ဘကုန်းနဲ့ ဘပြီး ဝလုံးနဲ့ ဝတဲ့ ဘဝ
မန်းလေပြေညင်း
မန်းလေပြေညင်း
ကိုယ့်နိုင်ငံက အစိုးရ အသုံးမကျလို့ သူများနိုင်ငံမှာ မျက်နှာငယ်ခံပြီး အောက်ကျနောက်ကျ လာကျွန်ခံနေရ တာပါ။ ဘယ်သူက နေချင်မှာလဲ။ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ရင် ပိုက်ဆံရတယ်ဆိုပေမယ့် စားမလောက်ဘူး။ ဝင်ငွေ ထွက်ငွေ မမျှဘူး။ ထိုင်းမှာတော့ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်တာတောင် တွက်ခြေကိုက်တယ်။ မိ သားစု ဗိုက်ဝတယ်။ ကုန်ဈေးနှုန်းပေါ့။ နှစ်ဘက်စလုံးမှာ ကုန်ဈေးနှုန်းတွေ တက်တယ်ဆိုပေမယ့် ထိုင်းမှာ အ သက်ရှူလို့ ရသေးတယ်။ ဘာသာစကား အခက်အခဲ၊ လုံခြုံရေးအကျပ်အတည်းကြားမှာ ရုန်းကန်နေရပေမယ့် ကိုယ့်တိုင်းပြည်ထက်တော့ သာတာပဲ။ ကိုယ့်နိုင်ငံက လက်လုပ်လက်စားတွေက စားဖို့အတွက် ဆန်ကို ဘူးနဲ့ ပဲ ဝယ်စားနေရတဲ့အချိန်မှာ ဒီဘက်က လက်လုပ်လက်စားတွေက ပုံးနဲ့ ဝယ်စားနိုင်တယ်။ မရှိဘူးဆိုရင်တောင် တကီလိုလောက်တော့ ဝယ်စားနိုင်ပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မျှတမှုရှိတယ်လို့ ဆိုရမှာပါ။
ဒါကြောင့်လည်း တနှစ်ထက်တနှစ် ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ဝင်ရောက်လာတဲ့သူတွေ တိုးလာတာပေါ့။ တချို့ဆိုရင် သားသမီးတွေကို ကျောင်းထုတ်ပြီး ဘန်ကောက်တက်ခိုင်းတဲ့အထိကို ကျပ်တည်းနေပြီ။ ဘယ်မိ ဘမဆို ကိုယ့်သားသမီး ပညာတတ်ဖြစ်တာ မြင်ချင်ကြတာချည်းပဲ။ ကိုယ့်မျက်စိအောက်ကနေ ပျောက်ပြီး တ နယ်ခြားမှာ သွားရောက်အလုပ်လုပ်မယ့် သားသမီးတွေကို ဘယ်စိတ်ချနိုင်ပါ့မလဲ။ ဒါပေမယ့် ဘယ်တတ်နိုင်မ လဲလေ။ ရင်နာနာနဲ့ပဲ လွှတ်လိုက်ရတာ။ ထိုင်းမှာ အရင်းအနှီးရှာပြီး ကိုယ့်နိုင်ငံထဲ ပြန်တဲ့အခါ စီးပွားရေးလုပ် ငန်းတခုခု လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတဲ့သူတွေရှိသလို ထိုင်းမှာပဲ ရေရှည် အခြေချဖို့ စီစဉ်တဲ့သူတွေ လည်းရှိပါတယ်။ တချို့က ကိုယ့်တိုင်းပြည်ပြန်ပြီး စီးပွားရေးတခုခုကို အခြေချလုပ်ကိုင်ပေမယ့် သိတဲ့အတိုင်း လျှပ်စစ်မီးက မမှန်၊ ပြည်သူတွေကလည်း ကျပ်တည်းဆိုတော့ ထင်သလောက်ကို ဖြစ်မလာပါဘူး။ ဟန်ကိုယ့် ဖို့သာ နေကြရတာပါ။
