Saturday, December 25, 2010
ဟိုးဝေးဝေးက ခရစ္စမတ်
ဟိုးဝေးဝေးက ထိုးလိုက်တဲ့
ဘုရားကျောင်းက ခေါင်းလောင်းသံသဲ့သဲ့ကို
ရင်ထဲက နားနဲ့ ကြားတယ်။
အမေ ...
ကျနော်တို့ကို မျှော်နေရော့မယ်။
ငယ်ငယ်တုန်းက
ခရစ္စမတ်ဆိုရင်
ကျနော်တို့က အမေ့ကို အမြဲမျှော်
လက်ဆောင်တွေတပွေ့နဲ့ အမေပြန်လာရင်
ပျော်လိုက်တဲ့ဖြစ်ခြင်း ...။
ခု
ဒီနှစ်ခရစ္စမတ်မှာ
အမေအိုဟာ တံခါးကို ဖွင့်ရင်း
ကျနော်တို့ကို မျှော်နေရှာပြီ။
မိသားစုချင်း
ချစ်သူချင်း ခွဲပစ်တဲ့ ခေတ်ယုတ်ကြီး။
သေကွဲရှင်ကွဲတွေ ပိုမိုများပြားလာတဲ့ လောကဓံတရားများ။
“ငါတို့ကတော့
သေမှပဲ ခွဲမယ်ဟေ့” လို့
အမေက မကြာခဏ ပြောခဲ့ဖူးတာ။
အမေစိုက်ခဲ့တဲ့ သစ်ပင်လေး
လေနှင်ရာ ဝေးပြီးရင်း ဝေးသွားတာလည်း
မတားနိုင်ခဲ့ပါလား အမေရယ်။
ဒီဇင်ဘာ (၁) ရက်
နှင်းစက်လေးတစက်
ကမ္ဘာပေါ် ပထမဦးဆုံး ကျလာသလို
သမီးလေး
ကျနော်တို့ဘ၀ထဲကို ရောက်လာခဲ့တယ်။
အမေ့မြေးလေးကို အမေ မြင်ချင်ရှာမှာ ...
ထောင်အုတ်ရိုးသံတံခါးတွေကို ချိုးဖောက်
ခရစ္စမတ်တိုင်းရောက်လာတတ်တဲ့ 
ပါဆယ်ထုပ်ထဲက မေတ္တာတရားတွေကို
ခုဆို
ကျနော် ပိုလို့နားလည်တတ်ခဲ့ပါပြီ။
ဟိုး ... ဝေးဝေးက ထိုးလိုက်တဲ့
ဘုရားကျောင်းက ခေါင်းလောင်းသံသဲ့သဲ့နဲ့ ရောထွေးလို့
မိခင်တဦးရဲ့ သားချော့တေးသံ
ကျနော့်ရင်ထဲက နားနဲ့ ကြားနေရပြန်တယ်။
ငြိမ်းချမ်းခြင်းနဲ့ မေတ္တာတရား
ဖွားမြင်ရာ ဒီညမှာ
မိခင်တဦးရဲ့ ရင်တွင်းသောကဟာ
လှိုင်းထလို့နေတော့တယ်။
ခင်ရင်မောင်
(၂၅၊ ဒီဇင်ဘာ၊ ၂၀၀၇)
Subscribe to:
Post Comments (Atom)
1 comment:
အနှစ် ၂၀ လောက်မကျဖြစ်ခဲ့တဲ့ကျွန်တော့်ရဲ့မျက်ရည် ဒီကဗျာလေးကိုဖတ်မိတော့ အခု ကျွန်တော် မျက်ရည်ကျခဲ့ရပြီ။ကျေးဇူးတင်ပါတယ်ဗျာ။ ဖိုးခွား(ဘိတ်သားလေး)
Post a Comment