Monday, February 14, 2011

အီဂျစ်နဲ့ မြန်မာနိုင်ငံ

ထွန်းအောင်ကျော်
(မူဘာရက် သမ္မတရာထူးမှ နှုတ်မထွက်မီ ပေးပို့ခဲ့သော ဆောင်းပါးဖြစ်သည်)

အီဂျစ်အာဏာရှင် မူဘာရက်ကို အီဂျစ်ပြည်သူတွေက မလိုလားတော့ကြောင်း လမ်းမများပေါ်တွင် ထွက်ပြီး အတိအလင်း ဆန္ဒပြနေခဲ့သည်မှာ (၇) ရက်ခန့် ရှိခဲ့ပါပြီ။ ပထမတော့ နိုင်ငံကို နှစ်ပေါင်း (၃၀) ကြာ အုပ်ချုပ် နေခဲ့သည့် သမ္မတ မူဘာရက်သည် ယခင်က ခန့်အပ်ခြင်း မပြုဖူးသည့် ဒု-သမ္မတနေရာကို ဖန်တီးပြီး အိုမာဆူ လီမန်ကို ခန့်အပ်ခဲ့သည်။ ထို့နောက် တိုင်းပြည်ကို ပြုပြင်ပြောင်းလဲသွားမည်ဟု ပြောကြားကာ ပြည်သူတွေ ကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ပြည်သူတွေက မလျော့ဘဲ “မူဘာရက် ထွက်ပေး” ဆိုသည့် အသံ နှင့် ဆက်လက်ဆန္ဒပြခဲ့ကြပါသည်။ ကိုင်ရိုမြို့ကနေ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် အလက်ဇန္ဒရားမြို့အထိ လူထု ဆန္ဒပြပွဲကြီး ပြန်နှံ့လာခဲ့ပြီး လူတွေ သန်းနဲ့ချီကာ ဆန္ဒပြပွဲကို ပေါင်းစည်းလာခဲ့ကြသည်။

ဤနေရာတွင် အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကလည်း အရေးတကြီး ပါဝင်လာခဲ့ပါသည်။ အီဂျစ်နိုင်ငံသည် အမေရိကန်တို့ဘက်က ရပ်တည်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတွေ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အမေရိကန်၏ ကြိုးပမ်းမှုကို ထောက်ခံအားပေးသည့် နိုင်ငံဖြစ်သည့်အပြင် အစ္စလာမ် အစွန်းရောက်တွေ မထ ကြွနိုင်အောင် အင်တိုက်အားတိုက် နှိမ်နင်းနေသည့် နိုင်ငံလည်း ဖြစ်ပါသည်။ အီဂျစ်သမ္မတ မူဘာရက်သည် အာဏာရှင်ဘဝနှင့် တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နေခဲ့သော်လည်း အရှေ့လယ်ပိုင်းဒေသတွင် အမေရိကန် အ လိုကျ လိုက်လုပ်ပေးနေသည့်သူ ဖြစ်သည့်အတွက် အမေရိကန်တွေက သူတို့ပြောနေကျ လူ့အခွင့်အရေး၊ ဒီမို ကရေစီရေးတွေကို ရှေ့တန်းမတင်ဘဲ မူဘာရက်၏ လုပ်ရပ်တွေကို မျက်စိမှိတ်ထောက်ခံနေခဲ့တာ ဖြစ်ပါ သည်။ တကယ်တော့ မူဘာရက်သည် အမေရိကန် အကျိုးစီးပွားအတွက် အလွန်အရေးကြီးသည့် မဟာမိတ် တဦးပဲ ဖြစ်ပါသည်။

အရှေ့အလယ်ပိုင်းက ရေနံတွေ တင်ပို့မှု လွယ်ကူချောမွေ့ရေး၊ မူဆလင် အကြမ်းဖက် အဖွဲ့အစည်းတွေ ခေါင်း ထောင်မလာနိုင်အောင် နှိမ်နင်းရေးနှင့် အစ္စရေးနိုင်ငံကို အာရပ်နိုင်ငံများက ကမ္ဘာပေါ်က ပျောက်သွားအောင် မလုပ်နိုင်ရေးတို့သည် အမေရိကန်နိုင်ငံ၏ အဓိက ရည်မှန်းချက်များ ဖြစ်ပါသည်။ ထိုရည်မှန်းချက်များ အောင် မြင်ရေးအတွက် အီဂျစ်နိုင်ငံတွင် အမေရိကန် လိုလားသည့် အစိုးရတရပ် တည်ရှိနေရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပါသည်။

ယနေ့ အီဂျစ်နိုင်ငံတွင် ဖြစ်ပေါ်လာသော လူထုအုံကြွမှုကြီးသည် မူဘာရက် ပြုတ်ကျသွားရေးဖြစ်ပြီး ၎င်းပြည် သူတို့ မလိုလားသည့် မူဘာရက်သည် အမေရိကန်၏ မဟာမိတ်ဖြစ်နေပြန်သည့်အတွက် မူဘာရက် ပြုတ်ကျ သွားလျှင် နောင်တက်လာသော အစိုးရသည် အမေရိကန်ဆန့်ကျင်ရေး ခေါင်းဆောင်မဖြစ်ဖို့ အထူးအရေးကြီး သဖြင့် အမေရိကန်အစိုးရသည် အီဂျစ်နိုင်ငံ၏ အခြေအနေကို စိုးရိမ်တကြီး အနီးကပ် လေ့လာလျက်ရှိပေ သည်။

ထိုအခြေအနေများကြောင့် အမေရိကန်သမ္မတ အိုဘားမားသည် တိုင်းပြည်ရုပ်သံလွှင့် အစီအစဉ်မှနေ၍ အမေ ရိကန်ပြည်သူများနှင့် အထူးသဖြင့် မူဘာရက်နှင့် အီဂျစ်ပြည်သူများ သိစေရန် ထုတ်ဖော်ပြောဆိုမှုများကို လုပ် ဆောင်လာခဲ့ပေသည်။

အိုဘားမားက မူဘာရက်သည် မျိုးချစ်တယောက်ဖြစ်သည်။ အီဂျစ်ပြည်အကျိုးကို လိုလားသူလည်းဖြစ်သည်။ မူဘာရက်အနေဖြင့် သူ့အစိုးရအဖွဲ့အစည်းတွင်းမှ လုပ်ဖော်ကိုင်ဖက်များ၏ သဘောထားကို နားထောင်ရန် လို သလို အီဂျစ်ပြည်သူတို့၏ အသံကိုလည်း နားထောင်ဖို့၊ အလေးအနက်ထားဖို့ လိုကြောင်း ပြောကြားခဲ့ပြီး အီ ဂျစ်နိုင်ငံ၏ လက်ရှိအခြေအနေကို အမြန်ဆုံး ပြောင်းလဲပစ်ဖို့ လိုကြောင်း၊ ပြုပြင်ပြောင်းလဲရာ၌ အပေါ်ယံ ပြောင်းလဲမှုထက် အမှန်တကယ် ပြောင်းလဲမှုမျိုးလုပ်မှသာ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမည်ဖြစ် ကြောင်း၊ အစိုးရအပြောင်းအလဲ ပြုလုပ်ရာတွင် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုဖြစ်ရန်နှင့် ငြိမ်းချမ်းစွာ ပြောင်း လဲမှုတို့ ရှိရမည်ဟု ထုတ်ဖော်ပြောကြားလာခဲ့သည်။ ထို့ပြင် အီဂျစ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ပြင်ပမည် သည့် နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်မှု မပြုဖို့လိုကြောင်း၊ အီဂျစ်ပြည်သူများကသာ သူတို့လိုလားသည့် အစိုးရ ကို ရွေးချယ်သွားရမည်သာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မူဘာရက်သည် အာဏာရှင်တယောက်ဖြစ်သည်။ သူ၏ အဓိက မဟာမိတ်ဖြစ်သည့် အမေရိကန်နိုင်ငံက သူ့ အား ပြုပြင်ပြောင်းလဲဖို့ အမြန်ဆုံးလုပ်ရန်လိုကြောင်း တရားဝင် ကမ္ဘာသိ ထုတ်ဖော်ပြောကြားလာမှုကြောင့် မူ ဘာရက်အနေဖြင့် ဆင်းပေးရန်မှတပါး အခြားမရှိပြီဟုမြင်သည်။ အလားတူ အဖြစ်အပျက်မျိုး ဖိလစ်ပိုင်နိုင်ငံ တွင်လည်း ဖြစ်ခဲ့ဖူးသည်။ ဖိလစ်ပိုင်အာဏာရှင် မားကို့စ်ကို ပြည်သူများ ဆန္ဒပြသည့်အပေါ် ဗိုလ်ချုပ်ကြီး ရာ မို့စ်နှင့် ဗိုလ်ချုပ်ကြီး အင်ရိုင်းတို့က ပြည်သူတို့နှင့် ပေါင်းစည်းလိုက်သဖြင့် စစ်တပ်သည် ပြည်သူဘက်သို့ ပါ လာခဲ့သည်။ အဓိက မဟာမိတ် အမေရိကန်ကလည်း သမ္မတမားကို့စ်ကို အာဏာစွန့်လိုက်တော့ဟု ပြောလာ ခဲ့သည့်အခါ မားကို့စ် ဖိလစ်ပိုင်မှ ထွက်ပြေးခဲ့ရပေသည်။

ယခုလည်း မူဘာရက်ကို အမေရိကန် သမ္မတက ပြောနေပြီဖြစ်သည်။ ဆင်းပေးလိုက်တော့၊ အစွန်းရောက် ဝါ ဒီတွေ အီဂျစ်မှာ ခေါင်းထောင်မလာခင် အသာတကြည် ဆင်းပေးလျှင် ထိန်းလို့ရနိုင်သေးသည်ဟူသည့် သ ဘောပြောနေပြီဖြစ်သည်။ မူဘာရက်ကလည်း ရွေးကောက်ပွဲကို လာမည့် သူ့သက်တမ်းကုန်သည့် အောက်တို လတွင် ကျင်းပပေးမည်၊ သူလည်း ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ပြောလာခဲ့သည်။ သို့ရာတွင် ပြည် သူက မလျှော့၊ မူဘာရက် ထွက်ဟုသာ တောင်းဆိုနေသဖြင့် မူဘာရက် ထွက်ရတော့မည်ဟု မှန်းဆသည်။ ယနေ့အချိန်ထိ အီဂျစ်စစ်တပ်သည် ပြည်သူကို မပစ်သေးပေ။ သို့သော် မူဘာရက်ကိုလည်း ဆက်လက်သစ္စာ ခံနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ ဗိုလ်သန်းရွှေ၏ အဓိက မဟာမိတ်သည် တရုတ်ကြီးဖြစ်သည်။ တရုတ်ကြီးသည် တပါတီစ နစ်ကို ကျင့်သုံး၍ မိမိတိုင်းပြည်ကို အုပ်ချုပ်နေခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိသွားလျှင် တရုတ် ကြီးအတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုလာနိုင်သည်။ တရုတ်ပြည်သူများ မြန်မာပြည်သူတို့ကဲ့သို့ ဒီမိုက ရေစီရေး၊ လူအခွင့်အရေးတို့ကို ပိုမိုအာရုံစိုက်ပြီး တောင်းဆိုလာနိုင်သည်။ ၁၉၈၈ ခုနှစ်က မြန်မာကျောင်းသား များ ဦးဆောင်ခဲ့သော ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးသည် တရုတ်ပြည်တွင်းရှိ တက္ကသိုလ်ကျောင်းသားများ၊ လူ လတ်တန်းစားများကို အားကျစေခဲ့သည့် သာဓကရှိသည်။ ထိုကြောင့် ၁၉၈၉ ခုနှစ် တီယင်မင် ရင်ပြင်တွင် တ ရုတ်ကျောင်းသားများ ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့သောအခါ တရုတ်ကျောင်းသားခေါင်းဆောင်တချို့က ၎င်းတို့ မြန်မာကျောင်းသားများလှုပ်ရှားမှုကို များစွာအားကျခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
 
ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲမှုသည် တရုတ်နိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက်မှု ရှိ နိုင်သည်ဟု တရုတ်ခေါင်းဆောင်များက တွက်ဆခဲ့ကြသည်။ အကယ်၍ မြန်မာပြည်တွင် ရှစ်လေးလုံးကဲ့သို့ သော အရေးတော်ပုံကြီးတခု ထပ်၍ ပေါ်ပေါက်ခဲ့လျှင် ဗိုလ်သန်းရွှေ၏ အဓိက မဟာမိတ်တရုတ်ကြီးက အမေ ရိကန်သမ္မတ အိုဘားမားကဲ့သို့ ပြည်သူ့အလိုကျ အာဏာကို စွန့်ပစ်ဖို့၊ အကြမ်းမဖက်ဘဲ ညင်သာသော အ ပြောင်းအလဲကို ငြိမ်းချမ်းစွာ ပြုလုပ်ရန် ပြောဆိုတိုက်တွန်းလိမ့်မည်မဟုတ်ဘဲ မင်းတို့နိုင်ငံ အတွင်းရေးဖြစ် သည်၊ မင်းတို့ ကြိုက်သလိုလုပ်၊ ငါတို့ မင်းတို့ဘက်မှာ ရှိသည်ဟုသာ ပြောဆိုလိမ့်မည်ဟု မှတ်ယူရပေသည်။

အချုပ်အားဖြင့် အင်အားကြီးနိုင်ငံများ၏ ထောက်ခံမှုကို ယူထားသည့် အာဏာရှင်နိုင်ငံများသည် မိမိကို ထောက်ခံနေသော နိုင်ငံကြီး၏ နိုင်ငံရေးစနစ်အပေါ် မူတည်ပြီး ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲနိုင်သလို၊ မ ပြောင်းလဲဘဲလည်းနေနိုင်သည်။ မိမိကို ထောက်ခံသော အင်အားကြီးနိုင်ငံ၏ ထောက်ခံမှုမရှိတော့လျှင် ပြုတ် ကျရန် လွယ်ကူပြီး ဆက်လက်ထောက်ခံမှု ရရှိနေလျှင် ခိုင်မြဲနေတတ်သည်။ မြန်မာနိုင်ငံ အပြောင်းအလဲသည် သွေးမြေကျပြီးမှသာ ပြောင်းလဲမည့် သဘောတွင် ရှိသည်မှာ ဝမ်းနည်းစရာပင်ဖြစ်သည်။

ထွန်းအောင်ကျော်

2 comments:

mg said...

ကွန်မန့်တွေ ဖျက်ပစ်တာလည်း စိတ်ပျက်စရာ။

Unknown said...

အဲတာဆိုလည်း လာမရေးနဲ့ပေါ့ကွာ။ မင်း လာရေးတာတွေကလည်း တခုမှ အပေါက်မတည့်ပါဘူး။