မှတ်ချက် - မြန်မာပြည်က စစ်အာ ဏာရှင်စနစ်အောက်မှာ ရှိနေတာ အာရပ်နိုင်ငံတွေနဲ့ မတူပါဘူး။ ဆန့်ကျင်လှိုင်းတွေကြောင့်ဖြစ်ပါတယ် (ဒီအ ကြောင်း နောက်မှ ရေးပါမယ်)။ အာရပ်ကမ္ဘာက လူသန်ကြီးတွေကို အလုပ်လက်မဲ့ လူငယ်အုပ်ကြီးက ဖြုတ်ချ လိမ့်မယ်။ ဒါပေမယ့် အနောက်လူ့အဖွဲ့အစည်းရဲ့ လမ်းကြောင်းဖြစ်တဲ့ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုဆိုတဲ့ လမ်းကြောင်းကိုတော့ အာရပ်တွေ ရွေးမှာမဟုတ်ဘူး။ သူ့လမ်းသူရွေးလိမ့်မယ်လို့ ဆိုခဲ့တယ်။
အာရပ်ကမ္ဘာမှာ လူထုအုံကြွမှုတွေ မဖြစ်ခင်မှာ (တူနီးရှားမှာ မစခင်) နှစ်ပတ်အလိုမှာ Ecomomic မဂ္ဂဇင်းက အာရပ်ကမ္ဘာမှာ ဒီမိုကရေစီအရေး ဘာကြောင့် အရေးနိမ့်နေသလဲဆိုတာကို ဆန်းစစ်ပြပါတယ်။
၁။ အစ္စလမ်ဘာသာနဲ့ အာရတ်ယဉ်ကျေးမှုက ဒီမိုကရေစီကို အားမပေး၊
၂။ အာရပ်က အုပ်ချုပ်သူ (အာဏာရှင်တွေ) က အစ္စရေးနဲ့ အစ္စလာမ်အစွန်းရောက်သမားတွေကို လက်ညှိုး ထိုးပြပြီး အမြတ်ထုတ်နေတာ၊
၃။ ရေနံတွင်းဖင်ခုထိုင်ထားလို့ အာဏာရှင်တွေဟာ ပြည်သူတွေဆီက အခွန်ကောက်ဖို့ မလိုသလို အခွန်ထမ်း ပြည်သူဆိုပြီးတော့လည်း ပြည်သူ့မျက်နှာ ကြည့်စရာမလို ... စသဖြင့် ...
ဒီအချက်အားလုံး ငြင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် လက်ရှိ လူထုအုံကြွမှုတွေကို ကြည့်မယ်ဆိုရင် ပြည်သူတွေ ဟာ တခြားအရာတွေထက် လူဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုကို နောက်ဆုံး ရွေးစရာအဖြစ် ရွေးချယ်ခဲ့ကြတာ ထင်ရှားပါတယ်။ အသက်နဲ့ကို လောင်းကြေးထပ် ရွေးချယ်ခဲ့ကြပါပြီ (လစ်ဗျားကို ကြည့်ရင် အထင်ရှားဆုံးပါ ပဲ)။
အာရပ်ကမ္ဘာရဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး ‘ကမ္ဘာကြီးပြားသည်’ (The World is Flat) ကျမ်းရှင် သော မတ်စ်ဖရီးမင်း (Thomas L. Friedman) က “အခုမှ အစပဲ ရှိပါသေးတယ်” လို့ ဆိုပါတယ်။ လူတွေ ပြောကြ တဲ့ အာဏာရှင်စနစ်၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ လူမှုမီဒီယာတွေအပြင် လူ တွေ သတိမထားမိတဲ့ တခြားအချက်တွေ ရှိသေးတယ်လို့ သူက ထောက်ပြပါတယ်။ အဲဒီထဲမှာ Google Earth တို့၊ အယ်လ်ဂျားဇီးယားတို့လို ခေတ်မီနည်းပညာနဲ့ သတင်းမီဒီယာတွေက လူတွေကို မျက်စိဖွင့်ပေး တာ၊ အဂတိလိုက်စားတဲ့ လူတွေ၊ မတရားလုပ်တဲ့ လူတွေဟာ တရားဥပဒေရှေ့မှောက်မှာ သမ္မတဖြစ်ဖြစ်၊ ၀န် ကြီးချုပ်ဖြစ်ဖြစ် ဘယ်သူမဆို ဥပဒေအတိုင်း စီရင်ခံရမယ်၊ ခံနေရတယ် ဆိုတာကို မီးမောင်းထိုးပြနေတဲ့ ကိစ္စ တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားမိတဲ့ (၃) ချက်က ...
၁။ အိုဘားမားရဲ့ ၂၀၀၉ ခုနှစ် ကိုင်ရိုခရီးစဉ် - အီဂျစ်လူငယ်တွေက အမေရိကန်သမ္မတက ငါတို့လိုပဲ အသား က မည်းမည်း၊ သူ့အဘိုးကလည်း ငါ့အဘိုးလိုပဲ မွတ်စလင်၊ သူ့နာမည်မှာ ဟူစိန်ဆိုတာ ပါတယ်။ ငါ့နာမည်မှာ လည်းပါတယ်။ အသက်ကလည်း ငါတို့နဲ့ မတိမ်းမယိမ်းပဲ။ သူကျတော့ အမေရိကန် သမ္မတဖြစ်နေပြီး ငါတို့ ကျတော့ အလုပ်အကိုင်တောင်မရှိဘူး။
၂။ ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad ရဲ့ ပေါ်လစီသစ် - လွန်ခဲ့တဲ့ (၃) နှစ်က ပါလက်စတိုင်းဝန်ကြီး ချုပ်က “ပြည်သူတွေအပေါ် ကျနော် တာဝန် ဘယ်လောက်ကျေတယ်ဆိုတာကို တိုင်းတာဖို့ဆိုရင် အစိုးရတာ ၀န်တွေကို လက်တွေ့ ကျနော် ဘယ်လိုလုပ်နေသလဲ၊ အမှိုက်တွေကို ဘယ်လိုသိမ်းသလဲ၊ အလုပ်အကိုင်တွေ ဘယ်လောက် ဖန်တီးပေးသလဲဆိုတာနဲ့ တိုင်းတာကြပါ။ အနောက်ကမ္ဘာကို ဘယ်လောက် ဆန့်ကျင်သလဲ ဆိုတာလောက်နဲ့ အကဲမဖြတ်ကြပါနဲ့” လို့ ပြောခဲ့ပါတယ်။
၃။ ၂၀၀၈ ဘေဂျင်းအိုလံပစ် - အရင်တုန်းက တရုတ်ပြည်က အီဂျစ်ကို မော့ကြည့်ခဲ့ရတယ်။ ၂၀၀၈ အိုလံပစ် အခမ်းအနားတွေကို မျက်စိမူးနောက်လောင်အောင် တခမ်းတနား မြင်ရတဲ့အခါမှ ဆင်းရဲတွင်းထဲက အီဂျစ်လူ ငယ်တွေရဲ့ အသိထဲ မေးခွန်းတွေနဲ့ မခံချင်စရာတွေ ရောက်လာပါတယ်။ ဘယ်လိုဖြစ်တာလဲပေါ့၊ သောမတ် ဖရီးမင်းရဲ့အလိုအရ တရုတ်ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ စီးပွားရေးတိုးတက်မှု၊ သင့်တင့်လျှောက်ပတ်တဲ့ အစိုးရကို လဲယူခဲ့ရတယ်။ ဒါပေမယ့် အာရပ်တွေကတော့ လွတ်လပ်မှုကိုလည်း စတေးလိုက်ရတယ်၊ တချိန် တည်းမှာ အာရတ်-အစ္စရေးပဋိပက္ခ၊ အလုပ်လက်မဲ့ဘ၀ ဆိုတာတွေကိုပဲ ပြန်ရလိုက်ရတယ် ... တဲ့။
အခုတော့ နှစ်ပေါင်းများစွာ အကြောက်တရားအောက်က အာရပ်က ပြည်သူတွေ သမိုင်းသစ်ရေးနေကြပါပြီ။ ဒီမိုကရေစီအကြောင်း လေ့လာတဲ့ ပညာရှင်တွေက ဟန်တင်တန်ရဲ့ လှိုင်း (၃) လှိုင်းစလုံး ရှောင်ကွင်းသွားခဲ့ တဲ့ အာရပ်ကမ္ဘာကို ဗဟိုပြုလို့ အခု စတုတ္ထလှိုင်းစနေပြီလားလို့ တွေးဆနေကြပါပြီ။ ဒီလှိုင်းဟာ ဘယ်ကို ဦး တည်လို့ ဘယ်အထိ ခရီးဆက်မလဲ ဆိုတာကိုလည်း စိတ်လှုပ်ရှားနေကြပါတယ်။ အမေရိကန်-အာရပ်ကမ္ဘာ ဆက်ဆံရေးအကြောင်း ကျွမ်းကျင်သူ Stephen R. Grand ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ “အီဂျစ်ကနေ စတုတ္ထလှိုင်း စနေပြီလား” လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ဆောင်းပါးကို အခုလို နိဒါန်းပျိုးလိုက်ပါတယ်။
“အကယ်၍ ၂၀ ရာစုရဲ့ဒုတိယပိုင်းဟာ လူသန်ကြီးတွေရဲ့ ခေတ်ဆိုရင် ၂၁ ရာစုရဲ့ ပထမ (၁၀) နှစ်ကတော့ အစွန်းရောက်သမားတွေရဲ့ နှစ်ပဲ။ အဲ ... ကိုင်ရိုလမ်းပေါ်မှာ အခု ကျနော်တို့ မြင်နေရတာကတော့ ပြည်သူ တွေရဲ့ ခေတ်တခေတ်ပေါ့ဗျာ”
လွန်ခဲ့တဲ့ အနှစ် (၇၀) ကျော်က မြန်မာပြည် နေမ၀င်အင်ပါယာအောက်မှာ ကျရောက်နေတုန်း အသက် (၂၀) ၀န်းကျင် မြန်မာလူငယ်လေးတစုက သူ့တို့ရဲ့ အနာဂတ်အိပ်မက်တခုကို အခုလို ကြွေးကြော်ခဲ့ကြဖူးပါတယ်။
“ ဒို့ ခေတ် ကို ရောက် ရ မည် မှာ မ လွဲ ပါ ”
နေသွင်
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment