Saturday, December 18, 2010

မိခင် သူတော်စင်

မိခင် သူတော်စင်
ကမာပုလဲ

မေမေ …
ခု မေမေ ရောက်ရှိနေတဲ့ အရပ်မှာ
အီလက်ထရောနစ်စနစ်နဲ့ စာတွေ ပို့လို့ရသလား
အပြည်ပြည်ဆိုင်ရာ ကွန်ရက်နဲ့ ၀က်ဘ်တွေ၊ ဘလောဂ့်တွေ ကြည့်လို့ရပါသလား
ဂူဂယ်ရော ရပါသလား မေမေ။

ဇော်ဂျီဖောင့်ရှိရင်
ဂူဂယ်မှာ ‘ကမာပုလဲ’ လို့ ရိုက်ထည့်လိုက်
အမေ့ကို ပစ်ခွာသွားတဲ့
သားရဲ့ အသုံးမကျတဲ့ မျက်ရည်တွေ
အဲဒီမှာ မေမေ တွေ့ရပါလိမ့်မယ်။

မရယ်နဲ့နော် မေမေ ...
မုန့်ဟင်းခါးဟင်းရည်နဲ့ ထမင်းကြမ်းထဲ
ကြွက်ချေးခဲကလေးတွေ ပေါ်အလာ
အမေနဲ့ သား
တယောက်မျက်နှာ တယောက်ကြည့်
ဟားတိုက်ရယ်မောခဲ့တာတွေ …
ခု မေမေ ရောက်နေတဲ့အရပ်မှာ
မုန့်ဟင်းခါးတပွဲ ဘယ်လောက်ပေးနေရပါသလဲ မေမေ။

မေမေရေ ...
ဒေါ်အောင်ဆန်းစုကြည် တဖန်ပြန်လွတ်လာပြန်တယ်
ကိုမင်းကိုနိုင်နဲ့ ကိုသူရက ထောင်ထဲနှစ်ရှည်
ခု ကျနော် ရောက်နေတဲ့ လက်ရှိအရပ်မှာ
“တကယ်ချစ်တဲ့သူတွေဟာ သုံးစားမရတော့ဘူး” မေမေ
သစ္စာတရားတဲ့ …
ကျနော့်ကို အရူးတယောက်လို
ဟားတိုက်ရယ်မောလွှတ်လိုက်ကြတယ်။

အစကတည်းက
နှလုံးသားမဲ့ခဲ့တာ …
မေမေ့သားဟာ
ကိုယ်ဘာကောင်မှန်းလည်း
သေချာမသိခဲ့တဲ့ကောင်ပါ မေမေ။

ရှိပါစေတော့ မေမေ ...
သားကိုယ်တိုင် နှုတ်တိုက်သင်ပေးခဲ့တဲ့
ဘုရားစာတွေ မေမေ ရွတ်ဆိုနေဆဲလား …
ကျနော် သိနားမလည်တဲ့ နောင်တမလွန်ဘ၀မှာ
အမေ့ရင်ခွင် ငြိမ်းချမ်းမှုတွေနဲ့ အတိပြီးနေပါရဲ့လား
ဒီဇင်ဘာလရဲ့ ဆောင်းညတွေမှာ
ခရစ်တော်အတွက် ...
ကလေးတွေ သီချင်းလိုက်ဆိုနေကြတယ် မေမေ
အဲဒီကလေးတွေထဲမှာ
မတူကွဲပြားတဲ့ ကိုးကွယ်မှုဘာသာတရားတွေ
ချစ်ချင်းမေတ္တာတရားနဲ့ စုရုံးပေါင်းစည်းနေကြပေါ့။

မေမေ …
ခု မေမေ ရောက်ရှိနေတဲ့အရပ်မှာ
ယုဒ သစ်ပင်တွေ မရှိဘူးမဟုတ်ပါလား
မေမေဟာ ကျနော့်အတွက်
သူတော်စင်စစ်စစ် … ဖြစ်နေဆဲပါ မေမေ ...။ ။

* ၀က်ဘ် = website
* ဘလောဂ် = blog
* ဂူဂယ် = google.
* ယုဒ = ဘုရားသခင်၏ တမန်တော်ဖြစ်သူ ယေရှုခရစ်တော်အပေါ် သစ္စာဖောက်ခဲ့သောသူ
* “တကယ်ချစ်တတ်တဲ့သူဟာ သုံးစားမရတော့ဘူး” (ယက်ဗ်တူရှင်ကို၏ ဇီမာလမ်းဆုံ ကဗျာမှ
...)

ကမာပုလဲ
၁၅၊ ၁၂၊ ၂၀၁၀

No comments: