Saturday, January 22, 2011

တိမ်တောက်ချိန်

တိမ်တောက်ချိန်
မောင်ရင့်မာ (ကျောင်းကုန်း)

“သေချာရဲ့လားဗျ၊ ခင်ဗျားအဖေက ဘာမှ မမျှော်လင့်ခဲ့ဘူးဆိုတာ”

ကျနော့်တွင် အလွန်သံသယဖြစ်တတ်၍ အလွန်လည်း အငြင်းသန်တတ်သော သူငယ်ချင်းတို့ တယောက်မက ရှိနေခဲ့ခြင်းမှာ ကံကောင်းသောအချက်တချက် ဖြစ်နိုင်ပါသည်။ သူတို့သည် ရေးမိရေးရာ ကျနော် ရေးသည့် စာ တညှိုတထွာလေးတွေကို တွေ့ရသည့်အခါ “ဒို့သူငယ်ချင်း ရေးတာ” ဟူ၍ တခုတ်တရ ဖတ်ကြသည်။ တ ခုတ်တရ ပြောကြသည်။ ဘ၀င်မကျ သဘောမမျှနိုင်သည်များ တွေ့လျှင်လည်း နီးဝေးနေ့ညဥ့်မဟူ တခုတ်တရ ငြင်းခုံတတ်ကြသည်။

ခုကြည့်၊ သန်းယံလွန်မြောက် တမိုးသောက်လုနီးနီး အချိန်သို့ရောက်ခါမှ အော်မြည်လာသော တယ်လီဖုန်း မြည်သံက ကျနော်နှင့် မိုင်ငါးရာကျော် ကွာဝေးသော ဇာတိမြို့ကလေးဆီမှ သူငယ်ချင်းကဗျာဆရာ၏ ငြင်းခုံ သံပဲ ဖြစ်နေလေသည်။ ကျနော်၏ ရသစာတမ်း စုစည်းမှုစာအုပ်တအုပ်တွင် ရည်ညွန်းရေးသားခဲ့သော စာတ ပိုဒ်ကို သဘောမတူနိုင်ပါဟု သူက ဆိုသည်။

“ဆွတ်ယူစားသုံးခွင့် မရနိုင်မည်ကို သိတန်ကောင်းပါလျက် ထွန်ယက်ခဲ့၊ စိုက်ပျိုးခဲ့၊ ပေါင်းသင်ခဲ့၊ မြေဆွခဲ့ ဘ ၀ခရီးတလျှောက်လုံး မမောမနွမ်း ပင်ပန်းစွာ ရုန်းကန်၊ အနစ်နာခံ သန့်စင်စွာ အသက်ရှင်သန် နေထိုင်သွားခဲ့ လေသော ဖေဖေသို့ ...”

ဘ၀တွင် ပင်ပန်းဆင်းရဲခြင်းတွေကိုသာ ခံစားခဲ့ရပြီး ချမ်းမြေ့ကြည်သာခြင်းတွေကို မစံစားရဘဲ ကွယ်လွန်ခဲ့ ရှာသော ကျေးဇူးရှင်ဖခင်ကြီးအား ကျနော့်အဓိပ္ပာယ်နှင့် ကျနော် ရည်ရွယ်လွမ်းဆွတ်ခဲ့ခြင်းဖြစ်သည်။ သူငယ် ချင်းက သူ့အဓိပ္ပာယ်နှင့်သူ အနက်ကောက်၍ ငြင်းခုံလိုက်ခြင်းဖြစ်သည်။ ဘ၀င်မကျ သဘောမမျှနိုင်ပါဟု ဆို သည်။ သူ့အတွေ့အကြုံနှင့် အညီအညွတ်မရှိဟုဆိုသည်။ အင်္ဂုတ္ထိုရ် ပါဠိတော်လာ ‘ပုတ္တသုတ်’ နှင့် အညီအ ညွတ်မရှိဟု ဆိုသည်။ သို့သော် သူ၏ ငြင်းခုံချက်က စိတ်ဝင်စားဖို့ ကောင်းပါသည်။

*****

သူ၏ ဖခင်သည် ကျောင်းကုန်းနှင့် အိမ်မဲကြားက ဘုရားကြီးကုန်းရွာသား ဖြစ်သည်။

“ခင်ဗျားလည်း သိသားပဲ၊ အဖေက အင်မတန် စကားနည်းတာ။ သူ ဘာဖြစ်ချင်နေတာလဲဆိုတာ သိရတာမ ဟုတ်ဘူး”

ကျနော် သိရှိမှတ်မိသလောက်ဆိုလျှင် သူ့ဖခင်သည် ကျောင်းကုန်းတဘက်ကမ်းရှိ ‘တာဦး’ ၌ ရောင်းပန်းဝယ် ပန်းတို့ ပွင့်လန်းလာသောအခါ ကိုးတန်းအောင်သော သားကို ရန်ကုန်သို့ ပို့၍ ကျောင်းထားပေးခဲ့သည်။ သူ ငယ်ချင်းက စမ်းချောင်းမှာ မပျော်ပိုက် ဆိုသည်နှင့် လသာကျောင်းသို့ ချက်ချင်း ပြောင်းထားပေးခဲ့သည်။ မြို့ ၌ အပျော်လွန်၍ ဆယ်တန်းတနှစ်ကျလိုက်သောအခါ “စက်မှုတက္ကသိုလ် အမှတ်မမီမှာ စိုးလို့ ခြစ်ပစ်ခဲ့တာ” ဟု သူငယ်ချင်းက ခပ်တည်တည် အကြောင်းပြခဲ့သည်။

သူ့ဖခင်ကလည်း ယုံပစ်လိုက်သော အမူအရာနှင့် “နောက်နှစ်ပေါ့ သားရာ” ဟု ခပ်အေးအေးပဲ တုံ့ပြန့်ခဲ့သည်။ အဲသည်တနှစ် စိတ်လေလွင့်ပြီး ကုန်ကားနောက် လျှောက်လိုက်နေတော့လည်း မမြင်မကြားသလို တုံဏှိဘာ ဝေ နေခဲ့သည်။ နောက်တနှစ် ဆယ်တန်းအောင်၍ ပုသိမ်ကောလိပ်တွင် ဘော်လီဘော ယောင်ယောင်၊ က ဗျာယောင်ယောင် လုပ်နေတော့လည်း ဖခင်ကြီးက ဆိတ်ဆိတ်ပဲနေခဲ့သည်။ မြ၀ါးရုံတော ပျော်မောရင်း လေး နှစ်မြောက်တော့ ကျောင်းပြီးခဲ့သည်။ အဖေ့ဇာတိ ဘုရားကြီးကုန်းသို့ ပြန်၍ ဆီစက်တည်တော့လည်း ဘာမှမ ဆို ဘာမှမပြောခဲ့ဟု ဆိုသည်။ ဘွဲ့နှင်းသဘင် ခေါ်ပြီ။

သူငယ်ချင်းက ဘွဲ့တက်မယူလိုပါ ဆိုသောအခါတွင်မှ ဖခင်ကြီးက တုံဏှိဘာဝေ ဆိတ်ဆိတ်မနေနိုင်ပါလေ တော့။ “စာတွေ အကြာကြီး သင်လာပြီးမှ ရတဲ့ဘွဲ့ မင်းမယူရင် အဖေတက်ယူမယ်” ဟု ဆိုလေသောအခါ သားအဖနှစ်ယောက် ရန်ကုန်သို့ အတူတကွ တက်ခဲ့ကြပါသည်။

“ဘွဲ့ယူမယ့်နေ့က ၀တ်ရုံကြီး တကားကားနဲ့ ကျနော်ကသာ စိတ်အိုက်နေတာ၊ အဖေက တမနက်လုံး တက် ကြွနေတာဗျ။ ပါမောက္ခချုပ်က ကျနော့်ကို ဘွဲ့လက်မှတ်ပေးပြီး လက်ဆွဲနှုတ်ဆက်တော့ ပရိသတ်ထဲကနေ ကိုယ်တပိုင်းလောက်ပေါ်အောင် ဖင်ကြွကြည့်နေတဲ့ အဖေ့ကို မျက်လုံးထောင့်စွန်းကနေ မြင်လိုက်တယ်။ အ ဖေ တော်တော်ပျော်နေတာပါလားလို့ တွေးလိုက်မိတာနဲ့ ရင်ထဲ ၀မ်းနည်းသလိုလိုကြီး ဖြစ်သွားတယ်ဗျာ”

“အဲဒါနဲ့ ...”

“တက္ကစီကားပေါ် ပြန်တက်ခဲ့ကြရော၊ အင်မတန် စကားနည်းတဲ့ အဖေဟာ ကားဒရိုင်ဘာကို စကားအမျှင်မ ပြတ်အောင်ကိုပဲ တဖောင်ဖောင် ပြောနေတော့တာဗျ။ သူငယ်ငယ်က နမ္မက္ကာရတို့ ပရိတ်ကြီး ရတနာရွှေချိုင့် တို့ကိုပဲ သင်အံလာခဲ့ရတာတဲ့။ စာတတ်ပေမယ့် ပညာတတ်မဖြစ်ခဲ့ရတာကို အမြဲစိတ်ဝမ်းငယ်နေရသတဲ့။ အ ခုတော့ သူသားဖြစ်တဲ့ ကျနောာ်က သူ့ဘ၀ရဲ့ ကျင်းချိုင့် ကွက်လပ်ကြီးကို ဖြည့်ပေးလိုက်နိုင်လို့ အင်မတန် ကျေနပ်တယ်တဲ့။ ခု သူ့သားဟာ ဘွဲ့ရပညာတတ်ကြီး ဖြစ်သွားခဲ့ပြီတဲ့”

“ဆိုလိုတာက …”

“ဆိုလိုတာက မိဘတွေဟာ သူတို့သားသမီးတွေဆီကနေ ဘာကိုမှ မမျှော်ကိုးဘူးဆိုတာ မဟုတ်ဘူးဗျ။ သူတို့ မှာ မျှော်ကိုးချက်ရှိတာ သေချာတယ်။ အနည်းဆုံး သူတို့ဘ၀မှာ မပြည့်ဝခဲ့တဲ့ လိုအင်ဆန္ဒ တခုတလေကိုပဲ ဖြစ်ဖြစ် သူတို့ မွေးထားတဲ့ သားသမီးတွေက ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”

ထိုညက တယ်လီဖုန်းချလိုက်သည်အထိ သူငယ်ချင်းကို ပြန်လည်ငြင်းခုံခြင်းမပြုခဲ့ပါ။ သူပြောသလို ဆိုလျှင် ဖြင့် ဘ၀မှာ ကျင်းချိုင့် ကွက်လပ်ဟူ၍ ပြောလောက်ရာ တခုတလေမှ မရှိရအောင် ကုံလုံပြည့်စုံနေသော အမိ အဖတို့ဆိုလျှင်တော့ သူတို့သားသမီးတွေထံမှ ဘာတခုမျှ မျှော်လင့်စရာ မလိုတော့ဘူးပေါ့။ သို့မဟုတ် တခုခု မျှော်လင့်နေနိုင်သည်ဆိုလျှင်လည်း ထိုတခုခုသည် မည်သို့သောမျှော်လင့်ချက်မျိုးဖြစ်နိုင်မည်လဲ။ တွေးကြည့် ချင်စရာဖြစ်ပါသည်။ ကျနော်သည် မကြာသေးခင်က တက်ရောက်ခဲ့ရသော ရင်တခုန်စာ အခမ်းအနားတခုကို သတိရလိုက်မိပါသည်။

*****

ကျနော်တို့နှင့် မည်သို့မျှ စပ်ဆိုင်နိုင်ဖွယ်ရာမရှိသည့် ဟိုတယ်ကြီးတခု၌ မိတ်ဆွေအယ်ဒီတာနှင့်အတူ တက် ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ‘နှစ်လေးဆယ်ပြည့် ပတ္တမြားရတုမင်္ဂလာ’ တဲ့။ ကာယကံရှင် အမိအဖနှစ်ပါးကို ကြို တင်အသိပေး ပြောပြထားခြင်းမရှိဘဲ အမိအဖတို့၏ ရင်းခြာသော မိတ်ဆွေသင်္ဂဟများအား ဖိတ်ကြားလျက် သမီးနှစ်ယောက်က တိုးတိုးကျိတ်ကျိတ် စီမံခဲ့ခြင်းဖြစ်သောကြောင့်လည်း အခမ်းအနားလေးက ရင်ခုန်စရာ ကောင်းနေခဲ့ခြင်းဖြစ်ပါသည်။

ထိုနေ့ရက်မတိုင်မီ နှစ်ရက်ခန့်ရောက်တော့မှ သပ်ရပ်သားနားသော ရွှေအိုရောင် ဖိတ်စာကလေးတွေကို လိုက်လံကမ်းဝေရင်း အမိအဖတို့ကို ကြိုတင်ပြောပြမထားပါဟု သမီးနှစ်ယောက်က နှုတ်ပိတ်ထားခဲ့ပါသည်။ ဧည့်သည်များကို ညနေ (၆) နာရီတိတိ ရောက်ရှိနေရန် မေတ္တာရပ်ခံခဲ့ပြီး သမီးငယ်မက ဟိုတယ်မှာ ညစာ သွားစားကြမည်ဆိုသည့် အကြောင်းပြချက်ဖြင့် မိဘနှစ်ပါးကို အချိန်ကိုက်ခေါ်လာမည် ဖြစ်ပါသည်။

ညနေ (၆) နာရီတိတိအချိန်တွင် ဟိုတယ်ကြီး၏ (၁၁) ထပ်ရှိ ခန်းမအတွင်း ဧည့်သည် (၅၀) ခန့်က နေရာယူ ပြီး ဖြစ်ပါသည်။ ခန်းမငယ်၏ စင်မြင့်တွင် ပတ္တမြားရတု မင်္ဂလာစာတန်းနှင့် အငြိမ်းစား မိဘနှစ်ပါး၏ ဓာတ်ပုံ ကြီးကို ပုံကြီးချဲ့၍ ချိတ်ဆွဲထားပါသည်။ သမီးအကြီးမသည် ဧည့်သည်တို့ကို စားသောက်ဖွယ်ရာတို့ဖြင့် သွက် လက်ဖျတ်လတ်စွာ ဧည့်ဝတ်ပြုရင်း သူမ၏ ညီမကို လက်ကိုင်ဖုန်းဖြင့် ချိတ်ဆက်သတင်းပို့နေသည်။ အိမ်က ထွက်လာပြီဆိုသည်နှင့် ရုပ်ရှင်မင်းသား အဆိုတော်က စင်မြင့်ပေါ်၌ နေရာယူလိုက်တာ တွေ့ရသည်။ “မြေညီ ထပ်ရောက်ပြီ” ဟု သတင်းပို့လာသည်နှင့်တပြိုင်နက် ရုပ်ရှင်မင်းသမီးချောက ခန်းမအ၀င်ဝသို့ သွားရပ်လျက် ပန်းစည်းကိုင်၍ စောင့်နေတာ တွေ့ရသည်။

ခန်းမထဲက လင်းချင်းနေသော မီးဆိုင်းများ ဖျတ်ခနဲ မှိန်လဲ့သွားသည်။ ဧည့်သည်တို့၏ စကားဆိုသံများ တိုး တိတ်ငြိမ်ဆိတ်သွားသည်။ တိုးညင်းပြေလွင်သော ဂီတသံချိုမြမြကလေးသာပဲ ခန်းမထဲမှာ လွန့်လူးပျံဝဲနေ သည်။ ရင်ခုန်စရာ အကောင်းဆုံးအချိန်ပဲ ဖြစ်သည်။ “နှလုံးရောဂါတို့ ဘာတို့ရှိရင် မလွယ်ဘူးထင်တယ်” ဟု ကျနော်က မိတ်ဆွေအယ်ဒီတာကို တိုးတိုးကပ်၍ ပြောလိုက်မိသေးသည်။ ဓာတ်လှေခါးတံခါးပွင့်သွားတာ မြင် လိုက်သည်။ တတိယအရွယ် မင်္ဂလာမောင်နှံတို့ ခန်းမအ၀င်ဝသို့ ရောက်သည်နှင့် အသင့်စောင့်နေသော ရုပ် ရှင်မင်းသမီးချောက ပန်းစည်းကို ကမ်းလိုက်သည်။

ရောင်စုံမီးပန်းဆိုင်းကြီးများ ဖျတ်ခနဲ လင်းထိန်သွားခြင်း၊ ငြိမ့်ညောင်းသော ဂီတသံက တိုးသဲ့ရာမှ တဖြည်း ဖြည်းချင်း ကျယ်လွင်စည်ဝေလာခြင်း၊ မင်းသားအဆိုတော်၏ အခါတော်ပေး တေးဆိုလိုက်သံက ခန်းမတခု လုံးကို လွှမ်းခြုံစိုးမိုးသွားခြင်း၊ ဧည့်ပရိသတ်တို့၏ လက်ခုပ်သြဘာသံများ ဖျောင်းဖျောင်းညံသွားခြင်းတို့သည် အချိန်နည်းငယ်အတွင်း၌ပင် တပြိုင်နက်တည်းလိုလို ဖြစ်သွားခဲ့ပါသည်။ တတိယအရွယ် မင်္ဂလာမောင်နှံတို့ သည် သူတို့အဖို့ အလို့ငှာ ရည်ရွယ်ခင်းကျင်းထားသည့် အခမ်းအနားတခုကို မမျှော်မလင့် ကြုံလိုက်ရ၍ ရင် တုန်ပန်းတုန် ဖြစ်သွားလောက်ပါသည်။

သူတို့သည် မတွေ့ရတာ ကြာခဲ့ပြီဖြစ်သော မိတ်ဆွေသင်္ဂဟများကို လိုက်လံနှုတ်ဆက်ခြင်းမပြုမီ သူတို့၏ ရင် ခုန်သံကို ငြိမ်သက်သွားအောင် ဦးစွာကြိုးစားရလိမ့်မည် ထင်ပါသည်။ ကျနော် သတိရ၍ ကြည့်လိုက်သောအ ခါ သူမတို့၏ မိခင်သည် သူ၏ အစ်ကိုကြီးအရွယ် အဘတယောက်ကိုဖက်၍ ငိုရှိုက်နေပါသည်။ ၀မ်းသာကြည် နူး၍ ကျသောမျက်ရည်များ ဖြစ်နိုင်ပါသည်။ သူမတို့၏ ဖခင်သည် ခဏကြာသောအခါ စားပွဲတ၀ိုင်းပြီးတ၀ိုင်း လိုက်၍နှုတ်ဆက်ရင်း “တကယ့်ကို ကြိုမသိခဲ့ဘူး” ဟု တဖွဖွ ပြောနေခဲ့ပါသည်။ သူ၏ မျက်နှာက ပြုံးရွှင်ချို လက်နေပါသည်။

စင်စစ် အမိအဖတို့၏ အနှစ် (၄၀) မြောက် မင်္ဂလာခရီးတထောက်အတွက် သူ့အစီးအပွားနှင့်သူ ရပ်တည်နိုင် ပြီဖြစ်သော သမီးနှစ်ယောက်တို့က စိတ်ကူးကွန့်မြူးလျက် ရင်ခုန်စရာ အခမ်းအနားတခုကို “မင်္ဂလာလက် ဆောင်” ပေးလိုက်ခြင်းပဲဖြစ်ပါသည်။

“တတ်နိုင်လို့ လုပ်တယ်ပြောရင်တော့ ပြောနိုင်တယ်။ ဒါပေမယ့် တတ်နိုင်တဲ့ သားသမီးတိုင်းက သူတို့ အမိအ ဖတွေကို ခုလို အံ့သြပျော်ရွှင်သွားအောင် လုပ်ပေးဖို့ သတိရကြတာတော့ မဟုတ်ဘူး”

ကျနော်တို့နှင့် မည်သို့မျှ စပ်ဆိုင်ဖွယ်မရှိသည့် ဟိုတယ်ကြီး၏ (၁၁) ထပ်မှ ပြန်ဆင်းလာခဲ့စဉ် တောဂိုက်နှင့် မိတ်ဆွေအယ်ဒီတာက မှတ်ချက်ပြုလိုက်ခြင်းပဲဖြစ်ပါသည်။ ကျနောာ် ပြန်စဉ်းစားကြည့်သည်။ ရင်ခုန်စရာ အ ခမ်းအနားတခုကို အကြောင်းပြု၍ အမိအဖတို့သည် အံ့သြ၀မ်းမြောက်ခြင်း ဖြစ်ပါလိမ့်မည်။

“လိမ္မာရေးခြားရှိတဲ့ သမီးလေးတွေ” ဟူသော မိတ်ဆွေသင်္ဂဟတို့၏ ချီမွမ်းပြောဆိုသံများဖြင့် ကြည်နူးကျေနပ် ခြင်းလည်း ရှိပါလိမ့်မည်။ သို့သော် ထိုအချက်မှာ အမိအဖတို့၏ ဘ၀၌ ရှိခဲ့သော ကျင်းချိုင့်ကွက်လပ်တခုခုကို ဖြည့်စွမ်းပေးခဲ့သည်ဟု ဆိုသာနိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အချို့သော အမိအဖတို့သည် ဘ၀ ၌ ကျင်းချိုင့် ကွက်လပ်တို့ ရှိကောင်းမှ ရှိမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

*****

ယခုအခါ ကွယ်လွန်ခဲ့ရှာပြီဖြစ်သော ကျနော်၏ ဖခင်ကြီးသည် ဦးနှောက်သို့ ငှက်ဖျားပိုးဝင်သည့် ရောဂါဝေဒ နာကို ဆေးရုံကြီးတခု၌ ကုသမှုခံယူနေခဲ့ရာမှ ပျောက်ကင်းသက်သာခြင်းမရှိသောကြောင့် ကျနော်တို့ ရွာက လေးသို့ ခက်ခက်ခဲခဲ ပြန်ခေါ်လာခဲ့သည်ကို ပြန်တွေးမိပါသည်။ ဖေဖေသည် ရောဂါဝေဒနာ၏ တိုက်ခိုက်မှုကို ခုခံရင်း ကျေးလက်ဆေးခန်းလေးတခု၏ ယိုင်ရွဲ့စုတ်ချာလှသည့် ၀ါးကုတင်လေးပေါ်တွင် လဲလျောင်းမှေး မှိတ်နေခဲ့ပါသည်။ သူ၏ အသက်ဇီဝိန်ကို ဖဲ့ခြွေယူငင်မည့် တစုံတဦးကို စောင့်ဆိုင်းနေဟန်ဖြင့် သူ၏ နောက် ဆုံးနာရီများကို ဖြတ်သန်းနေချိန်ဖြစ်ပါသည်။

ထိုအချိန်တွင် ကျနော်သည် အရာရှိငယ်အဖြစ်မှ ပြန်တမ်းဝင်အရာရှိအဖြစ်သို့ ရာထူးတိုးမြှင့်ခံရသည့် သတင်း ကို ရရှိခဲ့သည်ဖြစ်ရာ ဖေဖေ့ကို ပြောဖို့ သင့်မသင့် ချီတုံချတုံ ဖြစ်နေခဲ့ပါသည်။ ကျနော်တို့ (၈) တန်းလောက် ကတည်းက “မင်းတို့က ပညာတတ်တွေ” ဟု မြှောက်စားကာ ပင်ပင်ပန်းပန်း ရုန်းကန်ဖြည့်ဆည်းပေးခဲ့ရှာ သော ဖခင်ကြီးအား တစုံတရာ ၀မ်းမြောက်ကြည်သာ ရှိစေချင်ပါသည်။ နောက်ဆုံးတွင် ကျနော် ပြောလိုက် နိုင်ခဲ့ပါသည်။