အဲ ... ကိုယ့်တိုင်းပြည်မှာဆိုပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ရတယ်လို့လည်း မထင်ပါနဲ့။ ခေါင်း စဉ်တပ်ချင်ရာတပ်ပြီး လာတောင်းတာတွေကိုလည်း ပေးရသေးတယ်။ လုပ်ငန်းရှင်ဆို ပိုဆိုးသေး။ ဟိုအသင်း၊ ဒီအသင်းတွေကိုလည်း ဘုမသိဘမသိ ဝင်နေရတယ်။ ရပ်ကွက်သန့်ရှင်းရေးဆိုပြီး လုပ်အားပေးရတယ်။ တခါ တလေ ရပ်ကွက်နဲ့မဆိုင်တဲ့ တပ်ရှေ့မှာပါ ကိုယ်ပေါက်တူးကိုယ်ထမ်း၊ ကိုယ့်ဓားကိုယ်ခါးကြားထိုး၊ ကိုယ့်ရိက္ခာ ကိုယ်ယူပြီး သွားလုပ်ပေးရတာ။ မသွားနိုင် မသွားနိုင်ရင် လူငှားရတယ်။ လူငှားဖို့အတွက်ကလည်း ပိုက်ဆံက မရှိ။ တတ်နိုင်သူတွေကတော့ ငှားကြတာပေါ့။ ဒါကြောင့်လည်း လုပ်အားပေးဆိုရင် ကလေးတွေနဲ့ အရက်သ မားတွေများနေတာ။ လူကြီးတွေက အလုပ်နဲ့လက် မပြတ်လုပ်နေရတော့ ကလေးတွေကိုပဲ သွားခိုင်းရတယ်။ အရက်သမားများတယ်ဆိုတာက လူငှားတဲ့အခါမှာ ဘယ်သူ့ကိုမှ ငှားလို့မရဘူး။ ဘယ်သူကမှ အားယားနေ တာမှမဟုတ်တာ။ ဒီတော့ ကြံ့ဖွတ်ယောင်ယောင်၊ မီးသတ်ယောင်ယောင် ကောင်တွေကိုပဲ ငှားရတယ်။ ဒီ ကောင်တွေကလည်း ရပ်ကွက်ထဲမှာ လတ်လျာလတ်လျားပဲ။ ဘာအလုပ်မှလည်းမရှိ။ ရပ်ကွက်လူကြီးတွေ၊ အတွင်းရေးမှူးတွေရဲ့ ခိုင်းဖတ် ပြည်သူ့အော့ကြောလန်တွေပေါ့။
တပ်ရှေ့မှာ လုပ်အားပေးရတယ်ဆိုလို့ တပ်ထဲက တပ်မိသားစုတွေ ဘာလုပ်နေကြလဲဆိုတော့ သူတို့လည်း တပ်တွင်းလုပ်အားပေးတွေနဲ့ ယားလို့တောင် မကုတ်အားဘူး။ တပြားမှလည်း ပိုရတာမဟုတ်တဲ့အပြင် က တော်တွေရဲ့ ထမီကိုပါ မျက်နှာလိုမျက်နှာရ လျှော်ပေးရသေးတယ်။ တခါက တပ်ထဲကိုရောက်တုန်း လူတ ယောက် ဓားသွေးနေတာတွေ့တော့ မေးကြည့်မိတယ်။ ဘာလုပ်ဖို့ ဓားသွေးနေတာလဲဆိုတော့ ဖက်ထိပ် (တပ် တွင်းလုပ်အားပေး) အတွက်ပေါ့ကွာတဲ့။ နေ့တိုင်းကို လုပ်ရတာ။ တပ်တွင်းမိသားစုတွေရဲ့ ဘဝက အင်မတန် သနားဖို့ ကောင်းပါတယ်။ တင်းကျပ်တဲ့ စစ်စည်းကမ်း စစ်မိန့်အောက်မှာ နေရတာမို့ အပြင်လူတွေလောက် မ လွတ်လပ်ပါဘူး။ ပြီးတော့ စာရိတ္တပိုင်းဆိုင်ရာတွေလည်း ချို့ယွင်းကုန်တာ တွေ့ရတယ်။
တနေ့ ... ညရှစ်နာရီလောက်မှာ သူငယ်ချင်းအိမ် သွားလည်တုန်း ဖိနပ်ကို အမှတ်မထင် အပြင်မှာ ချွတ်ထားခဲ့ မိတယ်။ ဝင်သွားတာလည်း ခဏပါပဲ။ ငါးမိနစ်တောင် မကြာပါဘူး။ ပြန်ထွက်လာတော့ ဖိနပ်မရှိတော့ဘူး။ ခွေး ဆွဲရင်တော့ တဘက်ကျန်မှာပေါ့။ သူငယ်ချင်းကို မေးကြည့်လိုက်တော့ သေချာပါပြီ။ အခိုးခံလိုက်ရပြီတဲ့။ တော်တော်လေးကို အံသြသွားတယ်။ ဖိနပ်သူခိုးရှိတယ်ဆိုတော့။ အရင်တုန်းကတော့ ရန်ကုန်လို မြို့ကြီးတွေ မှာသာ ဖိနပ်သူခိုးရှိတာ။ ကိုယ့်မြို့ကိုယ့်နယ်မှာဆိုရင် လူမရှိတဲ့ခြံထဲမှာ အုန်းသီးတလုံးကြွေကျရင်တောင် ဘယ်သူမှ ဝင်မကောက်ဘူး။ ဒါ တကယ်။ အရမ်းသန့်တာ။ ခုတော့ ... အင်းလေ။ ဘာပြောလို့ရမလဲ။ သူတို့ လည်း မရှိလို့ ခိုးရှာတာပေါ့။ အမျှပေါ့ဗျာ။
ဒီတလော ရပ်ကွက်တွေထဲမှာ ပလပ်စတစ် လိုက်ကောက်တဲ့ ကလေးတွေ ရှိတယ်။ သူတို့က လစ်ရင်လစ်သ လို ခိုးတတ်ကြတယ်။ တပ်ထဲက ကလေးတွေပေါ့။ ဒါကြောင့်လည်း ရပ်ကွက်ထဲကလူတွေ ဟိုနားဒီနား လောက် သွားလာရင် ဆင်ကြယ်၊ မြင်းကြယ် ဖိနပ်လောက်တွေကိုသာ စီးကြတာတွေ့ရတယ်။ အမယ် ... ဟိုင တိုလေးတွေကတော့ သောင်းကျော်တန် ဖိနပ်တွေနဲ့ဗျ။ သူတို့ကလည်း အကောင်းစားကိုမှ ခိုးတာကိုး။ ပြန် ရောင်းရင်လည်း သူခိုးဈေးနဲ့ တွက်ခြေကိုက်ပါတယ်။ ဖိနပ်ဆိုတာကလည်း ကိုယ့်နာမည်ထိုးထားတာမှမဟုတ် တာ။ တရံထဲရှိတာလည်းမဟုတ်ဆိုတော့ ဆုံးပေါ့ဗျာ။ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပြီး နောက်ဖေးစီးတဲ့ ဖိနပ်တ ရံ ငှားပြီး ပြန်လာရတယ်။
လူရိုက်ပြီး ထွက်ပြေးတဲ့သူတွေ၊ ဆေးခြောက်မှုနဲ့ ထွက်ပြေးတဲ့သူတွေကိုလည်း တပ်ထဲကပဲ လက်ခံထား တယ်။ တပ်ထဲမှာပဲ ဆေးခြောက်ရောင်းတယ်။ အဲ ... ရဲဝင်းထဲမှာလည်း ဆေးခြောက်တွေက ဗရပွထနေတာပဲ။ သုံးစွဲသူတွေကို မေးကြည့်ရင် တပ်ထဲက ရတာနဲ့ ရဲဝင်းထဲက ရတာလို့ပဲ ဖြေကြတယ်။ အဲ ... ဘယ်သူမှ ဝင်မ စစ်ရဲလို့ပေါ့။ နှစ်လုံး၊ သုံးလုံးဆိုရင်လည်း ရဲမိသားစုနဲ့ တပ်မိသားစုတွေ အများဆုံး ရောင်းကြတယ်။ ဖမ်းလိုက် ရင်တော့ အပြင်ကလူပေါ့။ သူတို့မိသားစုတွေ ပျက်စီးတိုင်း အရပ်သားမိသားစုတွေပါ ပျက်စီးကြရတယ်။
သူ ငယ်ချင်းလည်းဖြစ် ညီလည်းဟုတ်တဲ့ ကောင်လေးကို ဆေးခြောက် ဘယ်မှာရနိုင်မလဲလို့မေးတော့ ... ကျ နော်တို့ဆီမှာ အများကြီးပဲ။ ဘယ်လောက်လိုချင်သလဲတဲ့။ ဟ ... မဖမ်းဘူးလား။ ဖမ်းချင်ရင် စစ်တပ်ထဲကို လိုက်ဖမ်းလို့ ပြန်ဖြေတယ်။ ပြီးတော့ တပ်ထဲမှာပဲ ခေါင်းတွေရှိတယ်။ ကိုယ်နဲ့ရင်းစားတဲ့ မိန်းကလေးတွေကို ကိုယ့်ရဲ့မိန်းမ၊ ဝမ်းကွဲညီမ ဘာညာဆိုပြီး ခေါ်ထည့်ထားတယ်။ ပြီးတော့ အဆက်အသွယ်ရှိရင် ထည့်ပေးလိုက် တာဖြစ်တယ်။ သိပ်တော့မသိသာဘူး။ မိန်းကလေးက အလုပ်ဖြစ်ရင် အိမ်ရှင်ကို ပေးရတယ်။ ဘယ်လောက် နှုန်းလဲတော့ မသိဘူးပေါ့။ အိမ်ရှင်ဖြစ်သူကလည်း သူပေါင်းထားတဲ့ အထက်လူကြီးကို ပြန်ပေးရတယ်။
“အရင်က ကျမတို့ ထောက်ပို့တပ်ရင်းဆိုရင် အရမ်းသန့်တာ။ ၂ဝ၁ ခြေလျင်တပ်ရင်းနဲ့ တခြားစီပဲ။ ခုတော့ ဘယ်လိုတွေဖြစ်နေပြီလဲ မသိဘူး။ လူပေါင်းစုံတယ်။ စစ်သားဆိုရင်လည်း ဘယ်ကနေခေါ်လာလဲ မသိဘူး။ ငယ်ငယ်လေးတွေ။ အမှိုက်ပုံမှာ အိပ်နေတဲ့ အရူးလိုလို အမူးလိုလိုကောင်တွေလည်း ဆွဲခေါ်လာပြီး တပ်ထဲ ထည့်ထားတာပဲ” လို့ ရင်းနှီးတဲ့ ထောက်ပို့တပ်ရင်း မိသားစုဝင်တယောက်က ပြောပြဖူးပါတယ်။ ဒီလောက်အ ထိရှုပ်တဲ့ ပြည်တွင်းမှာ လုပ်စားရတာ မလွယ်ဘူး။ “လုပ်စားတော့ မိုးခေါင် ... ခိုးစားတော့ ခွေးဟောင်” ဆိုသ လိုပေါ့။ အရပ်သားတွေရဲ့ဘဝဟာ ကိုယ့်ဘာသာကို ရိုးရိုးသားသား လုပ်စားတာတောင် အကြောက်ကြီး ကြောက်နေရတယ်။
တခါက ရွာသားတွေ စိုက်ထားတဲ့ စိုက်ခင်းတွေ ပျက်စီးနေတာကို ကြားရတယ်။ ဒါနဲ့ သွားလေ့လာကြည့်တော့ စိုက်ခင်းတွေက တမင်တကာကို ဖျက်ဆီးခံထားရတာ။ ခင်ဗျားတို့ စိုက်ခင်းတွေမှာ ညစောင့်လေး ကင်းလေး မ ထားဘူးလားလို့ မေးလိုက်တယ်။ “အရင်တုန်းကတည်းက မထားဖြစ်ဘူး။ ဒီလိုအဖြစ်မျိုးမှမရှိတာ။ စိုက်ခင်းဆို တာကလည်း ရွာနားမှာပဲ။ ဘယ်တောကောင်မှလည်း မလာခဲ့ဖူးဘူး။ အဲ ... တချို့စိုက်ခင်းတွေက တပ်နဲ့ နီး တယ်။ အဲဒီစိုက်ခင်းတွေကတော့ အခိုးခံရတာမျိုး ရှိပါတယ်။ ရိုးရိုးတန်းတန်း ခိုးမယ်ဆိုရင် ငါတို့လည်း ဘာမှ မပြောပါဘူး။ ခုတော့ တပင်လုံးကို ဆွဲနှုတ်ပစ်ကြတယ်။ အကိုင်းလိုက်ကို ခုတ်ချပစ်တယ်။ အဲဒီလောက်ထိ တော့ ငါတို့ သည်းမခံနိုင်ဘူး။ သည်းမခံနိုင်လည်း မရဘူး၊ တခါတခါ သူတို့ကတောင် ပြန်ကြိမ်းနေသေးတယ်။ ဖမ်းတဲ့ကောင် ဂျီသရီးစာမိမယ်တဲ့”။
ဒီလိုနဲ့ တနေ့ကျတော့ ရွာသားတွေ စုပေါင်းပြီး ဝိုင်းဖမ်းကြတာ မိတယ်။ မိတာမှ အပြွတ်လိုက်ကြီး။ ဆယ့်နှစ် ယောက်ကြီးများတောင်။ တပ်ထဲက စစ်သားလေးတွေ။ ဘယ်လိုကိုင်တွယ်ရမှန်းမသိတာနဲ့ တပ်ကိုပဲ ပြန်အပ် လိုက်ရတယ်။ နောက်တခေါက် ဒါမျိုးမဖြစ်ဖို့အတွက် တပ်ရင်းမှူးကို ကိုယ်ကတောင် ပြန်တောင်းပန်ရတယ်။ ရိုးသားတဲ့ ရွာသားတွေဆီမှာ မရှိရင် တောင်းစားလို့ရရဲ့သားနဲ့ ခုလို ခိုးစားတဲ့အပြင် ထင်ရာစိုင်းတာမျိုးတော့ မ ကောင်းပါဘူး။
အဲဒီလို တပ်ကိုလည်း ကြောက်ရ၊ ငိုစား ရီစားကိုလည်း ကြောက်ရ၊ ကြံ့ဖွတ်ကိုလည်း ကြောက်ရ၊ ဒီကြားထဲ အရံမီးသတ်ဆိုတာတွေကလည်း ဟောက်လားဟိန်းလားနဲ့ တော်တော်ဆိုးတယ်။ အလုပ်ကိစ္စအတွက် ရုံးတွေ ဘာတွေများ သွားမိရင် ဟောက်လိုက်တာများ မျက်နှာက ရှစ်ခေါက်ချိုးတင်မကဘူး၊ ထွေမခင်းနိုင်ရင် ကိုယ့် စာရွက်တော့ ကြားမှာညှပ်နေပြီသာမှတ်။ ပြည်နယ်ခရိုင်ရုံးမှာ ဝန်ထမ်းလုပ်နေတဲ့ သူငယ်ချင်းတယောက်ကို မေးဖူးတယ်။ “မင်းတို့က အစိုးရဝန်ထမ်းလား ... ပြည်သူ့ဝန်ထမ်းလား” လို့။ သူကိုယ်တိုင်လည်း ဇဝေဇဝါဖြစ် ပြီး ဘာမှပြန်မပြောတတ်ဘူး။ ပြန်မပြောတတ်တာဘဲ ကောင်းပါတယ်။ ခုခေတ်က ဘာမှပြန်မပြောတတ်လေ ကောင်းလေပဲ။
တချိန်က နာမည်ဆိုးနဲ့ ကျော်ခဲ့တဲ့သူတွေလည်း ရပ်ကွက်ထဲမှာ လူကြီးလူကောင်းယောင်ယောင် လုပ်နေ တယ်။ မျက်နှာပြောင်တာပေါ့။ သူခိုးတွေက လူကြီးဖြစ်နေတယ်ဆိုတာ အမှန်ပါ။ လောင်းကစားဝိုင်းတွေမှာ ဆက်ကြေးလိုက်ကောက်၊ ဆေးခြောက်ရောင်း မဟုတ်တာအကုန်လုပ်ကြတယ်။ ပြီးရင်တော့ အမှုတွေမှာ လူ ကြီးလုပ်ပြီး သက်သေလိုက်ကြတယ်။ “တို့လည်း ဒီလိုလူမျိုးတွေကို မသုံးချင်ပါဘူး။ အမှုတခုဖြစ်လာရင် ရပ် ကွက်ထဲက လူတွေက ဘယ်သူကမှ အမုန်းခံပြီး မလိုက်ချင်ကြဘူး။ ဒါကြောင့် ဒီလိုကောင်တွေကိုပဲ မသုံးချင် ဘဲ သုံးနေရတာ” လို့ မူးယစ်က အရာရှိတယောက်က ပြောပြခဲ့ဖူးပါတယ်။ ရပ်ကွက်လူကြီးတိုင်းလည်း မ ကောင်းမဟုတ်ပါဘူး။ ကောင်းတဲ့သူလည်း ရှိတာပေါ့။ ဒါပေမယ့်လည်း လုပ်စားလာတာကြာတော့ ဒီပုံစံခွက် ထဲဝင်ပြီး ဒီပုတ်ထဲကဒီပဲ ဖြစ်ကုန်တာပဲ။ စားရမှန်း သိကုန်ကြတယ်လေ။ ထားပါတော့။ ဒါက ပြည်တွင်းမှာ ဖြစ် နေတဲ့ကိစ္စ။
ဒီလိုမျိုးတွေဖြစ်နေလို့လည်း သူများနိုင်ငံကို ရောက်လာရတယ်။ ရောက်လာတော့လည်း ဒုက္ဓရောက်တာပါပဲ။ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ၊ လုပ်ခအကြေမရှင်းမှုတွေ၊ လုံခြုံရေးပြဿနာတွေ အများကြီးပါပဲ။ ဒါပေမယ့် ဒီမှာက ပိုက်ဆံပေးနိုင်ရင် အဆင်ပြေပါတယ်။ ကိုယ်က တရားဝင်မှ မဟုတ်တာဘဲလေ ပေးရမှာပေါ့။ ပေးလို့ အဆင်ပြေတာပဲ တော်သေးတာပေါ့ (ကိုယ့်နိုင်ငံထဲမှာ နိုင်ငံသားစိစစ်ရေးကတ် ပါတာတောင် အညစ်ခံရသေး တယ်မဟုတ်လား၊ အဲဒါထက်စာရင် ဖြေသာသေးတာပေါ့)။ နောက်တခုက စောစောက ပြောသလို သူများနိုင် ငံမှာ လာနေချင်လွန်းလို့ မဟုတ်ပါဘူး။ ဒုက္ဓရောက်လွန်းလို့ပါ။ ဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အ ကျပ်မကိုင်စေချင်ဘူး။ ညှာညှာတာတာ ဆက်ဆံစေချင်ပါတယ်။ ဘယ်သူက ကိုယ့်နိုင်ငံ မပြန်ချင်ရှိပါ့မလဲ။ မ ဖြစ်မနေမို့သာ၊ လုံခြုံရေးအတွက်မို့သာ၊ စီးပွားရေးအတွက်မို့သာ လာနေရတာပါ။ ကိုယ့်နိုင်ငံက အစိုးရ အသုံး မကျလို့ အခုလို ဒုက္ဓတွေကို ခါးစည်းခံနေကြရတာပါ။ အစိုးရရဲ့မူက “တပ်မတော်သာအမိ၊ တပ်မတော်သာအ ဖ” ပဲ ဖြစ်နေသေးတာကိုး (တကယ်တော့ “စစ်အုပ်စုသာအမိ၊ စစ်အုပ်စုသာအဖ” ပါ)၊ “ပြည်သူသာအမိ၊ ပြည် သူသာအဖ” ဆိုတဲ့ အစိုးရခေတ် မရောက်သေးတော့လည်း ခံကြရဦးမှာပေါ့ဗျာ ...။ ။
မန်းလေပြေညင်း
No comments:
Post a Comment