Tuesday, January 25, 2011

ဒေါက်တာလွဏ်းဆွေ (သို့) ဆရာဝန် မလုပ်တဲ့ ဘလော့ဂါ (ဒုတိယပိုင်း)

ရဲနွယ်မိုး (မောက္ခပညာရေးမဂ္ဂဇင်း)
မေး ။     ။ ဆရာ့ ဆေးကျောင်းသားဘ၀ အတွေ့အကြုံမှာ အမှတ်ရ စရာတွေ ရှိမှာပေါ့။ ကျောင်းသားဘ၀ လှုပ်ရှားမှုတွေ၊ အတန်းဖော် တွေနဲ့ ဆေးကျောင်းသားအချင်းချင်းကြားက ဆက်ဆံရေး၊ ဆရာ တွေနဲ့ကျောင်းသားတွေရဲ့ ဆက်ဆံရေးလေးတွေ ပြောပေးစေချင် တယ်။ နောက် ရန်ကုန်ဆေးတက္ကသိုလ်ရဲ့ ပညာသင်ကြားမှုအပေါ် ဆရာ့ထင်မြင်ချက်၊ ဆရာဆရာမတွေရဲ့ အရည်အသွေး။ ဒီနေ့ နိုင်ငံ ရေးလုပ်နေသူတဦးအမြင်နဲ့ ကြည့်ရင် သူတို့ဟာ လွတ်လွတ်လပ်လပ် တွေးခေါ်မှုရှိတဲ့ ဆရာတွေ ဖြစ်ရဲ့လား။ ပညာရပ်ကျွမ်းကျင်မှုပိုင်း ရော။ ဆေးကျောင်းသားတွေရဲ့ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုကို လည်း နည်းနည်းပြောပြစေချင်တယ်။

ဖြေ ။     ။ ၁၉၈၅ နိုဝင်ဘာမှာ ကျနော် ဆေးကျောင်း စတက်ရတယ်။ ကျနော့်ရဲ့ ဆေးကျောင်းသားဘ၀မှာ တော့ ဆေးပညာသင်ကြားမှုအပိုင်းထက် ပုဂ္ဂလိကနေထိုင်လှုပ်ရှားမှုအပိုင်းမှာ အမှတ်ရစရာတွေ ပိုများတယ်။ ဆေးပညာ လေ့လာဆည်းပူးမှုနဲ့ ပတ်သက်လို့ ပြောရရင် ဆေးကျောင်းမှာက အတန်းစဉ် Final Exam ဖြေလို့ ကျရင် ကျတဲ့ ဘာသာရပ်ကိုပဲ ပြန်ဖြေရတဲ့ supplementary exam ဆိုတာရှိတယ်။ ဆေးကျောင်းအခေါ် ‘ဆပ်ပလီ ထိတယ်’ ခေါ်တာပေါ့။ ဆပ်ပလီကို ပြန်ဖြေလို့ အောင်ရင် ကိုယ့်အတန်းနဲ့ အမှီ ပြန်လိုက်တက်ပေါ့။ ထပ်ကျရင်တော့ အောက်အတန်းကို ဆင်းပေါ့။

အစကတည်းက သုံးဘာသာရှိတာ သုံးဘာသာစလုံး ကျရင်တော့ ဆပ်ပလီ ပြန်ဖြေခွင့်မရှိဘဲ တစ်ခါတည်း အောက်အတန်းကို ဆင်းရတယ်။ ဒါပေမယ့် အရေးအခင်းမတိုင်မီ မဆလခေတ်က သင်ရတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကိုတော့ အကုန်လုံးနီးပါး အအောင်ပေးလို့ ဘာသာစုံကျတဲ့သူ နည်းတာပေါ့။ ကျနော်ကတော့ ထူး ချွန်အောင်လည်း မကြိုးစား၊ ဆပ်ပလီထိတဲ့ အနေအထားအထိလည်း မရောက်ခဲ့ဘဲ အတန်းစဉ် စာမေးပွဲ အောင်ရုံလောက်ပဲ ပုံမှန်ဖြတ်သန်းခဲ့တယ်လို့ ပြောရပါမယ်။

ကျနော်တို့အတန်းသားတွေက ခေတ်နှစ်ခုခွပြီး ဆေးကျောင်းတက်ခဲ့ရတယ်။ မဆလခေတ်နှောင်းပိုင်းနဲ့ န၀ တ/နအဖ ခေတ်ပေါ့။ ကျနော်တို့ ဒုတိယနှစ် အမ်ဘီဘီအက်စ်သင်တန်း ဖိုင်နယ်စာမေးပွဲဖြေဖို့ လပိုင်းအလို မှာပဲ ဖုန်းမော်အရေးအခင်းကစလို့ အရေးအခင်းတွေ ဆက်တိုက်ဖြစ်ပွားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးအ ထိ ကြီးထွားသွားခဲ့တယ်။ ကျောင်းတွေ အတော်ကြာကြာ ပိတ်သွားခဲ့တယ်။ န၀တစစ်အုပ်စု အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျနော်တို့ ဆေးတက္ကသိုလ်တွေ အရင်ဆုံး ပြန်ဖွင့်တယ်။ ပြန်ဖွင့်တော့ အရင် မင်္ဂလာဒုံ အဆောင်မှာနေရာက မြောက်ဥက္ကလာ အဆောင်သစ်ကို ပြောင်းနေရတယ်။ စာသင်တော့လည်း မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာ နှစ်နေရာခွ သင်ရတယ်။

ဆေးကျောင်းတလျှောက် သင်ကြားမှုအပိုင်းမှာတော့ ဆရာတွေရဲ့ ကျွမ်းကျင်မှုနဲ့ ပို့ချမှုက လိုအပ်ချက် မရှိသ လောက် ပြည့်စုံပါတယ်။ ဒါပေမယ့် စာမေးပွဲစစ်ဆေးမှုအပိုင်းမှာတော့ ၈၈ အရေးအခင်းပြီးနောက်ပိုင်း အများ ကြီး လျှော့ပေါ့ပေးလာတယ်လို့ ထင်မိတယ်။ နိုင်ငံရေးအရ ကျောင်းသားတွေ ဆူဆူပူပူမလုပ်ရင်ပြီးရော၊ ကျေ နပ်အောင် အလိုလိုက် အကြိုက်ဆောင်တဲ့သဘောပေါ့။ စစ်အစိုးရက လျှော့လျှော့ပေါ့ပေါ့ စစ်ဆေးဖို့ တမင် ညွှန်ကြားထားတဲ့ အတွက်ကြောင့်လို့ ကျနော် ယူဆတယ်။

ဥပမာတခုပြောရရင် အရေးအခင်းမဖြစ်ခင်က ကျနော်တို့အထက်က အတန်းဆို ဒုတိယနှစ်မှာ ဖြေရတဲ့ ခန္ဓာ ဗေဒနဲ့ ဇီဝကမ္မဗေဒ ဘာသာရပ်နှစ်ခုမှာ တဘာသာချင်း ဆပ်ပလီထိတဲ့သူရော နှစ်ဘာသာစလုံး ဆပ်ပလီထိ တဲ့သူရော ပေါင်းရင် ၁၀၀ မှာ ၆၀ ကျော်လောက်က ဆပ်ပလီထိကြတယ်။ နှစ်ဘာသာလုံး တခါထဲ အောင်တဲ့ သူက နည်းတယ်ပေါ့။ စာကများတော့ တော်ရုံတန်ရုံ အားထုတ်မှုနဲ့ တခါတည်း အောင်ဖို့ မလွယ်ဘူးပေါ့။ နိုင် ငံရေးသိပ္ပံဘာသာရပ် ကယ်လို့သာ တခါတည်း အောက်အတန်းကို မဆင်းရတာပေါ့။

အရေးအခင်းအပြီးနောက်ပိုင်း ကျောင်းပြန်ဖွင့်လို့ ကျနော်တို့ ဒုတိယနှစ် အမ်ဘီဘီအက်စ်အတန်းကို စာမေးပွဲ စစ်တဲ့ အခါမှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်လည်း မရှိတော့ဘူးဆိုတော့ နှစ်ဘာသာပဲ စာမေးပွဲဖြေရတယ်။ ကျောင်းသား ၁၅၀ ရှိတဲ့အထဲမှာ နှစ်ဘာသာစလုံး ဆပ်ပလီထိတဲ့သူ နှစ်ယောက်ကလွဲလို့ ကျန်တဲ့သူအားလုံး တခါတည်း အောင်ကြတယ်ဆိုတော့ အဲဒီ result ကို ကြည့်ရင် လျှော့ပေါ့ပေးမပေး မှန်းကြည့်လို့ရတယ်လေ။

ဒီလိုပြောလို့ ကျနော်နဲ့ အတန်းတူ သူငယ်ချင်းတွေ အရည်အသွေးမပြည့်ဘဲ အောင်ခဲ့ကြတာလို့ ဆိုလိုတာ မ ဟုတ်ပါဘူး။ တကယ်လေ့လာပြီး တကယ်ထူးချွန်တဲ့သူတွေက ကျနော်တို့အတန်းထဲမှာ အများစုပါ။ ကျနော် ဆိုလိုတာက လျှော့ပေါ့စစ်ဆေးပြီး ဆွမ်းကြီးလောင်းမှုတွေကြောင့် အရည်အချင်းမပြည့်မီဘဲ ဆရာဝန်ဖြစ် ကုန်ကြတဲ့သူတချို့လည်း အရေးအခင်းအပြီး နောက်ပိုင်းမှာ ရှိနိုင်တယ်ဆိုတာကို ထောက်ပြတာပါ။

နောက်တခုက ကျနော်တို့ခေတ်မှာ တချို့ကျောင်းသားကျောင်းသူတွေ ကျောင်းက ဆရာတွေဆီမှာပဲ ကျူရှင် ပြန်တက်ကြတာရှိတယ်။ ကျူရှင်တက်တဲ့သူ အများစုက စစ်အုပ်စုထဲက လူကြီးသားသမီးတွေနဲ့ ငွေကြေး တတ်နိုင်သူ တချို့ပေါ့။ သင်ကြားရေးလိုင်းက ဆရာတချို့လည်း ခေတ်အခြေအနေအရ ကျပ်တည်းလာပြီး ဆေးခန်းထိုင်လို့ရတဲ့ ၀င်ငွေနဲ့လည်း မလောက်ငတဲ့အခါကျတော့ တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေရ အောင် ကျူရှင်ပြကြရတဲ့ သဘောဖြစ်မယ်ထင်တယ်။ အဲဒီကတဆင့် မေးခွန်းပေါက်ကြားမှုတွေဖြစ်ပြီး တစ်ပွဲ တိုးစနစ်နဲ့ ဘွဲ့လက်မှတ်ရရုံလောက်ပဲ အားထုတ်သူတွေ ရှိလာတာကိုလည်း တွေ့လာရတယ်။

ဒါပေမယ့် အဲဒီလို ကျောင်းသားကတော့ အနည်းစုလို့ ပြောလို့ရပါတယ်။ ဒီဘက်နောက်ပိုင်း အဲသလို ဘွဲ့လက် မှတ်ရရုံ အားထုတ်တဲ့ ကျောင်းသားအရေအတွက် ပိုများလာမလားတော့ မပြောတတ်ဘူး။ ပိုများလာတယ်ဆို ရင်တော့ ဆေးလောက အတွက်ကော တိုင်းပြည်အတွက်ကော ၀မ်းနည်းကြေကွဲစရာပဲပေါ့။

ကျနော်အနေနဲ့ ဆေးပညာဘက်မှာ ဘာဖြစ်လို့ မထူးချွန်ခဲ့သလဲဆိုရင် ကျနော့်မှာ ဆေးပညာသင်ယူနေချိန်နဲ့ တပြိုင်နက်ထဲ အခြားစိတ်ဝင်စားတဲ့အရာတွေ ဟိုစပ်စပ် ဒီစပ်စပ် အားပြိုင်နေခဲ့လို့ဖြစ်မယ်။ ဥပမာပေါ့ ဆေးပ ညာထက် ပြင်ပစာပေ အထူးသဖြင့် နိုင်ငံရေးနဲ့ နွှယ်တဲ့ စာအုပ်စာတန်းတွေကို လေ့လာဖတ်ရှုဖြစ်နေတာတို့၊ စစ်အုပ်စုကို ဆန့်ကျင်စိတ် ထက်သန်တဲ့ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ဆွေးနွေး အမြင်ချင်းဖလှယ်ဖြစ်နေတာတို့၊ ဆေးကျောင်းသားတို့ တပ်အပ်တဲ့ တချပ်မှောက်ဖဲကစားနည်းကို စွဲစွဲလမ်းလမ်း ခုံမင်နေခဲ့တာတို့၊ ဂီတဘက် ကို တစိတ်တပိုင်း ၀ါသနာထုံတာတို့၊ စိတ်တူကိုယ်တူ ၀ါသနာတူ ပေါင်းမိတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် တွေနဲ့ အသောက်အစား၊ အပျော်အပါးဘက်ကို ခုံမင်နေတာတို့ပေါ့။

အသောက်အစား အပျော်အပါးကို ခုံမင်ပေမယ့် တခုတော့ ကျနော် ကံကောင်းခဲ့တယ်။ ကျနော်က ဆေးလိပ် မသောက်တတ်ဘူး။ မသောက်တတ်တဲ့အတွက် ဆေးခြောက်နဲ့ ဘိန်းဖြူ ရှူတဲ့လိုင်းကို မရောက်ခဲ့ဘူး။ ကျ နော်တို့ အဆောင်နေကာလမှာ ဆေးကျောင်းသားတွေ နိုင်ငံရေးဘက် ခြေဦးမလှည့်စေဖို့ စစ်အုပ်စု ထောင် ထားတဲ့ အကြီးမားဆုံး ထောင်ချောက်ကြီးကတော့ ဆေးခြောက်နဲ့ ဘိန်းဖြူပဲ။ ဖဲနဲ့ အရက်လည်း ပါတော့ပါ တာပေါ့။ ဒါပေမယ့် ဆေးခြောက်နဲ့ ဘိန်းဖြူကြောင့် ဘ၀ပျက်တာက ပိုဆိုးတယ်။ ရောင်းဝယ်ဖောက်ကားသူ တွေ အဆောင်ထဲအထိ လက်ရဲဇက်ရဲ သယ်ယူပို့ဆောင်နေတာကို သက်ဆိုင်ရာက မသိကျိုးကျွံ ခွင့်ပြုထားခဲ့ လို့ အသုံးအစွဲလွန်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အညွန့်တုံးခဲ့တဲ့ ကျောင်းသားတချို့ကို မျက်မြင်ကိုယ်တွေ့ ကျနော် တွေ့ခဲ့ရတယ်။ တကယ့်ကို ၀မ်းနည်းကြေကွဲစရာတွေပါပဲ။

အတန်းဖော်အချင်းချင်း ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ ဆေးကျောင်းရောက်လာတဲ့သူ အများစု က ကိုယ့်မြို့မှာ အမှတ်အများဆုံး၊ ကျောင်းစာနဲ့ ပတ်သက်ပြီး အတော်ဆုံးလို့ အများက သတ်မှတ်သူတွေ ဖြစ်လေတော့ ဆေးကျောင်းရောက်ကာစ တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးသေးခင်မှာ ဘယ်သူ့ကိုမှ ဗိုလ်မထားဆိုတဲ့ စိတ်လေးတွေ၊ မာန်လေးတွေတော့ ကိုယ်စီရှိကြတာပေါ့။ တစ်ယောက်အကြောင်း တစ် ယောက်သိသွားကြတော့လည်း ခင်မင်ကုန်ကြတာပါပဲ။ ကျောင်းတက်ရတဲ့ နှစ်ကာလကလည်း အကြာကြီး ဆိုတော့ တချို့ဆို ညီအစ်ကိုအရင်းထက်ကို ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေ ဖြစ်ကုန်တာပေါ့။ ထူးထူးခြား ခြား ဆုံတွေခဲ့ရတဲ့ သူငယ်ချင်းတချို့အကြောင်းကိုတော့ အဆင်သင့်ရင် စာရေးဖို့ ကျနော် စိတ်ကူးထားတယ်။

နောက်ပြီး လူစုလူဝေးနဲ့ ပျော်ရရွှင်ရတာကို ၀ါသနာထုံတဲ့ ကျနော်က အတန်းသားအချင်းအချင်း တစ်ယောက် နဲ့တစ်ယောက် ပိုရင်းနှီး ပိုခင်မင်မှုဖြစ်စေမယ့် ပျော်ပွဲရွှင်ပွဲတွေကို ဦးဆောင်ပြီး လုပ်ဖြစ်ခဲ့တယ်။ ဆေးကျောင်း မှာ လုပ်လေ့လုပ်ထမရှိတဲ့ ကိုယ့်အတန်းသားတွေချည်းစုပြီး တိုက်ကြီး ဂျိုးဖြူကန်ကို ပျော်ပွဲစားထွက်ဖြစ်ခဲ့ တယ်။ ကျောင်းရဲ့ ရန်ပုံငွေဈေးရောင်းပွဲမှာ ကျနော်တို့အတန်း အချိုရည်ရောင်းခွင့် မဲပေါက်တာကို ကျနော်က ပျော်စရာကောင်းအောင်လို့ဆိုပြီး ဘီအီးအရက်နဲ့ အချိုရည်တွေ၊ ပန်းသီးတွေ၊ လိမ္မော်သီးတွေရောပြီး cocktail ဖျော်ရောင်းတယ်။ ၀ယ်သောက်တဲ့ ကျောင်းသားတွေ မူးမူးနဲ့ အော်ဟစ်ကခုန်တာကို ပါမောက္ခချုပ် သိသွားပြီး အဆူခံထိတဲ့အထိ ပျော်ဖြစ်ခဲ့တယ်။

နောက်ဆုံးနှစ် အပိုင်း (ခ) ပြီးခါနီးမှာ ‘နောက်ဆုံးအိပ်မက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အတန်းသားအချင်းချင်း နှုတ် ဆက်ပွဲကိုလည်း တီးဝိုင်းပစ္စည်းတွေ ငှားရမ်းပြီး အကြီးအကျယ် လုပ်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်တီးဆိုကြ၊ လက် ဆောင်လဲကြ၊ ဂိမ်းဆော့ကြ၊ အမှတ်တရစကားတွေ အပြန်အလှန်ရေးကြ၊ စကားရည်လုကြနဲ့ တစ်နေကုန်နီး ပါး ပျော်ခဲ့ကြတယ်။ အဲဒီပွဲတွေ ဖြစ်မြောက်ဖို့ အဆောင်နေ သူငယ်ချင်းတွေကို တစ်ခန်းဝင် တစ်ခန်းထွက် စိတ်ရှည်ရှည်ထား စည်းရုံးခဲ့ရတယ်။ ဘယ်လိုနည်းနဲ့မှ လှည့်ပတ်စည်းရုံးလို့မရတဲ့၊ ကျောင်းစာကလွဲရင် ဘာ ကိုမှ စိတ်မ၀င်စားတဲ့ အတန်းဖော်သူငယ်ချင်း လေးငါးခြောက် ယောက်ကလွဲရင် အားလုံးနီးပါး ပါဝင်ဆင်နွှဲခဲ့ ကြတယ်။ ပြန်တွေးဖြစ်တိုင်း ကျနော့်စိတ်ထဲ ကြည်နူးမိတဲ့ အမှတ်ရစရာတွေပေါ့။

နိုင်ငံရေးနဲ့ ပတ်သက်လို့ အမှတ်ရစရာကို ပြောရရင် ၈၈ ဖုန်းမော်အရေးအခင်း ဖြစ်ချိန်မှာ အာရ်အိုင်တီ ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေနတ်ထိမှန်ပြီး ကွယ်လွန်ကုန်ပြီ ဆိုတဲ့သတင်းကို ကိုမင်းလွင် (အ ခု စာရေးဆရာ နရီမင်း) က ကျနော်တို့ ထိုင်နေတဲ့ အဆောင်ရှေ့က ကန်တင်းကို သယ်လာတယ်။ အဲဒီသ တင်းလည်း ကြားရော နေ့လည်စာ စားနေတဲ့ ကျနော်တို့ 2nd M.B ကလူတွေ ဒေါသထွက်ကုန်ကြတယ်။ ဒေါ သထွက်ထွက်နဲ့ပဲ နေ့လည်ပိုင်းမှာ လက်တွေ့ခွဲစိတ်ရမယ့် ခန္ဓာဗေဒခွဲစိတ်ခန်းကို ပြန်လာခဲ့ကြတယ်။ ဒါပေ မယ့် ကျနော်တို့တတွေ လူသေအလောင်း ခွဲစိတ်ရမယ့်အထဲ စိတ်မရောက်ကြတော့ဘဲ ခွဲစိတ်ခန်းနဲ့ ကပ်ရက် Recreation Centre ဘက်ထွက်ပြီး စုရုံးစုရုံးနဲ့ တိုင်ပင်ကြတယ်။ ကျဆုံးသွားတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အ တွက် ဆုတောင်းပွဲလုပ်ကြမယ်ပေါ့။

အဲဒီအကြောင်း လက်တွေ့ခွဲစိတ်နေကြတဲ့ သူငယ်ချင်းတွေကို လက်တို့လိုက်တော့ သူတို့လည်း ထွက်လာကြ ပြီး Recreation Centre ထဲမှာပဲ ဆုတောင်းပွဲ လုပ်ဖြစ်သွားတယ်။ အားလုံး ဂျူတီကုတ်အဖြူတွေ ကိုယ်စီ ၀တ်ထားတဲ့ အဲဒီဆုတောင်းပွဲမှာ “မတ်လ (၁၃) ရက်နေ့က ကျဆုံးသွားခဲ့တဲ့ အာရ်အိုင်တီကျောင်းသား ကို ဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အား အလေးပြု” ဆိုတာကို ကျနော်က အော်ပေးရတယ်။ ကျနော်လည်း သတ္တိရှိလှလို့ တော့မဟုတ်ဘူး။ ဒေါသထွက်နေတာရယ်၊ သူငယ်ချင်းတွေရဲ့တွန်းပို့မှုကြောင့်ရယ် အော်ဖြစ်သွားတာ။ အော် တာတောင် ရှေ့ကို ထွက်မအော်ရဲလို့ လူအုပ်ကြားထဲကပဲ အော်ပေးလိုက်တာ။

သုံးကြိမ်အော်ပြီးလို့ ဆုတောင်းပွဲလည်းပြီးရော Recreation Centre ခန်းမအပြင်ဘက်မှာ ပါမောက္ခချုပ်၊ အ ဆောင်မှူးနဲ့ မော်ကွန်းထိန်းတို့အုပ်စု စောင့်ကြည့်နေကြတာကို တွေ့ရတယ်။ ကျနော်တို့က လက်တွေ့ခွဲစိတ်မှု ဆက်မလုပ်တော့ဘဲ ဆန္ဒပြတဲ့အနေနဲ့ ကျောင်းဝင်းထဲကနေ အဆောင်ဘက်ကို စီတန်းလမ်းလျှောက်ကြဖို့ ယောက်ျားလေးတွေချည်းပဲ သုံးယောက်တတွဲ တန်းစီကြတယ်။ ကျနော်က ရှေ့ဆုံးက သုံးယောက်မှာ ဘယ် ဘက်အစွန်ကနေ လျှောက်တယ်။

လျှောက်နေတုန်းမှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ လက်တွေ့ပိုင်း သင်ကြားနေတဲ့ အတန်းကြီးက အစ်ကိုတွေ ဘယ် ကဘယ်လို သတင်းကြားသွားတယ်မသိ၊ အပြေးအလွှား ရောက်လာကြပြီး စီးတန်းလမ်းလျှောက်တဲ့အထဲ ၀င် ရောက်ပူးပေါင်းတယ်။ အဆောင်မှူး ဒေါက်တာ ဦးဦးကျော်က နောက်ဆုံးကနေ လိုက်လာတယ်။ အဲဒီနေ့က ကျနော်တို့ ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်ပေါ့။ ညဘက် အဆောင်မှာ ဆုတောင်းပွဲ ထပ်လုပ်ဖို့ စုရုံးကြ ပေမယ့် အဆောင်းမှူးက နေ့ခင်းက ဆုတောင်းပွဲနဲ့ပဲ ကျေနပ်ကြဖို့ မေတ္တာရပ်ခံလို့ အထမမြောက်ခဲ့ပါဘူး။

နောက်ရက်လည်းကျရော ကျနော်တို့ အဆောင်မှာနေပြီး ကျောင်းမတက်ဘဲ သပိတ်ဆက်မှောက်နေချိန်မှာ လူတစ်ယောက် ကျနော့်နာမည်ကို အော်ခေါ်တယ်။ ဘာကိစ္စလဲမေးတော့ ခန္ဓာဗေဒဌာနမှူး ပါမောက္ခ ဒေါက် တာဦးကိုလေးက ကျနော့်ကို တွေ့ချင်လို့ ခေါ်ခိုင်းတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း မုဒုံသား သူငယ် ချင်းတစ်ယောက်ကို အဖော်ခေါ်ပြီး ပါမောက္ခဆီ ချက်ချင်းသွားတွေ့တယ်။ အဲဒီတော့မှ ဒေါက်တာဦးကိုလေး က ပါမောက္ခချုပ် ဦးမျိုးသွယ်ရဲ့အမိန့်နဲ့ ခေါ်တွေ့တယ်ဆိုတာ သိရတယ်။ ဆရာဦးကိုလေး ပြောပြမှ သိရတာ က ဟိုတနေ့က ဆုတောင်းပွဲနဲ့ စီတန်းလမ်းလျှောက်ရာမှာ ဦးဆောင်တဲ့သူတွေကို ထောက်လှမ်းရေးက ဓာတ် ပုံနဲ့တကွ လာတောင်းနေတယ်တဲ့။ အဲဒါ ပါမောက္ခချုပ် ဦးမျိုးသွယ်က သူ့တပည့်တွေ သူ ကြည့်ဆုံးမမယ်၊ မင်း တို့ပြန်တော့လို့ ပြောလွှတ်လိုက်လို့ ပြန်သွားကြတယ်တဲ့။

ပါမောက္ခချုပ် ဦးမျိုးသွယ်က အဲဒီတုန်းက မဆလပါတီဥက္ကဌ ဦးနေ၀င်း (အာဏာရှင် ဗိုလ်နေ၀င်း) ရဲ့ သား မက်ဆိုတော့ ထောက်လှမ်းရေးတွေလည်း ရှိန်ပြီး ပြန်သွားကြပုံပေါ်တယ်။ ဆရာဦးကိုလေးက ကျနော့်ကို အ ထုပ်သိမ်းပြီး နယ်ကို မြန်မြန်ပြန်ဖို့ ခေါ်ပြောတာလို့ ဆက်ပြောတာနဲ့ ကျနော်လည်း တောင်ငူကို အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံးစီးခဲ့ရတော့တယ်။ ပါမောက္ခချုပ် ဦးမျိုးသွယ်လည်း မကယ်၊ ထောင်ဇာတာလည်းပါတယ် ဆိုရင်တော့ ကျနော်လည်း အဲဒီကတည်းက အင်းစိန်ထောင်ကို စောစောစီးစီး မြန်းခဲ့ရမယ်နဲ့တူတယ်။ ကံသီ ပေလို့ပေါ့။

အဲဒီနောက် ဇွန်မှာ ကျောင်းတွေပြန်ဖွင့်တော့ ကျနော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတချို့ ဆက်လှုပ်ရှားဖြစ် တယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဟောပြောပွဲတွေ အရှိန်မြင့်နေတယ်ကြားလို့ ပတ်ဘလစ်ကာ နှစ်စီးငှားပြီး ကျနော်တို့ သွားအားပေးကြတယ်။ အတန်းထဲက အမျိုးသမီးသူငယ်ချင်းတချို့တောင် လိုက်လာကြတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ လူတွေက ဖွေးဖွေးလှုပ် တိုးကြိတ်နေကြတယ်။ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ တ ရားဟောနေကြတာကို တွေ့ရတယ်။ ကျနော်တို့ ဆေးတက္ကသိုလ် (၂) အဖွဲ့ နဖူးစီးစာတန်းကိုင်ပြီး ၀င်သွား တော့ အားလုံးလက်ခုပ်သြဘာပေးကြတာ ဆူညံသွားတယ်။ အပြန်မှာ လမ်းတွေ ပိတ်နေလို့ အင်းစိန်ဘက်က နေ လှည့်ပြီး အဆောင်ကို ခဲရာခဲဆစ် ပြန်ခဲ့ရတယ်။ ညလည်းကျရော ကျောင်းတွေ ပိတ်လိုက်တဲ့အကြောင်း ရေဒီယိုက ကြေညာတယ်။

နောက်နေ့မနက် အိမ်က လာခေါ်မယ်ဆိုလို့ ကျနော် ပစ္စည်းတွေ သိမ်းနေချိန်မှာ ကျနော့်အခန်းတံခါးကို အ တန်းကြီးက အစ်ကိုတစ်ယောက် လာခေါက်တယ်။ သူ့ကိုယ်သူ ဇော်ထွန်းလို့ မိတ်ဆက်တယ်။ အဲဒီမတိုင်ခင် အဆောင်မှာ ဆုတောင်းပွဲထပ်လုပ်ဖို့ ကြိုးစားတဲ့ညက သူ့ကို မျက်မှန်းတန်းမိဖူးတယ်။ သူက ကျနော်နဲ့ စိတ် ချင်းနီးစပ်မယ့် သူ့အစ်ကို ဒေါက်တာဇော်မင်းနဲ့ မိတ်ဆက်ပေးချင်လို့ အချိန်ရရင် လိုက်ခဲ့ပေးဖို့ ပြောတယ်။ ကျနော်က အိမ်က လာခေါ်မယ်လို့ ဖုန်းဆက်ထားလို့ ကျောင်းပြန်ဖွင့်မှပဲ လိုက်တွေ့တော့မယ် အစ်ကိုလို့ သူ့ ကို ပြောပြတာနဲ့ သူပြန်သွားတယ်။

အဲဒီနောက်ပိုင်း ၈၈ အရေးအခင်းကြီး ဖြစ်ခဲ့တယ်။ ကျနော်လည်း တောင်ငူက ဆန္ဒပြပွဲတွေထဲမှာပဲ တတ်နိုင် သလောက် ၀င်ပါဖြစ်ခဲ့တယ်။ န၀တစစ်အုပ်စုက အာဏာသိမ်းပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်အထိ မိဘတွေရဲ့ မျက်စိအောက် တောင်ငူမှာပဲ သောင်တင်နေခဲ့တော့တယ်။ ကိုမင်းလွင်နဲ့ ကိုဇော်ထွန်းကတော့ ၈၈ အာဏာ သိမ်းအပြီးမှာ တောခိုသွားပြီး ကိုဇော်ထွန်းက တောထဲမှာ ကွယ်လွန်သွားခဲ့တယ်လို့ နောက်ပိုင်းမှာ သိရတယ်။ ကိုမင်းလွင်ကတော့ ပြည်တွင်း ပြန်ဝင်လာပြီး အခုတော့ စာရေးဆရာ နရီမင်းအဖြစ် အောင်မြင်နေတယ်။

(ဆက်လက်ဖတ်ရှုပါရန် …)
(မောက္ခပညာရေးမဂ္ဂဇင်းဝက်ဘ်ဆိုက်မှ ...)

1 comment:

yoo said...

ကိုယ်ကိုတိုင်က စာညံခဲ့တော့
ကိုယ့်ဆရာသမားရဲ့  ပထမပိုင်းကစာတော်ခဲ့တာတွေဖတ်၊ အားကျပြီး
အမှတ်တရလို့ တောင် ဂုဏ်ပြုလိုက်ပါသေးတယ်။
ဟော..ဒုတိယပိုင်းလဲကျရော
" ဇ "တွေ ထုတ်ပြပါပကောလား။

"ကျနော်အနေနဲ့ ဆေးပညာဘက်မှာ ဘာဖြစ်လို့ မထူးချွန်ခဲ့သလဲဆိုရင်..." တဲ့၊
"အသောက်အစား အပျော်အပါးကိုလည်း ခုံမင်ပေမယ့်"..တဲ့၊

ABOUT ME မှာလဲ..
၁၉၉၅-၉၆ တွင် မြောက် ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး ၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်း ဆောင်..လို့
ဆိုလို့ ပါလား။

အမလေး..လေး...
အဲဒီကာလ ကျန်းမာရေးချုချာပြီး၊မျက်စိလည်
လမ်းမှားခါ အဲဒီကိုရောက်သွားခဲ့ရင်တော့၊
ဆရာဝန်ကြီးတွေအလစ်မှာ ကိုယ့်ဆရာသမား လက်တည့်စမ်းတာနဲ့ တွေ့ ပြီး
တခါတည်း ဂိန် သွားမှာ။ ကံ ဖယ်ခဲ့တာပဲ။

၈၈ ဒို့ အရေး၊ဒို့ အရေး မှာ
ကျည်ဖူး မိတ်ဆက်ခံရလို့ ဂိန် သွားခဲ့တာကမှ..
တနှစ်တခါ၊ အိမ်လာပြီး ကဗျာ ရွတ် ရွတ် ပေးကြမဲ့
သူတွေ ရှိအုန်းမယ်။