“ကျနော် ရာထူးတိုးတယ် ဖေဖေ”

တိုးဖွဖွအသံကို ဖေဖေကြားမှ ကြားနိုင်ပါတော့မည်လားဟူ၍ စိုးရိမ်နေမိသည်။ ဖေဖေ့မျက်နှာကို စူးစိုက်ကြည့် ငေးနေမိသည်။ အနာသည်း၍ လဲလျောင်းမှိန်းရီနေရှာသော ဖခင်ကြီး၏ မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပါ သည်။ သူကြားလိုက်သည့် စကားသံတခုကို ဇဝေဇ၀ါ အနက်ကောက်နေပုံရပါသည်။

ခဏကြာသောအခါတွင် မှ သူ့မျက်နှာတပြင်လုံး ဖျတ်ခနဲ ၀င်းတောက်သွားပြီး “ဟေ့ ဒါဖြင့် အဆင့်သုံးပေါ့” ဟု ကျေကျေနပ်နပ်ကြီး တုံ့ပြန်ပြောဆိုခဲ့ပါသည်။ သူ့မျက်နှာပေါ်တွင် နောက်ဆုံးလင်းလက်မဲ့သော အပြုံးတ ချက်ကို ဖေဖေ ကွယ်လွန်ပြီး နှစ်ကာလများ ကြာမြင့်သည်အထိ ကျနော် သတိရမိပါသည်။ သူ စိုက်ခဲ့သော သစ်တပင်၊ စိမ်းလန်းရှင်သန် ကျန်ရစ်ခဲ့ခြင်းအပေါ် ကျေနပ်ကြည်ဖြူလိုက်သော အပြုံးတချက်ဟု အောက်မေ့ ခံစားမိပါသည်။ ဘ၀၏ ကွက်လပ်တခုခုကို ဖြည့်ဆည်းပေးလိုက်နိုင်ခြင်းကြောင့်ဟူ၍ ကျနော် မထင်မြင်ပါ။

*****

အဖ၏ သားအဖြစ်ကို ဖြတ်သန်းခဲ့ဖူးသော ကျနော်သည် ယခုအခါ သား၏ အဖအဖြစ်၌ ဖြတ်သန်းနေဆဲဖြစ်ပါ သည်။ အဖေက သားကို ဘယ်လိုမျှော်လင့်ချက်မျိုး ထားနိုင်သလဲဆိုတာ သား၏ နေရာမှာ ကြည့်မြင်ခွင့်ရပြီး ဖြစ်သကဲ့သို့ အဖ၏ နေရာမှလည်း ကြည့်မြင်ခွင့်ရဆဲဖြစ်ပါသည်။ အမိအဖတို့၏ ဘ၀၌ လိုချင်လျက် မရခဲ့ သော ကွက်လပ်ဆိုသည်မှာ အခါခပ်သိမ်း တည်တံ့မြဲမြံနေမည်ဟု ကျနော် မထင်မြင်ပါ။ အလိုဆန္ဒဟူသမျှတို့ သည် ပြောင်းလဲရွေ့လျောတတ်သောသဘော ရှိနိုင်သည်ပဲဖြစ်ပါသည်။ အလိုဆန္ဒကြောင့် ပေါ်ပေါက်ရသည့် ဘ၀၏ ကွက်လပ်ဆိုသည်မှာလည်း ရွေ့လျောနိုင်သည်ပဲ ဖြစ်ပါသည်။

သေချာသော တချက်မှာ အမိအဖဟူသမျှတို့သည် သားသမီးတို့၏ ကောင်းသော အသံ၊ ကောင်းသော ရနံ့၊ ကောင်းသော အမူအရာ၊ ကောင်းသော ဂုဏ်သတင်းတို့၌ နှလုံးညွှတ်နူး ကြည်မြူး ၀မ်းမြောက်လိုကြသည်ပဲ ဖြစ်ပါသည်။ ဤသည်ကို မျှော်လင့်ချက်ဟု ခေါ်လိုက်ခေါ်နိုင်ပါသည်။ ဇရာဗျာဓိတို့ ထောင်းထုဖိနှိပ်၍ အိုမင်း မစွမ်း မှည့်ရွမ်းကြွေလု အခါသမယသည် ဘ၀၏ နေ၀င်ချိန်ပဲ ဖြစ်ပါသည်။ အမှောင်တိုက်မစိုးမီ နေ၀င်ရီတ ရော၌ ကမ္ဘာလောကကို အသရေတင့်စေသော အချိန်ကာလတခု ရှိရဦးမည်ဆိုအံ့၊ ထိုအချိန်မှာ တိမ်တောက် ချိန်ပဲဖြစ်ပါသည်။ နေ့တနေ့၏ အလင်းမျှင်တို့ သိမ်းရုပ်တော့မည့် နောက်ဆုံးမိနစ်တို့ ဖြစ်လင့်ကစား တောက် ပစိုလက်သော အပြုံးတပွင့်ဖြင့် ဆည်းဆာသည် ကမ္ဘာလောကကို နှုတ်ဆက်ခွင့်ရသင့်သည်ပဲဖြစ်ပါသည်။

(သူငယ်ချင်း မောင်နီဌေးသို့ …)

မောင်ရင့်မာ (ကျောင်းကုန်း)
(ပေဖူးလွှာမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၁၀)

(ပေးပို့သည့် ကိုကျော်သန်းအား အထူးကျေးဇူးတင်ရှိပါသည်)

2 comments:

myochitnanda said...

တန်ဖိုးရှိလိုက်တဲ့ ပို့ စ်တစ်ခုပါပဲ ဆရာ... ရေခြား၊မြေခြားမှာ လောကအမောတွေနဲ့  မြောပြီး မိဘတွေအတွက် အလေးအနက်အတွေးတွေ နည်းပါးမိတဲ့ကျွန်တော့်ကို တပ်လှန့်  နှိုးပေးလိုက်သလိုပါပဲ... ကျေးဇူးလှိုက်လှိုက်လှဲလှဲ တင်မိပါတယ်ဆရာ...

Tun Aung Kyaw said...

ဘာမှမမျှော်လင့်ဘူး ဆိုတာတော့ လက်မခံချင်ပါဘူး- လူဆိုတာ အတ္တနဲ့ မကင်းနိုင်ကြသူတွေမို့  ငါ့သား-ငါ့သမီး ဆိုတာ ငါရဲ့မျိုးဆက်-ငါရဲ့ကိုယ်ပွါး-တနည်း အားဖြင့် ငါဘဲလို့  စွဲလမ်းမှု လေးတော့ ရှိစမြဲပါဘဲ-ဒီတော့ ငါ့သား ငါ့သမီးတွေ ဘ၀တိုးတက်ပါစေ ဆိုတဲ့ ကိုယ့်အတွက်မဟုတ်တဲ့ မိဘတွေရဲ့ ဖြူစင်တဲ့မေတ္တာမှာ တောင်မှ ငါဆိုတဲ့ အတ္တလေးက ကပ်ခိုပါလာတတ်စမြဲပါ။ ဒီအချက်ကလေးကို တွေးတောပြီး ငါတို့ အပေါ် မိဘတွေရဲ့ မေတ္တာတရား ဘယ်လောက် ထုထည်ကြီးမားမယ် ဆိုတာကို သားသမီးတွေ အနေနဲ့  သဘောပေါက်ကြ မယ်ဆိုရင် ကျွန်တော်တို့  ဟာ ကြည်နူးစရာ မိသားစု ဘ၀လေးတွေ ပိုင်ဆိုင်နှိင် ကြမှာပါ။