Friday, December 3, 2010

အကျဉ်းကျမှုများ

အကျဉ်းကျမှုများ
ကမာပုလဲ

အကျဉ်းကျမှု ဝေဒနာကို
အကျဉ်းခန်းထဲမှာပဲ ထားရစ်ခဲ့တယ် …။

လွတ်မြောက်မှုဟာ
ဘာနဲ့မှ မတူအောင် ချိုမြိန်လွန်းလှတယ်
ငှက်ကလေးတွေရဲ့ တေးသံက ပိုလို့ချို
လေညင်းရဲ့တေးသီဂီတက
နှလုံးသားထဲ တညိမ့်ညိမ့်ညင်သာစွာစီး
မိုးကောင်းကင်ရဲ့အပြာရောင်ဟာ
ခုမှ ပိုပြီး အေးမြ … ပိုလို့ လှပနေသလိုပဲ
အကျဉ်းကျမှု ဝေဒနာကို
အကျဉ်းခန်းထဲမှာပဲ ထားခဲ့တယ်။

မိုးရေတွေထဲ
ကလေးငယ်တယောက်လို
ပြေးလွှားဆော့ကစားချင်လိုက်တာ …
အမေရိုက်တော့
အဖေ့နောက်မှာ ကွယ်နေမယ်
ထမင်းစားတဲ့အခါ
အမေ့နားမှာ မထိုင်ဘူး
အဖေ့ရင်ခွင်ထဲမှာ နေလိုက်မယ်
အမေ အိပ်ပျော်နေမှ
တုတ်ကလေးကို ဖွက်သိမ်း
အဖေ့ဘေးမှာ ကွေးကွေးကလေး
စိတ်ချလက်ချ အိပ်လိုက်မယ် …
အကျဉ်းကျမှု ဝေဒနာကို
အကျဉ်းတိုက်ထဲမှာပဲ ထားခဲ့မယ်။

အဖေက အမှိုက်ပုံးကို ဖွတယ်
အမေက စားရမယ့် အမှိုက်၊ ရောင်းရမယ့် အမှိုက်ကို …
စွန်ငှက် သားကောင်သုတ်သလို
စနစ်တကျ ရှာဖွေတယ် …
ကျနော်ကတော့ အမှိုက်ကောက်လှည်းထဲမှာ
မြွေအရေခွံအိတ် ပုခက်ကလေးထဲမှာ …။

ကျောင်းသိပ်နေချင်တဲ့ကလေး
နောက်နှစ်မှာ ကျောင်းထွက်ရတော့မယ် …
စက်ချုပ်ရုံကို ရောက်လေမလား
စက်ဆွဲရုံကို ရောက်လေမလား
ဒါမှမဟုတ် …
ကြံခင်းထဲမှာ
နေပူပူထဲ ကြံပဲစိုက်နေရမှာလား
မဆလာ သယ်နေတဲ့
နေ့စား ပန်းရံအလုပ်သမားလေးလည်း ဖြစ်သွားနိုင်တယ်လေ။

စိတ်ရဲ့အကျဉ်းကျမှုကို
စိတ်ထဲမှာပဲ ချိုးနှိပ်ပစ်လိုက်တယ်
ဘ၀ရဲ့အကျဉ်းကျမှုကိုတော့
လက်တွေ့ရင်ဆိုင် တိုက်ပွဲဝင်မှ ရမယ်လေ
မေမေရယ်
ကျနော့်ကို …
ဓားတလက် မြင်းတစီးနဲ့
သစ္စာတရားကိုသာ
ရှာဖွေခွင့်ကို ပေးပါတော့။ ။

ကမာပုလဲ
၀၁၊ ၁၂၊ ၂၀၁၀

No comments: