Thursday, January 27, 2011

ကြီးမြတ်လေသူ ကိုသူရသို့ ကျနော့်အမှတ်ရချက်များ

ကြီးမြတ်လေသူ ကိုသူရသို့ ကျနော့်အမှတ်ရချက်များ
ဒေါက်တာလွဏ်းဆွေ

ထိုနေ့က မွန်းတည့်နေအောက် ဖြတ်ပြန်လာသည့် ကျနော် မြားနတ်မောင် တာဝန်ခံအယ်ဒီတာစားပွဲတွင် ထိုင်ရင်း ပန်ကာကို ခပ်ပြင်းပြင်း ဖွင့်ကာ အလုပ်လုပ်ရန် စိုင်းပြင်းနေချိန်၌ ကျနော်၏ အခန်းကျဉ်းလေးထဲသို့ အမှုဆောင်အယ်ဒီတာ ဆရာဝင်းသူရ (ယခု မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ) လေးလေးတွဲ့တွဲ့ ၀င်ရောက်လာသည်။ ထို့နောက် ကျနော့်အား ခေါ်ဝေါ်နေကျ အသုံးအနှုန်းနှင့် ...

“ဒေါက်တာလေး အမောပြေပြီလား၊ အမောပြေရင် ဒီစာလေး ဖတ်ကြည့်ပါဦး။ ခုနက လူတယောက် ဆရာ ပြန်လာရင် ပေးပေးပါဆိုပြီး လာပို့သွားတာ” ဟု ဆရာဝင်းသူရက သူ၏ လက်ထဲတွင် စာအိတ်တအိတ်ကိုင်ရင်း မျက်နှာမသာမယာနှင့် ကျနော့်ထံ ကမ်းပေးလေသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အံ့ကျော် ကဲ့သို့သော နှုတ်ခမ်းမွေး ထူပိန်းပိန်းနှင့် ဆရာဝင်းသူရ၏ မျက်နှာကို အလျင်အမြန် ဖတ်ရှုရင်း ကျနော့်စိတ်ထဲ ဘာကိစ္စများပါလိမ့်ဟု ကွက်စ်ရှင်မာ့ခ် (?) ပြကာ ထိတ်ခနဲ ဖြစ်သွားမိသည်။ စာက အိတ်ဖွင့်ပေးစာဖြစ်သည့်အတွက် ဆရာဝင်းသူရ ဖတ်ရှုထားပုံပေါ်ပြီး အကြောင်းအရာကို သိကာ မျက်နှာမသာမယာဖြစ်နေခြင်းဟု ကျနော် ရိပ်စားမိလိုက်သည်။ သို့နှင့် စာအိတ်ကို ဆတ်ကနဲ လှမ်းယူပြီး အထဲမှ အေဖိုးစာရွက်ခေါက်ကို စိတ်လှုပ်ရှားစွာဖြင့် ကျနော် ဖွင့်ဖတ်လိုက်သည်။

စာထဲတွင် ‘သရဲလေးကောင်’ ဟု မြန်မာပြည်သူများ အသိများသည့် လူရွှင်တော် အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်နှင့် ငှက်ပျောကြော်တို့ လေးဦးက ‘သို့ / အယ်ဒီတာအဖွဲ့၊ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း’ ဟု သုံးကြောင်းဆင့် လိပ်မူကာ ယခင်လထုတ် မြားနတ်မောင်မဂ္ဂဇင်းပါ ‘ဦးဦးမြားနတ်မောင် ဖြေပါ’ အခန်းကဏ္ဍတွင် ဖြေဆိုထားသည့် အဖြေတခုသည် သူတို့၏ ဂုဏ်သိက္ခာများကို ထိခိုက်နစ်နာစေသည့်အတွက် နောက်လထုတ် မြားနတ်မောင်မဂ္ဂဇင်းတွင် တရားဝင် တောင်းပန်စာ ထည့်သွင်းဖော်ပြပေးပါရန် လက်မှတ်များ ကိုယ်စီကိုယ်ငှ ရေးထိုးပြီး အရေးဆိုထားသည်ကို ဖတ်ရှုရလေသည်။ တောင်းပန်စာ မထည့်သွင်းပေးပါက သက်ဆိုင်ရာ တရားဥပဒေကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်းလည်း အသိပေး ရေးသားထားသည်ကို ဖတ်ရှုရသည့်အတွက် စာကို ဖတ်ရှုစဉ်အခိုက် ကျနော် အတော်ပင် ခေါင်းနပန်းကြီးသွားမိလေသည်။

စက္ကန့်အနည်းငယ်မျှ တွေ၍ စဉ်းစားပြီးနောက် “အိုကေ ဆရာ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ စာပို့လာမှတော့ ကျေလည်အောင် ရှင်းပေးရမှာပေါ့” ဟု ကျနော် ပြောဆိုလိုက်သည့်အခါ ဆရာဝင်းသူရလည်း မည်သို့မည်ပုံ ဖြေရှင်းမည်ကို မမေးတော့ဘဲ ခပ်တွေတွေဖြင့် သူ၏ စားပွဲရှိရာသို့ ပြန်လည်ထွက်ခွာသွားလေသည်။

အဆိုပါ ‘ဦးဦးမြားနတ်မောင် ဖြေပါ’ ဟူသော အရွှင်အသော ကဏ္ဍလေး၌ မေးခွန်းမေးသူက “ပီအမ်ဂျီကြော်ငြာက အရက်ကြော်ငြာလား၊ ရေသန့်ကြော်ငြာလား … ဦးဦးမြား” ဟု မေးမြန်းထားသည်အား ဖြေဆိုသူ ဦးဦး မြားနတ်မောင်က “လူရွှင်တော်တွေ အပေါပြိုင်တဲ့ ကြော်ငြာလို့ ဦးမြား မြင်မိပါတယ်ကွယ်” ဟု ဖြေကြားထားသည့်အပေါ် နို့တစ်စာ ပေးပို့သူ လူရွှင်တော်လေးဦးက ကျွဲမြီးတိုသည့်အတွက် သူတို့ကို တောင်းပန်စေလိုကြောင်း အကြောင်းကြားစာ ပေးပို့ခြင်းဖြစ်သည်ဟု ကျနော် နားလည်လိုက်မိသည်။ အဆိုပါ ကြော်ငြာတွင် သူတို့လေးဦးစလုံး ပါဝင်သရုပ်ဆောင်ထားသည့်အတွက်လည်း ယခုကဲ့သို့ နို့တစ်စာ ပေးပို့လာခြင်းဖြစ်သည်။ စာကို ဖတ်ရှုပြီးနောက် ဟိုတွေး ဒီတွေး ကျနော် တွေးနေရင်း စာအိတ်ပေါ်မှ ပေးပို့သူ၏ လိပ်စာကို အမှတ်တမဲ့ ဖတ်ရှုမိလိုက်သည်တွင် ကျနော်၏ စိတ်ထဲ အနည်းငယ် စပ်ဖျင်းဖျင်း ဖြစ်သွားမိလေသည်။

အဘယ်ကြောင့်ဆိုတော် အဆိုပါလိပ်စာသည် ကျနော် ချစ်ခင်လေးစားသည့် နိုင်ငံကျော် လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာ၏ လိပ်စာဖြစ်ပြီး ထိုနို့တစ်စာ ပေးပို့ခြင်း အကြောင်းအရင်း၏ နောက်ကွယ်တွင် သူ (ကိုဇာဂနာ) ပါဝင်ပတ်သက်နေလေရော့သလား ဟူသည့်အတွေးနှင့် ကျနော် စပ်ဖျင်းဖျင်း ဖြစ်မိခြင်းဖြစ်လေသည်။ ထိုစဉ်က လိပ်စာရှင် ကိုဇာဂနာနှင့် ကျနော် နှစ်ကြိမ်မျှသာ လူချင်းဆုံဖူးသေးပြီး သိပ်အကျွမ်းတ၀င် မရှိလှသေး။ သို့သော် ထိုလိပ်စာရှိရာ စမ်းချောင်း (ယခုအချိန်တွင် လမ်းအမည် ကျနော် မမှတ်မိ) တိုက်ခန်းသို့ တကြိမ်တခါမျှ ကျနော် ရောက်ဖြစ်ခဲ့သည်မှာကား …။ ။

(ဆက်လက်ဖတ်ရှုပါရန် …)

6 comments:

Unknown said...

ဆရာ
ဆက်လက်ဖတ်ချင်းပါတယ်။
အမြန်ဆုံးရေးပေးပါနော်။ပေးဆပ်သူတွေ
ရဲ့နှလုံးသားကိုအစဉ်လေးစားလျှက်ပါ။

seinnmyanaddy said...

ကိုလွမ်းဆွေကလည်း
သူ့ကိုယ်သူ့ ကိုရီးယားဇာတ်ညွှန်းရေးတယ်ထင်နေလားမသိဘူး။
ပြတ်တောင်းပြတ်တောင်းနဲ့။ စိတ်မရှည်တော့ဘူး။

Unknown said...

(လိပ်စာရှိရာ စမ်းချောင်း (ယခုအချိန်တွင် လမ်းအမည် ကျနော် မမှတ်မိ))

စမ်းချောင်း၊မြေနီကုန်းက ရှမ်းကုန်းလမ်း ဖြစ်ပါတယ်။

mg said...

ကြီးမြတ်သော မြင့်မြတ်သော စကားကို သာမာန်လူပုဂိုလ်တွေမှာ မသုံးသင့်ဘူး။

Unknown said...

ရုတ်တရက် ဆိုတော့ may များလားလို့ ။
ကိုဇာဂနာ စာစုတွေချည်းပဲ ဆိုလို့ 
အနားယူနေပြီလို့ ဒီက မှတ်တာ။
လူဆိုး။

ko said...

အyooနဲ့may/mg တို့ရင်ကော့ တင်ကောက် မျက်စပစ်ကြလေသောအခါ..