Tuesday, January 18, 2011

ပြန်ကြား မေတ္တာစာ

ပြန်ကြား မေတ္တာစာ
ကမာပုလဲ

သား ...
မင်းပေးတဲ့စာ ရတယ်။

ခု … မေမေ ရောက်ရှိနေတဲ့အရပ်မှာ
မင်းပြောတဲ့
အင်တာနက်လည်းမရှိဘူး
ဂူဂယ်လည်းမရှိဘူး
‘ကမာပုလဲ’ ဆိုတာတော့
မေမေ သိတယ်။

အေး … ဒါပေမယ့်
တကမ္ဘာလုံးရဲ့အဖြစ်အပျက်တွေ
မင်းရောက်နေတဲ့ အရပ်မှာ
မင်းရဲ့အဆင်မပြေမှုတွေ
သတင်းမှားတွေက တဆင့်
မင်းအဖေ သေပြီလို့
မင်း ကဗျာရေးခဲ့တာတွေ
မေမေ အားလုံးကို
သိနေပါတယ်။

မင်းရဲ့အဖေဟာ
ခုထိ
သက်ရှိထင်ရှားရှိနေတုန်းပဲ
နာဂစ်ကတောင် သူ့ကို
သတ်မသွားနိုင်ရှာဘူး
ခု … ကိုးဆယ့်ခြောက်နှစ်တဲ့
အာဂသတ္တိနဲ့ ... လူ။

ဆင်းရဲခြင်းတဲ့လား …
ဥစ္စာဓန ဆင်းရဲခြင်းဟာ
သူ့အဖို့တော့ မဆန်းဘူး
သူ့ရဲ့ဘ၀တလျှောက်လုံး
ရိုးသားစွာ ရပ်တည်ချက်
ဘယ်အရာကမှ
ချေဖျက်လို့ မစွမ်းနိုင်ခဲ့ဘူး။

မင်း … ဘာ့ကြောင့်
အိမ်ကို အဆက်အသွယ်မလုပ်တာ
မေမေသိပါတယ် သားရယ်
မင်းအဖေက ပိုသိတာပေါ့
မင်းဆုံးဖြတ်တာ မှန်ပါတယ်။

သားရယ် ...
မင်းက သိပ်ပျော့ညံ့တာပဲ
လောကကြီးမှာ
မင်းတယောက်ပဲ ခံစားမှုအားကြီးတယ်
ဟုတ်လား
အဲလို ... မင်းတွေးရင်
မင်းဟာ
သူငယ်နှပ်စားလေး ဖြစ်နေဦးမှာပဲ
ဘာမှမတွေးနဲ့ ငါ့သား
ရိုးသားမှုမှာ …
မင်းအဖေခြေရာကို မင်းနင်းနိုင်ရင်
မေမေတို့ မင်းကို
မွေးရကျိုးနပ်ပါတယ် …။

လောကကြီးမှာ
မင်းတယောက်တည်း
ဆုံးရှုံးနေတာမဟုတ်ဘူး ... ငါ့သား
ဒါကို မင်းမြဲမြဲမှတ်ထားဖို့လိုမယ်
အရေးကြီးတာက
မင်းရွေးချယ်ခဲ့တဲ့
မင်းရဲ့ယုံကြည်ချက်အပေါ်
ဘယ်လိုဒုက္ခမျိုးရောက်ရောက်
မင်းဘက်က
သစ္စာမဖောက်ဖို့ပါပဲ။

သိပ်အံ့သြနေသလား ... ငါ့သား
မင်းရဲ့အမေ
စာမတတ်တဲ့ ဒီကောင်မက
မင်းဆီကို
အင်တာနက်ကနေ စာပြန်ရေးနေတာ
ခု … မေမေရောက်နေတဲ့ အရပ်မှာ
မေတ္တာတရားနဲ့ ပတ်သက်လာရင်
အားလုံး ဘာမဆိုဖြစ်နိုင်တယ်လေ။

နောက်ဆုံးအနေနဲ့
မင်းကို မေမေ မှာမယ် ...
သတင်းမှားတွေကို
မယုံပါနဲ့
မင်းရဲ့အဖေအတွက်လည်း
စိတ်မပူပါနဲ့
သူဟာ ...
ရိုးသားစွာ ဆင်းရဲမှုဆုလာဘ်နဲ့
လူသားတဦးရဲ့တန်ဖိုးကို ထုဆစ်
သေသည်အထိ ချစ်သွားမယ့်သူ …။ ။

ကမာပုလဲ
(၉၊ ၁၊ ၂၀၁၁)

No comments: