အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး ဒို့အရေး
တပ်မတော်တပ်သားဟောင်းတဦး
မကြာသေးမီက အပစ်ရပ်အဖွဲ့တခုရဲ့ခေါင်းဆောင် လုပ်ဖော်ကိုင်ဘက်ဟောင်းတဦးနဲ့ နအဖတပ် အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအရေး ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအပစ်ရပ်အဖွဲ့အစည်း ခေါင်းဆောင် ရဲ့နယ်မြေနဲ့ ဆက်စပ်နယ်မြေတ၀ိုက်မှာ နအဖတိုက်ခိုက်ရေးတပ်ရင်း (၉၀) ကျော်ရှိတယ်။ အဲဒီတပ်ရင်းတွေ က အောက်ခြေ အကြပ် တပ်သားတွေဟာ နေ့စဉ်လိုလိုထွက်ပြေးနေကြတယ်။ တပ်ပြေးမရှိတဲ့ တပ်ရင်း၊ တပ် ပြေးမရှိတဲ့ နေ့ရယ်လို့မရှိဘူး။ နေ့စဉ်လိုလို တပ်ရင်းတခုမဟုတ် တခုက ပြေးနေကြတာဖြစ်တယ်။ နေ့စဉ်ပျှမ်း မျှ တပ်ပြေးအရေအတွက်ဟာ တပ်စိတ်တစိတ်ခန့်ရှိတယ်။
တချို့က လက်နက်ခဲယမ်းပါ ယူပြေးတယ်။ တချို့က လက်နက်မဲ့ ပြေးတယ်။ တကိုယ်တော် ပြေးသူတွေရှိသ လို (၂) ယောက် (၃) ယောက် အစုနဲ့ ပြေးတာမျိုးလည်း ရှိတယ်။ တချို့က နီးစပ်ရာ နယ်စပ်ဒေသတွေကို ပြေးတာရှိသလို မိမိအရပ်ကို ပြန်ပြေးကြတာမျိုးလည်း ရှိတယ်။ လွတ်သူရှိသလို ပြန်ဖမ်းမိသူတွေလည်း ရှိ တယ်။ ပြန်မိရင်တော့မသက်သာဘူး၊ အကြီးအကျယ် နှိပ်စက်ခံကြရတယ်။ လက်နက်မဲ့ပြေးသူ ပြန်မိရင် တပ် မှာ ပြန်အမှုထမ်းရတယ်။ လက်နက်နဲ့ ပြေးသူကိုတော့ အတင်းလိုက်တိုက်တယ်။ ပြန်မိရင်တော့ ပစ်အသတ် ခံရတယ်။
ထိုင်းနယ်စပ်က အပစ်ရပ်အဖွဲ့တခုရဲ့နယ်မြေမှာ စခန်းထိုင်တဲ့ နအဖတပ်ရင်းတချို့ဆိုရင် နေ့ခင်းဘက်မှာ ရဲ ဘော်တွေကို လက်နက်ဖြုတ်ထားတယ်။ ညဘက် ၇ နာရီထိုးမှ လက်နက်ပြန်တပ်တယ်။ မိမိနယ်မြေအတွင်း ခရီးတို ရိက္ခာထုတ်သွားရတဲ့ အခါမျိုးမှာလည်း ရဲဘော်တွေကို လက်နက်ကိုင်ဆောင်ခွင့်မပေးဘူး။ စိတ်ချယုံ ကြည်ရတဲ့ အကြပ်ကြီး၊ အကြပ်ငယ်တွေလောက်သာ လက်နက်ကိုင်ဆောင်ခွင့် ပြုတယ်။ ထွက်ပြေးရင် လက် နက်ပါမသွားအောင် ကြိုတင်ကာကွယ်တဲ့သဘောဖြစ်တယ်။
တပ်ပြေးအများစုဟာ လူပျိုလူလွတ်တွေဖြစ်တယ်။ အိမ်ထောင်သည်ရဲဘော်ကတော့ တပ်တွင်းနေထိုင်မှု ဘ၀ ကို စိတ်ပျက်တဲ့တိုင် ဇနီးသားမယားတွေအတွက် နောက်ဆံတင်းနေတာကြောင့် ကျိတ်မှိတ်ခံနေကြရတယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာ ခွဲလိုက်၊ ရင်းလိုက် တပ်မှထွက်ခွင့်တောင်းမှုတွေ၊ ရဲမွန်နဲ့ မှော်ဘီမှ တပ်ရင်းအချို့လို စုကြေးငွေတွေ ပြန်ထုတ်ပေးဖို့ ရင်းလိုက် လက်မှတ်ထိုး အရေးဆိုမှုတွေ လူသိရှင်ကြားဖြစ်ပွားလာတယ်။
စစ်တပ်တတပ်မှာ အဲဒီလို အစုလိုက် အဝေးလိုက် အရေးဆိုမှုတွေ ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒီလိုအစုအဝေးနဲ့ အရေးဆိုမှုတွေဟာ စစ်တပ်သဘောအရပြောရင် လက်နက်မဲ့ ပုန်ကန်မှုတမျိုးဖြစ်တယ်။ ဒီ လိုအရေးဆိုမှုမျိုးကို စစ်တပ်တတပ်အနေနဲ့ ဘယ်တုန်းကမှ ခွင့်ပြုရိုးထုံးစံမရှိဘူး။ အကြောင်းကတော့ ဒီလိုအ ရေးဆိုမှုမျိုးကို ခွင့်ပြုလိုက်ရင် အစဉ်အလာဖြစ်သွားပြီး အဆင့်ဆင့် အမိန်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်း လိုက်နာရေးဘက်မှာ ချိနဲ့သွားမှာကြောင့်ဖြစ်တယ်။ တပ်အုပ်ချုပ်ကွပ်ကဲရေးမှာ အမိန့်မနာခံမှုနဲ့ စစ်စည်းကမ်း ချိုးဖောက်မှုတွေ ဖြစ်လာတတ်လို့ ဖြစ်တယ်။
ယခင်က တပ်တွင်းမှာ ယူဂျီလှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ခုလို ခွဲလိုက် ရင်းလိုက် စုစုစည်းစည်း အရေးဆိုတာမျိုး တွေမရှိခဲ့ဘူး။ တပ်တွင်း ဒါဘာဆွေးနွေးပွဲတွေမှာသာ တဦးချင်း ထင်မြင်ချက်၊ မကျေနပ်ချက်တွေ တင်ပြတာ မျိုး ရှိခဲ့တယ်။ ဒီလိုတင်ပြရာမှာလည်း တင်ပြသူကို သီးခြားခေါ်ယူတွေ့ဆုံပြီး နောင် ရင်းလိုက်၊ ခွဲလိုက်ဆွေး နွေးပွဲတွေမှာ ဒီလိုဆွေးနွေးပြောဆိုတာမျိုး မလုပ်ဖို့ ခြိမ်းခြောက် အကျပ်ကိုင်တာမျိုးတွေ လုပ်လေ့ရှိတယ်။ တင်ပြဆွေးနွေးတဲ့ ရဲဘော်တွေဟာ တပ်တွင်းစစ်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုကိုလည်း ခံကြရတယ်။
ဒီနေ့ ခွဲလိုက် ရင်းလိုက် အစုအဝေးနဲ့ အရေးဆိုလာတာတွေဟာ တပ်တွင်းမှာ ဒါဘာဆွေးနွေးပွဲမရှိတာ၊ ဒါမှမ ဟုတ် လိုအပ်သလောက် လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေ လုပ်မပေးတာကို ပြတယ်။ ဒါမှမ ဟုတ် သူတို့အတွက် ဘာအကျိုးသက်ရောက်မှုမှမရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုမဲ့ရာက ထွက် ပေါ်လာတဲ့၊ အတိုင်းအတာတခုအထိ အများလက္ခဏာဆောင်တဲ့ အောက်ခြေအကြပ်တပ်သားများရဲ့ အရေး ဆိုနည်း သဏ္ဌာန်သစ်ဖြစ်တယ်။ တချိန်တည်းမှာ နအဖအနေနဲ့ တပ်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်ရေးအတွက် အခက် အခဲတွေရှိလာနေပြီ ဆိုတာကိုပြတဲ့ ရှေးဦးဖော်ပြချက်လည်း ဖြစ်တယ်။
ဒီလို တပ်တွင်းအောက်ခြေ အကြပ်တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုကြောင့် တပ်တွင်း မတည် ငြိမ်မှုတွေဖြစ်လာတဲ့အခါ တပ်ကို အနီးကပ် ကွပ်ကဲရတဲ့ စု ရင်း ခွဲ စတဲ့ အောက်ခြေအရာရှိတွေမှာလည်း အ ခက်အခဲတွေ ကြုံလာရတယ်။ တပ်တွင်း စားဝတ်နေရေးပြဿနာတွေကို ဆိုင်ရာသို့ တင်ပြပေးပေမယ့်လည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်ပေးမှုမျိုးတွေ မရှိဘူး။ အောက်ခြေ အကြပ်တပ်သားတွေရဲ့ စည်းကမ်းချိုး ဖောက်မှု (ဥပမာ … နှစ်လုံး၊ သုံးလုံး လောင်းကစားမှု၊ ခွင့်မဲ့ တပ်ပြင်ထွက်မှု၊ အမိန့်မနာခံမှု၊ မူးယစ်ရမ်းကားမှု) များကို တွေ့တဲ့တိုင် အမိန့်စည်းကမ်းနဲ့ အရေးယူဖို့ ဝန်လေးနေကြတယ်။ မသိယောင်၊ မမြင်ယောင်ဆောင် နေရတာမျိုးတွေ ရှိလာတယ်။
အမိန့်စည်းကမ်းနဲ့ အကျပ်ကိုင်မယ်ဆိုရင်လည်း အန္တရာယ်များတဲ့ တုန့်ပြန်မှုမျိုး ခံရမှာကို စိုးရိမ်လာကြတယ်။ လက်နက်တွေ ကိုယ်စီကိုင်ထားတဲ့ လူအုပ်ကြီးကို ကွပ်ကဲရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ပြောချင်တာက လက်ရှိနအဖတပ်မှာ တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်းဥပဒေဆို တာတွေဟာ သိသိသာသာ ယိုယွင်းလာနေပြီဆိုတဲ့ အချက်ကိုဖြစ်တယ်။
စစ်တပ်တတပ်ကို အဓိက ချုပ်ကိုင်ထားတဲ့ အချက်တွေက ဘာတွေလဲ။ အကျယ်ချဲ့ရင် အများကြီး ပြောစရာ ရှိပေမယ့် အဓိကအားဖြင့် ၃ ချက်ပဲရှိတယ်လို့ ဆိုနိုင်တယ်။ (၁) အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ (၂) စစ်စည်းကမ်းဥပဒေ (၃) စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေး (အထူးသဖြင့် အောက်ခြေအ ရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ) တို့ပဲဖြစ်တယ်။ စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေးဟာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ စတာတွေကို အာမခံနိုင်ဖို့ တိုက်ရိုက်အ ကျိုးသက်ရောက်မှုရှိတယ်။
ဆိုလိုတာက ထမင်းမဝဘဲ၊ စားဝတ်နေရေး ထိုက်သင့်သလို အာမ,မခံဘဲ ဘယ်စစ်ဗိုလ်၊ စစ်သားမှ စစ်မတိုက် ချင်ဘူး၊ အမိန့်မနာခံချင်ဘူး၊ စစ်စည်းကမ်းဥပဒေကို မလိုက်နာချင်ဘူး။ အထူးသဖြင့် နိုင်ငံရေးယုံကြည်ချက် အရမဟုတ်ဘဲ ဝမ်းရေးအတွက် စစ်မှုထမ်းရတဲ့ နအဖတပ်လို အခစားတပ်မျိုးအတွက် ဒီအချက်ဟာ ပိုမှန် တယ်။ သွေးထွက်အောင် မှန်တယ်လို့တောင် ပြောနိုင်တယ်။
၁၉၆၂ ခုနှစ် မတိုင်မီ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်ကဆိုရင် တပ်တွင်းအောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့ စားဝတ်နေရေးဟာ အပျံစားကြီး မဟုတ်ပေမယ့် လက်ရှိ နအဖအစိုးရထက်တော့ သာတယ် ဆိုတာသေချာတယ်။ အဲဒီတုန်းက အောက်ခြေစစ်မှုထမ်းတွေ၊ သူတို့ရဲ့သားမယားတွေ တပ်အပြင် ထွက်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ပန်းရံလုပ် စတဲ့ အလုပ်မျိုးတွေနဲ့ ဝင်ငွေရှာရတာမျိုးတွေ မရှိခဲ့ ဘူး။ တပ်သားတယောက် လစာ (၈၂) ကျပ် (လို့မှတ်မိနေတယ်) သာဖြစ်ပေမယ့် အထိုက်အလျောက် အ သက်ရှုချောင်တယ်။ ဒီနေ့လို ယူနီဖောင်း ဝယ်ဝတ်ရတာမျိုးလည်း မရှိဘူး။ သက်တမ်းအလိုက် စောင်၊ ခြင် ထောင်၊ ယူနီဖောင်း၊ ဖိနပ် စတာတွေကို အချိန်မှန် လဲပေးတာ ရှိတယ်။
ရှမ်းပြည်လို အေးတဲ့ဒေသတွေမှာ တာဝန်ယူရတဲ့ တပ်တွေဆိုရင် Battle Blouse ဆိုတဲ့ အနွေးထည်ဝတ်စုံ၊ အထူးရိက္ခာအဖြစ် Army Rum စတာတွေတောင် ထုတ်ပေးတယ်။ အဲဒီတုန်းက တပ်က ထွက်ရင် ထမင်း ငတ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုမျိုးတွေတောင် အောက်ခြေ အကြပ် တပ်သားတွေအတွင်းမှာ ရှိခဲ့တာ အမှန်ပဲ။ အဲဒီကာလက မိမိဆန္ဒအလျောက် စစ်မှုထမ်းသူက များတယ်။ စစ်မှုထမ်းသက်ပြည့်ရင် ထွက်ခွင့်ရပြီး အတော်များများက ပင်စင်နဲ့ အနားယူတတ်ကြတယ်။ အမှုထမ်းနေစဉ်မှာလည်း အရေးပေါ်ခွင့် (၁၀) ရက်၊ ရက်ရှည်ခွင့် (၁) လ နှစ်စဉ် ခံစားခွင့်ရှိတယ်။
ပါလီမန်ဒီမိုကရေစီခေတ်ကာလ စစ်သည်တွေဟာ အသက် (၁၈) နှစ်ပြည့်ပြီး ပေမီဒေါက်မီတွေ များတယ်။ ဒီ နေ့ကာလလို ပေမမီ ဒေါက်မမီ၊ အသက်မပြည့်တဲ့ ကလေးစစ်သားရယ်လို မတွေ့ဖူးသလောက်ဘဲ။ ဒီနေ့ကာ လလို စစ်ပြေးတွေလည်း မများဘူး။ ဆိုလိုတာက တပ်တွင်းအောက်ခြေ စစ်မှုထမ်းများရဲ့ စားဝတ်နေရေး အာ မခံချက် သင့်မသင့်၊ ကောင်းမကောင်း ဆိုတဲ့အချက်ဟာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ် စည်းကမ်းဥပဒေ ဆိုတာတွေကို တိုက်ရိုက်အထောက်အကူပြုတယ်ဆိုတာပဲဖြစ်တယ်။
ဒီနေ့တော့ “တပ်ကထွက်ရင် ထမင်းငတ်လိမ့်မယ်” ဆိုတဲ့ ၁၉၆၂ မတိုင်မီက အောက်ခြေ အကြပ်တပ်သား များရဲ့ စဉ်းစားတွေးခေါ်မှုနေရာမှာ စစ်သားဘ၀ထက် သာမန်အရပ်သားဘ၀နဲ့ လုပ်ကိုင်စားရတာကမှ အ သက်ရှုချောင်နိုင်သေးတယ်ဆိုတဲ့ အတွေးအခေါ် အစားထိုးလာတယ်၊ လွှမ်းမိုးလာတယ်။ ဒါကြောင့်လည်း တပ်ပြေးတွေ တနေ့တခြား များပြားလာတာ၊ ခွဲလိုက် ရင်းလိုက် စုပေါင်းပြီး ထွက်စာတင်တာ၊ စားဝတ်နေရေး မပြည့်စုံလို့ ခွဲလိုက်ရင်းလိုက် စုငွေတွေ ပြန်ထုတ်ပေးဖို့ အရေးဆိုလာကြတာဖြစ်တယ်။
ဒါတွေက ဘာကိုဖော်ပြနေသလဲဆိုရင် စစ်အာဏာရှင်စနစ်ဒဏ်ကို ပြည်သူတွေသာမက တပ်မတော်သားတွေ ပါ ကော့နေအောင် ခံနေရတယ်ဆိုတဲ့ အချက်ကိုပဲဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ပြည်သူတွေ မပူးပေါင်း နိုင်ရင် တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်နိုင်ဘူးဆိုတာ အလွယ်နဲ့ သိနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒါပေမယ့် ဘယ်နိုင်ငံရေးအင်အားစုကမှ တပ်မတော်ကို ပြည်သူတွေနဲ့ လက်တွဲလာနိုင်အောင် မ စည်းရုံးကြသေးဘူး။ ဒါကြောင့်ပဲ တပ်တွင်းလှုပ်ရှားမှုတွေဟာ တဦးချင်း လွတ်မြောက်ရေး၊ ကျဲကွဲတဲ့ အလို လျောက်လှုပ်ရှားမှုအဆင့်မှာပဲ ရပ်တန့်သလို ဖြစ်နေရတယ်။
လက်ရှိအခြေအနေအရ စစ်သားတယောက်အဖို့ နအဖ အမိန့်ပေးဌာနအောက်က လွတ်မြောက်ရေးဆိုတာ အ တော်ခက်ခဲတယ်။ ၁၉၉၀ ခုနှစ် မတိုင်မီကဆိုရင် တပ်က ထွက်ပြေးဖို့ဆိုတာ ဒီလောက်မခက်ဘူး။ တိုင်းပြည် အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိတယ်။ လက်နက်ယူပြီး လူကို သတ်ပစ်မယ့် အဖွဲ့အ စည်းမျိုး မဟုတ်လို့ ယူဆရရင် အဲဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ခိုလှုံလို့ရတယ်။ တပ်တွင်းယူဂျီနဲ့ ချိတ်နေရင် တော့ ယူဂျီကတဆင့် စိတ်ချလက်ချ သွားနိုင်တယ်။
ဒီနေ့ကာလမှာတော့ တပြည်လုံးလိုလို အပစ်ရပ်အဖွဲ့တွေချည်း ဖြစ်နေတယ်။ အပစ်ရပ်အဖွဲ့တွေကလည်း နအ ဖအစိုးရကို မကြိုက်ပေမယ့် သူတို့အခြေအနေအရ တပ်ပြေးတွေကို လက်ခံဖို့ကျတော့ ဝန်လေးနေကြတယ်။ နယ်စပ်က လက်နက်ကိုင်တိုက်ဆဲ လူမျိုးစုအဖွဲ့အစည်းတွေထံ ခိုလှုံဖို့ကျတော့လည်း သူတို့ရဲ့ အသက်အာမခံ ချက်နဲ့ ပတ်သက်ပြီး သို့လော သို့လော သံသယတွေ ရှိနေကြဆဲဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကို ပြေးပြန် တော့လည်း အဲဒီနိုင်ငံတွေက တပ်ပြေးမှန်းသိတာနဲ့ ဖမ်းပြီး နအဖလက် ပြန်အပ်ကြတယ်။ ဒီလို အဘက်ဘက် အခြေအနေတွေက နအဖနဲ့ လမ်းခွဲချင်တဲ့ အရာရှိ အရာခံ၊ အကြပ် တပ်သားတွေအဖို့ ထွက်ပေါက်ပိတ်သလို ဖြစ်နေတယ်။ အဲဒီလို ထွက်ပေါက်ပိတ်နေလို့ပဲ စစ်အုပ်စုက တပ်ကိုလိုသလို ကိုင်တွယ်အသုံးချနိုင်ဖို့ အခွင့်အ လမ်းတရပ် ရနေတာလို့ ဆိုနိုင်တယ်။
အချုပ်အားဖြင့်ဆိုရင် လက်ရှိစစ်အုပ်စုရဲ့တပ်တွင်းမှာ အောက်ခြေ အရာရှိ အရာခံ၊ အကြပ် တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုက တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု၊ အမိန့်နာခံမှုစနစ်နဲ့ စစ်စည်းကမ်းဥပဒေ လိုက်နာရေးဆိုတာတွေကို တိုက်စားပစ်နေပြီ။ လက်ရှိ နအဖစစ်အစိုးရ (နောက်တက်မဲ့ ရုပ်သေးအစိုးရ အပါအဝင်) ဟာ တပ်အောက်ခြေထုရဲ့ စားဝတ်နေရေး၊ အာမခံချက်ရှိရေး၊ တပ်တွင်းအထက် အောက်ရပိုင်ခွင့် ကွာဟမှု တတ်နိုင်သမျှ ကျဉ်းအောင်ထိန်းညှိရေးဆိုတဲ့ တပ်ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင် စွမ်းမရှိဘူး။ တကယ်က တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ သာ လုပ်ကိုင်နိုင်တာမျိုးဖြစ်တယ်။
ကာကွယ်ရေးဦးစီးချုပ်ကို ထင်ရာစိုင်းခွင့်မပေးဘဲ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းကွပ်မှုအောက်မှာ ထားနိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာဖြစ်တယ်။ လိုအပ်လာရင် ကာကွယ်ရေး ဦးစီးချုပ်ကို အရေးယူအပြစ်ပေးတာ၊ ထုတ်ပယ်တာ၊ အမြင့်ဆုံး သေဒဏ်ပေးတာမျိုးတွေ လုပ်နိုင်တဲ့ အခြေအ နေမျိုးမှာသာ လုပ်နိုင်တာလို့ ယူဆတယ်။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီလုပ်ဟန်တမျိုးဖြစ်ပြီး ဒီနေ့လို ကာကွယ်ရေးဦးစီးချုပ်က ထင်ရာစိုင်းခွင့်ရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမ မြင်ဘူး။ တပ်ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တာနဲ့အမျှ နအဖတပ်တွင်း အမိန့်ပေး/အမိန့်နာခံစနစ်နဲ့ စစ်စည်း ကမ်းဥပဒေဆိုတာဟာလည်း အနှေးနဲ့အမြန် ဦးနင်းပဲ့ထောင် ဖြစ်လာဖို့များတယ်။ စစ်အုပ်စုတွင်း ဂိုဏ်းတိုက်ပွဲ တွေကလည်း ဒီအခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေမှာ သေချာတယ်။
ဒါကြောင့် နအဖတပ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ အောက်ခြေ အကြပ် တပ်သားများရဲ့ “စီးပွားရေးတိုက်ပွဲ” သဏ္ဌာန်လှုပ်ရှားမှုတွေကို “နိုင်ငံရေးတိုက်ပွဲ” သဏ္ဌာန်ဆောင်လာအောင် တပ်ရင်း တပ်ဖွဲ့တွေရဲ့ သီးခြားလှုပ် ရှားမှု လက္ခဏာကို တပ်မတော်တရပ်လုံး လက္ခဏာဆောင်လာအောင်၊ တပ်မတော်ရဲ့သီးခြားလှုပ်ရှားမှုကို လူထုလှုပ်ရှားမှုကြီးအဖြစ် ပြောင်းလဲပစ်နိုင်အောင် တိုင်းချစ်ပြည်ချစ် အင်အားစုမှန်သမျှက ကြိုးပမ်းဖို့ အချိန် တန်ပြီလို့ ယူဆမိရပါတယ်။ ။
တပ်မတော်တပ်သားဟောင်းတဦး
4 comments:
တော်တော်ကောင်းတဲ့ ဆောင်းပါးလေးပါ တပ်မိသားစုအတွင်း ဖြစ်ပျက်နေတာလေးတွေ က တစ်ကယ့် အမှန်တရား တွေချည်းပါပဲ
I think we should have an organization to support Army deserters. All soldiers are our people as well. While top leaders and their associates are ultra rich in our country our soldiers are getting poorer. They have no opportunities, can die in the battle. They have no future for their families too. But Army top leaders have unlimited opportunities such as over 1000 times soldier income, gifts from business people, cars, body guards, and so on. I can't understand why soldiers don't revolutionized. They have nothing to lose. Their lives have no hope. They have no dignity under this regime. They have no future. Instead of no future and dignity they should start revolution.
They will be heroes, all people will be proud of them, their future generation will get opportunities like other soldiers in other countries. Let's organize revolution in the Army and save our country. People in our country and globe will cheer you all.
ဟုတ်တယ်ဗျာ..၊ ဖတ်ရတာအရမ်းအရသာရှိတာပဲ တပိုဒ်ကို၂ကြိမ်လောက်ပြန်ပြန်ဖတ်သွားမိတယ်။
ကိုယ်ကိုယ်တိုင်လဲ ခောတ်တွေကိုဖြတ်သန်းခဲ့ဖူးတော့ ဖျီးဖြန်းရေးထားတာ တခုမှမပါတာတွေ့ရတယ်။
ကောင်းလိုက်တဲ့ ဆောင်းပါး။ ဆရာရေ ဒါမျိုးလေးတွေများများ တင်ပေးစေချင်ပါတယ်။ တကယ်တော့ စစ်သားတွေဟာ တော်တော်လေးကို ရိုးသားကြပါတယ်။ (အာဏာရှင် စစ်ခေါင်းဆောင်တစ်စုမပါ)
ဆောင်းပါးကိုကြည့်ပါ ဘာမှ အပို အလို တစ်ခုမရှိဘူး။ ရိုးသားဖြူစင်မှု အပြည့်တွေ့ရတယ်။ ဆောင်းပါးရှင် ကို တကယ်လေးစားပါတယ်၊ အခက်အခဲတွေရှိနေရင်လည်းကူညီချင်ပါတယ်။ အပေါ်က စိုးပြောသလို တပ်မတော်သား ဘက်ပြောင်းတွေကို ကူညီဖို့ အဖွဲ့အစည်း ရှိရင် သိပ်ကောင်းမှာပဲ။ ဆရာလွဏ်းရေ ဖြစ်နိုင်မယ်ဆို စလုပ်လိုက်ပါလား၊ လူထု တိုက်ပွဲဘာညာ (စော်ကားတာမဟုတ်ဘူးနော်)လုပ်ပြီး ဘာမှ မဖြစ်မြောက်လာတာထက်စာရင် ဒီဟာ ပိုမျှော်လင့်ချက်ရှိမယ်ထင်တယ်။
Post a Comment