Wednesday, December 1, 2010

ကမ္ဘာ့အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး

အေအိုင်ဒီအက်စ်ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား
ဒေါက်တာလွဏ်းဆွေ

မြန်မာပြည်တွင်း၌ ရှိစဉ်က တလတွင် ကျနော် တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်နေသည့် မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း၌ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် ပတ်သက်သည့် အယ်ဒီတာ့အာဘော်တခု ရေးသားဖြစ်ခဲ့ သည်။ ‘အမြင်များ ပြောင်းလဲရေးနှင့် အေအိုင်ဒီအက်စ်ရောဂါ’ ဟူသည့် ခေါင်းစဉ်နှင့်ဖြစ်သည်။ စာပေစိစစ်ရေး မှ တာဝန်ရှိသူများက ကျနော်ရေးသည့် အယ်ဒီတာ့အာဘော်ကို တပုဒ်လုံး ခွင့်မပြုဘဲ အရေးကြီးသည့် စာပိုဒ် တပိုဒ်ကို ဆင်ဆာဖြတ်လိုက်သည့်အတွက် အာဘော်ပျောက်ပြီး ဘာဆိုလိုမှန်း မသိဖြစ်ခဲ့ရသည်။

ကျနော်ရေးခဲ့သည့် စာသားအတိုင်း အတိအကျကို မမှတ်မိတော့။ ကျနော်၏ အာဘော်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူး စက်မှု၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုနှုန်းထားကို လျော့ကျအောင် ထိန်းချုပ်လိုလျှင် ရောဂါပိုး ကူးစက်နိုင် သည့် လမ်းကြောင်းများကို ဖြတ်တောက်ဖို့ ကြိုးစားရမည်။ အန္တရာယ် နည်းနိုင်သမျှ နည်းအောင် အကာအ ကွယ်ယူကြဖို့ ဆွေးနွေးပညာပေးရမည်။ ထိုအပြင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လိင်ကိစ္စအပေါ်ရှုမြင်သည့် မြန်မာ့ လူ့အဖွဲ့အစည်း၏ အမြင်တချို့ကိုလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသားခဲ့သည်။

ဥပမာအားဖြင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းရာမှတဆင့် ကူးစက်သည့်နှုန်းကို လျော့ကျအောင် လုပ် ဆောင်မည်ဆိုလျှင် အာဏာပိုင်များအနေနှင့် ရောင်းဝယ်ဖောက်ကားသည့် လမ်းကြောင်းကို အရင်ဆုံး ဖြတ် တောက်ဖို့ ကြိုးစားရမည်။ ရောင်းသူရှိ၍ သုံးစွဲသူ ရှိနေခြင်းအပေါ် သုံးစွဲသူများကို ဖမ်းဆီးအရေးယူနေခြင်း သည် မှန်ကန်သည့် နည်းလမ်းဟုတ်မဟုတ် ပြန်လည်သုံးသပ်သင့်သည်။ အရေးယူမည့်အစား ဆွေးနွေးပညာ ပေးခြင်းဖြင့် သုံးစွဲမှုလျော့နည်းအောင် လုပ်ဆောင်ရမည်။ မသုံးစွဲရလျှင် မနေနိုင်၍ သုံးစွဲနေရသူများကိုလည်း ပုန်းလျှိုးကွယ်လျှိုး ဖြစ်သလို လုပ်နေကြမည့်အစား ရောဂါပိုးကူးစက်မှု လျော့နည်းအောင် တခါသုံး ဆေးထိုး အပ်တွေ သုံးစွဲဖို့ အကြံပြုရမည်။ မူးယစ်ဆေးဝါး ဖြတ်ပြီး လူကောင်းပကတိ ပြန်ဖြစ်လာသူများကိုလည်း ‘ဘိန်း စား၊ ဖိုးသမား’ ဟူသည့် ရှေးရိုးစွဲ အမြင်များနှင့် ၀ိုင်းပယ်မထားကြဘဲ လူ့အသိုင်းအ၀ိုင်းထဲ ပြန်လည်ဝင်ဆံ့လာ နိုင်အောင် လက်တွဲခေါ်ဆောင်ဖို့အတွက် လူတဦးချင်းစီ၏ အမြင်များ ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသား ခဲ့သည်။

လိင်ကိစ္စနှင့် ပတ်သက်၍လည်း လူမှန်လျှင် ဇီဝကမ္မတောင်းဆိုမှု (Physiological Demand) ရှိကြောင်း၊ လူ တဦးနှင့်တဦး ဇီဝကမ္မတောင်းဆိုမှု မတူညီသည့်အလျောက် လိင်စိတ်နိုးကြားမှုလည်း မတူညီကြောင်း၊ ထို့အ တွက် လိင်ဆက်ဆံမှုအကြိမ်ရေ အနည်းအများသည် တဦးနှင့်တဦး မတူညီနိုင်သလို လိင်ဆက်ဆံခြင်းအပေါ် လည်း ရှက်စရာအမှုကိစ္စအဖြစ် မရှုမြင်ကြစေလိုကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းများနှင့်ပတ်သက်၍လည်း လုံး ၀ပပျောက်အောင် မလုပ်နိုင်ဘဲ ပုန်းလျှိုးကွယ်လျှိုး ရှိနေမည့်အတူတူ ကျန်းမာရေးစစ်ဆေးပြီး စနစ်တကျ လုပ် ကိုင်စေခြင်းက ရောဂါကူးစက်မှုနှုန်းထားကို အကြီးအကျယ် ကျဆင်းစေနိုင်ကြောင်း အကြံပြုရေးသားခဲ့သည်။

အိပ်ခ်ျအိုင်ဗွီပိုး အဓိကကူးစက်ရာ လမ်းကြောင်းများသည် (၁) အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း (၂) ပိုးသတ်သန့်စင်ထားခြင်း မရှိသည့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို အသုံးပြု၍ မူးယစ်ဆေးဝါးနှင့် အကြော ဆေးများကို တယောက်ပြီး တယောက် အကြောထဲထိုးသွင်းခြင်း (၃) သေချာစွာ စမ်းသပ်စစ်ဆေးထားခြင်း မရှိသည့် သွေး၊ သွေးရည်ကြည်နှင့် သွေးတွင် ပါရှိသော ဓာတ်ပစ္စည်းတမျိုးမျိုးကို သွေးကြောထဲသို့ ဆေးထိုး အပ်၊ ပိုက်များနှင့် ထိုးသွင်းခြင်း (၄) အိပ်ခ်ျအိုင်ဗွီပိုးရှိသည့် မိခင်မှတဆင့် ကလေးငယ်ဆီသို့ ကိုယ်ဝန်ဆောင် ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ချိန်များတွင် ကူးစက်ခြင်းတို့ဖြစ်သည်။

ထိုသို့ အဓိက ကူးစက်နိုင်သည့် နည်းလမ်း (၄) ခုအနက် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်မှုအန္တရာယ် (၀.၁-၁ %)၊ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းခြင်းကြောင့် ကူးစက်နိုင်မှုအန္တရာယ် (၀.၅-၁ %)၊ မိခင်မှ ကလေးသို့ ကူးစက်နိုင်မှုအန္တရာယ် (၂၀-၄၀ %)၊ သွေး၊ သွေးရည်ကြည်နှင့် သွေးမှဓာတ်ပစ္စည်းတမျိုးမျိုး သွင်း ခြင်းဖြင့် ကူးစက်နိုင်မှုအန္တရာယ် (၉၀ %) ကျော်ရှိသော်လည်း တကမ္ဘာလုံးတွင် နည်းတနည်းချင်းအလိုက် ကူး စက်ထားသည့် အရေအတွက်တွင်မှု လိင်ဆက်ဆံခြင်းကြောင့် ကူးစက်မှု (၈၀) %၊ မူးယစ်ဆေးဝါးကို အကြော ထဲထိုးသွင်းခြင်းကြောင့် ကူးစက်မှု (၉) %၊ မိခင်မှ ကလေးသို့ ကူးစက်မှု (၈) %နှင့် သွေး၊ သွေးရည်ကြည်နှင့် သွေးမှ ဓာတ်ပစ္စည်းတမျိုးမျိုးကို သွင်းခြင်းကြောင့် ကူးစက်မှု (၃) % ရှိသည်ကို လေ့လာစစ်တမ်းကောက်ယူမှု များအရ သိရှိရပေသည်။

အထက်ပါ အညွှန်းကိန်းများကို သုံးသပ်ကြည့်လျှင် လိင်ဆက်ဆံခြင်းနှင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုး သွင်းခြင်းတို့သည် ကူးစက်နိုင်မှုအန္တရာယ် အနည်းဆုံး နည်းလမ်း (၂) သွယ် ဖြစ်ကြသော်လည်း ကူးစက်ထား သည့် အရေအတွက်တွင်မူ အများဆုံးဖြစ်နေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ကျနော်၏ အယ်ဒီ တာ့စကားတွင် အရေအတွက် အများဆုံး ကူးစက်မှုဖြစ်ပွားနေသည့် အထက်ပါ နည်းလမ်း (၂) သွယ်ကို အဓိ ကထား ဖြတ်တောက်ဖို့ အကြံပြုရေးသားခဲ့ခြင်းဖြစ်သည်။ စာပေစိစစ်ရေးက မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက် သည့် အကြံပြုတင်ပြမှုကို ခွင့်ပြုသော်လည်း လိင်ဆက်ဆံခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် တင်ပြ မှုများကိုမူ ခွင့်မပြုခဲ့ပေ။

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ပြည်သူအများစုက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လိင် ကိစ္စအပေါ် ပွင့်လင်းသည့် အမြင်သဘောထားများနှင့် လက်ခံရှုမြင်မှု မရှိကြသေးဘဲ မကောင်းမှု ဒုစရိုက်ကိစ္စ၊ ရှက်စရာ ရွံစရာ ကိစ္စရပ်များအဖြစ်သာ ရှုမြင်နေကြဆဲဖြစ်သည်ကို တွေ့ရပေသည်။ အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်၍လည်း ‘ဘယ်သူမပြု မိမိမှု’ ဆိုသည့် ဆောင်ပုဒ်ဖြင့် ကူးစက်ခံစားရသူ ဝေဒနာသည်များအပေါ် အ ပြစ်ဖို့သည့်သဘော သတိပေးနှိုးဆော်သည်များကိုသာ တွေ့ရပေသည်။ ‘ဘယ်သူမပြု မိမိမှု’ ဟူသော ဆောင် ပုဒ်သည် မူးယစ်ဆေးဝါးကို အကြောထဲထိုးသွင်းမှုကြောင့်နှင့် လိင်အပျော်အပါးလိုက်စားမှုကြောင့် အေအိုင်ဒီ အက်စ်ရောဂါ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက် ဆီလျော်မှု ရှိကောင်းရှိမည်ဖြစ်သော်လည်း အခြား နည်းလမ်း (၂) ခုဖြင့် အပြစ်မဲ့စွာ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက်မူ ရက်စက်လွန်းရာကျသည့် ဆောင်ပုဒ်တခုဖြစ်နေသည်ကို တွေ့ရပေသည်။

ယနေ့အချိန်အခါတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များအား လူအများစုက ၀ိုင်းပယ်ကြသည့် အဓိကအကြောင်းတရားသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လိင်အပျော်အပါးလိုက်စားခြင်းတို့အပေါ် အပြစ်မြင် သည့် သဘောထားကြောင့်ဖြစ်သည်။ ထိုသို့ အပြစ်မြင်ပြီး ရှက်စရာ၊ ဂုဏ်သိက္ခာကျဆင်းစရာ ရောဂါတခုဖြစ် ပွားသည်ဟု သဘောထားနေကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဝေဒနာသည် များနှင့် မပတ်သက်ချင်ကြခြင်း၊ ကိုယ့်ဆွေမျိုးသားချင်းပင်ဖြစ်လင့်ကစား ဝေးဝေးနေလိုကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အမြင်အသီးသီးမှ ကြည့်လျှင်လည်း ထိုကိစ္စများအ ပေါ် အပြစ်မြင်သည့် သဘောထားများ ရှိကြမည်မှာအမှန်ပင်ဖြစ်သည်။ သို့သော် လူတဦးချင်းစီ၏ လူသားဆိုင် ရာ အခွင့်အရေးရှုထောင့်အရ ကြည့်လျှင်မူ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လိင်အပျော်အပါးလိုက်စားခြင်းတို့ကို ကိုယ်ကျင့်တရားပျက်ပြားသည့် ဂုဏ်သိက္ခ္ခာကျ၊ အရှက်ရစရာ ကိစ္စရပ်များအဖြစ် ရှုမြင်စရာအကြောင်းမရှိပေ။ ရောင်းသူ (စီးပွားရှာသူ) နှင့် ၀ယ်သူ (ဆန္ဒရှိသူ) နှစ်ဦးနှစ်ဖက် သဘောတူကြည်ဖြူ၍ လုပ်ကြသည့် ကိစ္စရပ် များအဖြစ် နားလည်ကြည့်မြင်ပေး၍ ရပေသည်။ သို့သော် ရောဂါကူးစက်ရန် အခွင့်အရေးများသည့် အုပ်စု (Risk Group) များဖြစ်၍ တတ်နိုင်ပါက ဖြတ်တောက်ဖို့၊ မဆင်ခြင်နိုင်၍ ပြုလုပ်ပါက အကာအကွယ်ယူကြဖို့ တိုက်တွန်းသတိပေးရပေမည်။

အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနိုင်သည့် အပြုအမူပိုင်းဆိုင်ရာနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေသူ ဒေါက် တာ ခင်မောင်လွင် (လမ်းမတော်) က “ပုထုဇဉ်တွေဟာ ကာမဘုံ လူသားတွေပါ။ ကာမဂုဏ်အာရုံတွေကို နှစ် နှစ်ခြိုက်ခြိုက် လိုက်စားသူတွေပါ။ … … … ခက်တာက တဏှာနဲ့ကိုယ်အချင်းချင်း သူက ပိုဆိုးတယ်လို့ လက် ညှိုးထိုး အပြစ်တင်တတ်တဲ့ လူ့သဘာဝပါပဲ။ ဒုက္ခရောက်သူကို အပြစ်ပုံချတာမျိုးတွေဟာ အေအိုင်ဒီအက်စ် ကိစ္စမှာ မူးယစ်ဆေးဝါးထက် ပိုပြီးသိသာထင်ရှားလာပါတယ်။ မကောင်းမှုပြုတဲ့သူတွေ ကိုယ်ဖြစ်ကိုယ်ခံ။ အေ အိုင်ဒီအက်စ် ဝေဒနာရှင်တွေကို လူ့အသိုက်အ၀န်းနဲ့ ဝေးရာ ပို့ထားရမယ်ဆိုတဲ့ စိတ်ကူးတွေ လွှမ်းမိုးခဲ့ဖူးပါ တယ်။ ဒါတွေဟာ အိပ်ခ်ျအိုင်ဗွီပြဿနာ ကြီးထွားစေတဲ့ အကြောင်းရင်းပါပဲ” ဟု လိင်ကိစ္စနှင့်ပတ်သက်၍ အ ပြစ်မြင်တတ်ကြပုံကို သူ၏ ဆောင်းပါးတွင် ထိုသို့ ထည့်သွင်းရေးသားခဲ့သည်။

အချုပ်အားဖြင့်ဆိုရလျှင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များကို လူ့အသိုင်းအ၀ိုင်းက ပစ်ပယ်ကြ ခြင်းသည် ဂုဏ်သိက္ခာကျ အရှက်ရစရာ ရောဂါဖြစ်နေသူများဟု ရှုမြင်မှုကြောင့် အဓိကဖြစ်သည်ကို တွေ့မြင် နိုင်ပေသည်။ ထိုသို့ ရှုမြင်ကြခြင်းသည် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ လက်ခံရာ ကျင့်သုံးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၏ သြဇာလွှမ်းမိုးမှုများနှင့်လည်း များစွာသက်ဆိုင်နေသည်ကို တွေ့ရပေသည်။ ထို သို့မဟုတ်ဘဲ လူသားဆိုင်ရာ အခွင့်အရေးရှုထောင့်မှ ပြောင်းလဲကြည့်မြင်ပေးလျှင်မှု ထိုဝေဒနာသည်များကို အသက်အန္တရာယ်ရှိသည့် ကူးစက်ရောဂါ ခံစားရသူများအဖြစ်သာ ရိုးရိုးရှင်းရှင်း ရှုမြင်နိုင်မည်ဖြစ်ပေသည်။ ထို အခါ ဝေဒနာသည်များကို ၀ိုင်းပယ်ဖို့ မစဉ်းစားကြတော့ဘဲ ကူညီဖေးမချင်စိတ်များ ဖြစ်ပေါ်လာပေမည်။ ထိုသို့ အပြစ်မမြင် ချစ်ခင်ကြင်နာသည့် စိတ်ဓာတ်များဖြင့်သာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွား မှုနှုန်းထားကို ကျဆင်းအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် “အေအိုင်ဒီအက်စ် ကြုံတွေ့သူ၊ စာနာ ကြည်ဖြူ လက်တွဲကူ” ဟူသော ဆောင်ပုဒ်အတိုင်း ကျင့်ကြံနိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ
(ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

1 comment:

Innocent said...

ကောင်းလိုက်တဲ့ဆောင်းပါးလေး..လွယ်လိုက်တဲ့အပြော..
ကိုယ်ဟာကိုယ်လည်းပြန်မေးပါ..
အခြား နည်းလမ်း (၂) ခုဖြင့် အပြစ်မဲ့စွာ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက်မူ ရက်စက်လွန်းရာကျသည့် ဆောင်ပုဒ်တခုဖြစ်နေသည်ကို တွေ့ရပေသည်။တဲ့..
အဲ့ဒီထဲကdeep in your heart, you have discriminatory attitude towards people who got HIV by having sex and drug use.
not to blame or shame, just to point out how deligate the problem is..
It is too easy to say something but it is really difficult to change the situation..
Anyway, let's try together....
recently also a famous humanitarian champion in Myanmar donated food to people with HIV. He said သေခါနီးလူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးဆိုလား...It shows how shallow his knowledge on HIV/AIDS is. People with HIV today can live just like other people. They just need proper treatment..
I hope people watch what they say...