Sunday, February 27, 2011

အပ်ချုပ်ကြီး (သရော်စာ)

အပ်ချုပ်ကြီး
စိမ်းစို

အပ်ချုပ်ကြီးကား ချာရာဏသီပြည်၏ပြည့်ရှင် ဘုရင်မင်းမြတ် ဖြစ်၏။ အပ်ချုပ်ကြီး ချာရာဏသီပြည်၏ ရေမြေ့ သခင် ဖြစ်လာသည်မှာ နှစ် (၂၀) မျှ ရှိလေပြီ။ ဤနှစ် (၂၀) အတွင်း အပ်ချုပ်ကြီးကား ချာရာဏသီ၏ တိုင်း ရေးပြည်ရေး၊ စီးပွားရေး၊ လူမှုရေး၊ မည်သည့်အရေးအရာကိုမျှ စိတ်မဝင်စား။ အပ်ချုပ်ကြီး စိတ်ဝင်စားသော အရာမှာ တခုမျှသာ ရှိ၏။ ယင်းမှာ ဘဝေဘဝ အဆက်ဆက်မှ ပါခဲ့သည်ဟု ဆိုကောင်းဆိုရနိုင်သော ဝါသနာ ဖြစ်သည့် အပ်ချုပ်ခြင်းသာ ဖြစ်သတည်း။

ဝါသနာကို ဘုရားမှသာ စွန့်ပယ်နိုင်သည်ဟု အဆိုရှိ၏။ ဝါသနာ ဘာဂီ ဆက်တိုင်းမီ ဟူသော စကားလည်းရှိ ၏။ မြတ်စွာဘုရား၏ လက်ယာရံ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးပင် ဝါသနာကို မစွန့်နိုင်။ ရှေးရှေးအထက် ကျော်ကာရီက မျောက်ဘဝတွင် ကျင်လည်ခဲ့ရသောကြောင့် ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးသည် ခုန်ပျံ ကျော်လွှားရသည်ကို ဝါသနာထုံသည်ဟု ဖတ်ဖူး မှတ်ဖူး၏။ ထို့ကြောင့် အပ်ချုပ်ကြီးလည်း ဝါသနာထုံလှစွာ သော အပ်ချုပ်ခြင်းကို အဘယ်မှာလျှင် စွန့်ပယ်နိုင်ပါအံ့နည်း။

အပ်ချုပ်ကြီး ဘုရင်ဖြစ်ကာစက ချာရာဏသီပြည်သူပြည်သားတို့သည် မိမိတို့ ဝတ်စားဆင်ယင်သည့် အဝတ် အထည်များကို အပ်ချုပ်ဆိုင်တွင် အပ်၍ ချုပ်လုပ်ဝတ်ဆင်ခြင်းအား ပြုလုပ်လေ့ရှိကြ၏။ အပ်ချုပ်ဆိုင်တို့ အ လုပ်နှင့် လက် ပြတ်လေ့ပြတ်ထမရှိသော ခေတ်အခါသမယ ဖြစ်ပါသည်။

အပ်ချုပ်ကြီးကား ဘုရင်ဖြစ်လျှင်ဖြစ်ချင်းတွင်ပင် တိုင်းပြည်၏အခြေအနေအရပ်ရပ်အား လေ့လာ၏။ မှတ်သား ၏။ ထို့နောက် ဘုရင်အနေနှင့် ပထမဆုံး အမိန့်ကို တိုင်းပြည်အနှံ့ မောင်းကြေးနင်းခတ်၍ ထုတ်ပြန်စေသည်။ စီးပွားရေးရာအတွက် မဟုတ်၊ နိုင်ငံရေးရာနှင့်လည်း မဆိုင်၊ သူ အထူးတလည် ဝါသနာထုံလှစွာသော အပ် ချုပ်ခြင်းနှင့် ပတ်သက်သော အမိန့်တော်မြတ်သာ ဖြစ်သတည်း။

အမိန့်တော်၏ အလိုအရ ချာရာဏသီပြည်တွင် အပ်ချုပ်ခြင်းလုပ်ငန်းကို အပ်ချုပ်ကြီးမှ လွဲ၍ အခြား မည်သူတ ဦးတယောက်မျှ လုပ်ကိုင်ခြင်းမရှိစေရ။ အပ်ချုပ်သင်တန်းကျောင်းများအား အပ်ချုပ်ကြီးမှလွဲ၍ အခြား မည်သူ မျှ ဖွင့်လှစ်သင်ကြားပေးခြင်း မရှိစေရ။ အမိန့်ကို ဖောက်ဖျက်သူအား ကြီးလေးသော ပြစ်ဒဏ်ချမှတ်မည်။ အ မိန့်တော်မဟာ၏ အလိုအရ ထိုသို့ဖြစ်သည်။

ထိုအချိန်မှစ၍ ချာရာဏသီပြည်တွင် အပ်ချုပ်ဆိုင်များ ပျောက်ကွယ်သွားကြလေပြီ။ မင်းအာဏာကို အဘယ် သူသည် လွန်ဆန်နိုင်အံ့နည်း။ ချာရာဏသီပြည် ပြင်ပသို့ ထွက်၍ အပ်ချုပ်ခြင်းကို ဆက်လက်လုပ်ကိုင်သော အပ်ချုပ်သမားများမှအပ ချာရာဏသီပြည်သားများထဲတွင် အပ်ချုပ်ခြင်းဖြင့် အသက်မွေးနိုင်သူမရှိတော့။ အပ် ချုပ်သမားများအတွက် မနေအပ်သော အရပ်အဖြစ် ချာရာဏသီပြည်၏ သတင်းသည် အပြည်ပြည်ထောင်၏ အလယ်တွင် ဟိုးဟိုးကျော်ခဲ့ချေပြီ။

ချာရာဏသီပြည် ပြင်ပသို့ မထွက်နိုင်သော အပ်ချုပ်သမားအချို့ကား အပ်ချုပ်ကြီး၏ ဘုရင့်အမိန့်ကို မလွန် ဆန်နိုင်သော်လည်း မိမိတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်သော အပ်ချုပ်ခြင်းကို မစွန့်နိုင်။ တိုးတိုးတိတ်တိတ် ချုပ်လုပ်ကြပြန်၏။ ထိုသို့ချုပ်လုပ်ခြင်းကို အပ်ချုပ်ကြီး ကြားသိသော် မီးထဲသို့ ထည့်သော မုန်ညင်းစေ့ကဲ့သို့ ဒေါသပြင်းစွာ ထွက်လေပြီ။ မကြာမီပင် ချာရာဏသီပြည်၏ အကျဉ်းထောင်များတွင် အပ်ချုပ်သမားများနှင့် ပြည့်နှက်သွားတော့၏။

ချာရာဏသီ ပြည်သူပြည်သားများအဖို့ကား ရွေးချယ်စရာ မရှိချေပြီ။ မိမိတို့ ဝတ်ဆင်ရမည့် အထည်များကို အပ်ချုပ်ကြီးထံတွင်ပင် အပ်နှံကြရတော့၏။ ဤနေရာတွင် အပ်ချုပ်ကြီး၏ အပ်ချုပ်ပညာ စွမ်းရည်ကို အနည်း ငယ် ဖော်ပြရပေမည်။ အပ်ချုပ်ကြီးကား အပ်ချုပ်ခြင်းတွင် ဝါသနာထုံလှသော်လည်း အပ်ချုပ်ပညာတွင်ကား အလွန်ညံ့ဖျင်း၏။ အပ်ချုပ်ကြီး ချုပ်သမျှ အထည်တို့သည် မကြာမြင့်မီ အချိန်တွင်ပင် စုတ်ပြဲ ပျက်စီးကြရ၏။ ထိုသို့ အပ်ချုပ်ပညာ နုံချာလှစွာသော အပ်ချုပ်ကြီး ဖြစ်၏။

ထို့ကြောင့် ချာရာဏသီ ပြည်သူပြည်သားများသည် မိမိတို့ဖာသာ မိမိတို့ အဝတ်အထည်များကို မိမိတို့အိမ် တွင်ပင် ချုပ်လုပ်ဝတ်ဆင်ကြပြန်သည်။

အပ်ချုပ်ကြီးကား ချာရာဏသီပြည်၏ အခြေအနေကို ထာဝစဉ် အကဲခတ်နေ၏။ ထိုသို့ အကဲခတ်နေသော ကြောင့် မိမိထံတွင် အပ်လာချုပ်သူများ တစတစ နည်းလာသည်ကို သတိပြုမိ၏။ အပ်ချုပ်ကြီး မခံမရပ် နိုင် ပြီ။ အကြောင်းရင်းကို ရှာဖွေ၏။ ထိုအခါမှ ချာရာဏသီပြည်သူပြည်သားများ မိမိတို့ဘာသာ အထည်များကို ချုပ် လုပ်ဝတ်ဆင်နေကြကြောင်း အပ်ချုပ်ကြီး ကြားသိရ၏။

မဖြစ်ပြီ။ အပ်မချုပ်ရ မနေနိုင်သော အပ်ချုပ်ကြီးကား ဖုတ်ပူမီးတိုက်ပင် အမိန့်တရပ်ကို ချက်ချင်း ထုတ်ပြန် လေသည်။ အမိန့်အသစ်၏ အလိုအရ ချာရာဏသီပြည်တွင် အပ်ချုပ်ကြီးမှအပ မည်သူမျှ အပ်ကို ကိုင်တွယ် အသုံးပြုခြင်း၊ မိမိတို့ အိမ်တွင် ထားရှိခြင်း မပြုလုပ်ရ။ မိမိတို့ အိမ်ရှိ အပ်များကို အပ်ချုပ်ကြီးထံသို့ ခုနစ်ရက် အတွင်း အပ်နှံကြရမည်။ ထိုအမိန့်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် (၁၅) နှစ် ချမှတ်မည်ဟူ၍ ဖြစ်သည်။ အ မိန့်ကား ပြင်းထန်လှ၏။ အမိန့်၏ တရားဝင် အမည်မှာ “အပ်ဥပဒေ” ဟူ၍ ဖြစ်သတည်း။

ဥပဒေထုတ်ပြန်ပြီး မကြာခင်တွင်ပင် ချာရာဏသီပြည်၏ ဥပဒေသမိုင်းတွင် မကြုံဖူးသော အဖြစ်အပျက်များ ပေါ်ပေါက်လာ၏။ ယခင်က ချာရာဏသီပြည်တွင် လူသတ်မှုသည် အကြီးလေးဆုံး ရာဇဝတ်မှုဖြစ်၍ ထောင် ဒဏ် နှစ် (၂၀) ကျခံရ၏။ ယခုကား “အပ်ချုပ်ခြင်း” သည် အကြီးလေးဆုံး ရာဇဝတ်မှုဖြစ်လာလေပြီ။ တလော က အပ်ချုပ်ကြီး၏ “အပ်ဥပဒေ” ကို မခံမရပ်နိုင်လွန်း၍ ဆန့်ကျင်ကာ အပ်ချုပ်မိကြသော ချာရာဏသီ ပြည် သားတစုအား အပ်ဥပဒေကို ဖောက်ဖျက်ခြင်း၊ တရားမဝင်အပ်များ ပိုင်ဆိုင်ခြင်းတို့ဖြင့် စွဲချက်တင်ကာ ထောင် ဒဏ် (၆၅) နှစ်စီ အသီးသီး ကျခံစေရန် ချာရာဏသီတရားရုံးက အမိန့်ချမှတ်လိုက်၏။ ချာရာဏသီ ပြည်သူ ပြည်သားများကား ယခင်က နာမည်ကျော် အပ်ချုပ်ဆရာ ဇာဂနာ၏ “အ လေးလုံး” ပြက်လုံးကို အချင်းချင်း ပြောဆိုနေကြ၏။ ဇာဂနာကား ချာရာဏသီ ပြည် အကျဉ်းထောင်အတွင်း ရောက်နေလေပြီ။ ဇာဂနာ၏ ပြက် လုံးကား “အပ်ချုပ်တာကို ဝါသနာပါလို့ အပ်ချုပ်ပညာကို လေ့လာလိုက်တာ အပ်ဥပဒေနဲ့ အင်းစိန်ထောင်ကို ရောက်သွားတယ်” ဟူသတည်း။

ထိုအချိန်မှစ၍ အပ်ချုပ်ကြီးကား အလုပ်နှင့်လက် မပြတ်တော့ပြီ။ ချာရာဏသီပြည်သူပြည်သားများ အဝတ်ဗ လာနှင့်နေရန် မဖြစ်နိုင်သမျှ ကာလပတ်လုံး အပ်ချုပ်ကြီးထံတွင်သာ အဝတ်အထည်များကို ချုပ်လုပ်ကြရ တော့မည် ဖြစ်၏။ အပ်ချုပ်ကြီး ချုပ်လုပ်သော အဝတ်အထည်များ အရည်အသွေး မည်မျှ ညံ့ဖျင်းပါစေ ဝတ် ဆင်ကြရတော့မည် ဖြစ်၏။ အပ်ချုပ်ကြီးကား နေ့ညမပြတ် မိမိထံတွင် လာရောက်အပ်နှံထားကြသော ချာရာ ဏသီ ပြည်သူပြည်သားများ၏ အဝတ်အထည်များကို ချုပ်လုပ်ခြင်းဖြင့်သာ အချိန်ကို ကုန်ဆုံး နေလေတော့ ၏။ ဘယ်သူတွေ ဘာဖြစ်နေကြသည်ဖြစ်စေ အပ်ချုပ်ကြီးအတွက် ကိစ္စမရှိ၊ အပ်ချုပ်နေရသည်ဆိုလျှင် ကိစ္စ ပြီးနေတော့၏။ သြော် ... အပ်ချုပ်ကြီး ... အပ်ချုပ်ကြီး ... အာဂအပ်ချုပ်ကြီးပင် ဖြစ်ပေတော့သည်တကား။ ။

စိမ်းစို

No comments: