Tuesday, November 16, 2010

ဘာတုန်းဟဲ့ ဖွံ့ဖြိုးရေး

ဇော်မင်း

မြန်မာပြည်မှာတော့ ညစ်နည်းတထောင် ရွေးကောက်ပွဲကြီး ပြီးသွားလို့ ကြံ့ဖွတ်ပါတီက နေရာပေါင်း (၈ဝ) % ကျော်နဲ့ အနိုင်ရရှိသွားတယ်လို့ ပြောနေကြပါတယ်။ သို့သော်လည်း အခုအထိ ရွေးကောက်ပွဲပြီးတာ (၉) ရက် တောင် ရှိသွားပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူတွေ တိတိကျကျ မသိရသေးပါဘူး။ လူထုဆီက ထွက် လာတဲ့ အသံကတော့ ဒီလောက်တောင် ညစ်တဲ့ဟာ သူတို့ပဲ နိုင်မှာပေါ့ဆိုတဲ့ အသံများ ဖြစ်ပါတယ်။ လော လောဆယ်မှာတော့ အစိုးရသစ်လည်း မဖွဲ့နိုင်သေးဘူးဆိုတော့ နအဖတို့ပဲ အာဏာကို ဆက်လက်ကိုင်စွဲကျင့် သုံးနေပါတယ်။

ထူးခြားတာတခု တွေ့လာရတာကတော့ အစိုးရသစ် မဖွဲ့ရသေးပေမယ့် ထိုင်းနိုင်ငံအခြေစိုက် အကြီးစားစက်မှု လုပ်ငန်း ကုမ္ပဏီကြီးတွေက သူတို့ရဲ့ စက်ရုံကြီးတွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်းအထဲက ထားဝယ်ဒေသ ဘက်မှာ တည်ဆောက်မယ်လို့ တရားဝင် ပြောကြားလိုက်ပါတယ်။ ဥပေဒသဘောအတိုင်းဆိုရင် ရွေးကောက် ပွဲအပြီး ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့သာ ဒီလိုကြီးမားတဲ့ စီးပွားရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သင့် ပါတယ်။ သို့သော်လည်း အာဏာတကယ်ရှိသူက ဘယ်သူလဲဆိုတာ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ တယ်။

ထားဝယ်ဒေသဘက်မှာ တည်ဆောက်မယ့် အကြီးစားစက်မှုလုပ်ငန်း ကုမ္ပဏီများထဲမှာ ထိုင်းနိုင်ငံက PTT လို့ ခေါ်တဲ့ ရေနံစိမ်းကနေ အခြားရေနံလောင်စာများ ထုတ်လုပ်တဲ့ အဖွဲ့ကြီး ပါဝင်ပါတယ်။ အဲသည့် ကုမ္ပကြီးဟာ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ရေနံဆိုင်ရာ ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ပါတယ်။ တခါ အကြီးစားစက်ရုံများနဲ့ ဘိလပ် မြေ ထုတ်လုပ်နေတဲ့ Siam Cement Group ဆိုတာကလည်း ထားဝယ်ဘက်မှာ စက်ရုံတွေ တည်ဆောက် ပါလိမ့်မယ်။ နောက်ကုမ္ပဏီတခုကတော့ အမည်ဖော်ပြမထားတဲ့ သံမဏိနဲ့ သံမဏိဆက်စပ်ပစ္စည်းများ ထုတ် လုပ်တဲ့ ဂျပန်ကုမ္ပဏီတခုဖြစ်ပါတယ်။

ဆိုတော့ကာ အဲသလို အကြီးစားစက်မှုလုပ်ငန်းတွေ ထားဝယ်မှာ လာရောက်တည်ဆောက်တဲ့အခါ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံအကြားမှာ လမ်းတွေ၊ တံတားတွေနဲ့ လိုအပ်တဲ့ အဆောက်အဦတွေ တည်ဆောက်ဖို့အတွက် လိုလာပါတယ်။ အဲသလို ဆောက်လုပ်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီကြီးကတော့ ထိုင်းနိုင်ငံအခြေစိုက် Italian Thai Development ဆိုတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ (၁ဝ) နှစ်စာ စီမံကိန်းအတွက် မြန်မာအာဏာ ပိုင်တွေနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစီမံကိန်း ပထမအဆင့်အတွက် ကျသင့်တဲ့ ငွေတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ (၈) ဘီလီယံ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း (၈ဝဝဝ) ရှိပါတယ်။ ဒီစီမံကိန်းပြီးစီးတဲ့ အထိ ကုန်ကျမယ့် စုစုပေါင်းငွေတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၅၈) ဘီလီယံ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် အကြီးစားစက်မှုလုပ်ငန်းကုမ္ပဏီကြီးတွေ ဘာဖြစ်လို့ မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်လာကြ တာလဲ။ ပထမအချက်ကတော့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးမှာ လွယ်ကူ တယ်။ ထားဝယ်မှာကလည်း ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မှာဆိုတော့ အနောက်ဘက်ကနေလာ မယ့် ပင်လယ်ကူး ကုန်တင်သင်္ဘောများအနေနဲ့ မလက္ကာရေလက်ကြားကို အချိန်အကုန်ခံပြီး ဖြတ်သွားစရာ မ လိုတော့ပါဘူး။ ထားဝယ်ဆိပ်ကမ်းမှာတင် ကုန်တင်ကုန်ချလုပ်နိုင်မှာဖြစ်တဲ့အတွက် သင်္ဘောတွေမှာ လောင် စာဆီ ချွေတာရာရောက်ပြီး ငွေကြေးအရလည်း ဥပမာဆိုရရင် သင်္ဘောတစင်းဟာ ဆီလောင်စာဖိုး ဒေါ်လာ တသိန်းလောက် သက်သာသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ နောက်ထပ် အကြီးစားစက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ တောင်ပိုင်းက ထိုင်းပြည်သူတွေက အကြီးအကျယ် ကန့်ကွက်လို့ဖြစ်ပါတယ်။ ထိုင်းအစိုးရကိုယ်တိုင်ကလည်း သူ့နိုင်ငံအတွင်းမှာ နောက်ထပ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို မလိုလားတဲ့အတွက်လည်း ဖြစ်ပါတယ်။ ဥပမာတခု ပြောပါ့မယ်။ “မဲ့တဖွတ်” ဆိုတဲ့ ချောင်ဘူရီမြို့နယ်အတွင်းက ကျေးရွာအနီးမှာ ရေနံဓာတုဗေဒ ပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံကြီးတခု ရှိနေပါတယ်။ အဲဒီစက်ရုံကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကြောင့် ပြီး ခဲ့တဲ့ (၁ဝ) နှစ်အတွင်း “မဲ့တဖွတ်” ကျေးရွာက ရွာသားအများအပြား ကင်ဆာရောဂါရပြီး အတော်များများ သေ ဆုံးခဲ့ပါတယ်။ ရွာထဲမှာ လူမသေဖူးတဲ့အိမ်ဆိုတာ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ကင်ဆာရောဂါကို ဆက် လက်ခံစားနေရတဲ့ ရွာသားများ အများအပြား ရှိနေဆဲပါ။ အဲဒီအတွက် ရွာသားများနဲ့ စက်ရုံပိုင်ရှင် ကုမ္ပဏီတို့ အကြားမှာ တရားတဘောင်ဖြစ်နေတာလည်း နှစ်တွေမနည်းတော့ပါဘူး။ Mae Ta Phut Case လို့ဆိုလိုက်ရင် ထိုင်းနိုင်ငံမှာ လူတိုင်းသိတဲ့ ကိစ္စကြီး ဖြစ်ပါတယ်။ နောက်တချက်တော့ အကြီးစားစက်မှု လုပ်ငန်းတွေက စွန့် ပစ်သွန်ထုတ်လိုက်တဲ့ အညစ်အကြေးများကြောင့် ချောင်းမြောင်းတွေ ညစ်ပတ်ပျက်စီးလို့ ဒေသခံတွေရဲ့ ရေချို ငါးဖမ်းလုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။ စက်ရုံကြီးများရှိနေတဲ့ ဒေသတဝှိုက်က လယ်ကွင်းတွေလည်း ဓာတု ဗေဒဓာတ်သင့်ကုန်လို့ စိုက်ပျိုးရေးသမားတွေ ဆုံးရှုံးရတာတွေဟာလည်း မနည်းလှပါဘူး။

အဲသလို အကြောင်းများကြောင့် အလားတူ စက်ရုံကြီးများ ထပ်မံတည်ဆောက်ဖို့ ထိုင်းအစိုးရကလည်း တွန့် ဆုတ်တွန့်ဆုတ်ဖြစ်နေသလို ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်သူများပါ မလိုလားဘဲ အကြီးအကျယ် ကန့်ကွက် နေတာမို့ မြန်မာပြည်က ရေနက်ဆိပ်ကမ်းတည်ရှိမယ့် ထားဝယ်ဒေသဟာ အကြီးစားစက်မှုကုမ္ပဏီကြီးများအ တွက် ပစ်မှတ်ကောင်း ဖြစ်နေရတာပါ၊

အထက်က ပြောပြခဲ့တဲ့ သတင်းများနဲ့ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်လေးတခုလည်း ဖြစ်ပျက်ခဲ့ပါတယ်။ နိုဝင် ဘာလ (၇) ရက်နေ့ မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မြန်မာပြည်က စီးပွား ရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ကမ္ဘောဇ ဦးခင်ရွှေ (ခေါ်) ဒေါက်တာခင်ရွှေ ဘန်ကောက်မြို့ကို ရောက်လာ တယ်လို့ကြားသိရပါတယ်။ သူရဲ့ ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ဟာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့သာဖြစ်ပြီး တချို့ ကလည်း နိုင်ငံခြားတက္ကသိုလ်တခုကနေ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ ဟန်ပြဒေါက်တာဘွဲ့ကြီးသာဖြစ်ကြောင်း ပြောကြပါတယ်။ ရောက်လာရတဲ့အကြောင်းကတော့ ထိုင်းအခြေစိုက် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များနဲ့ လာရောက်တွေ့ဆုံတယ်လို့ ကြားသိရပါတယ်။

အဲဒီအစည်းအဝေးမှာ ဦးခင်ရွှေက သူဟာ အခုဆိုရင် ပြည်သူတွေက မဲနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ် (ကြံ့ဖွတ်အမတ်) ဖြစ်သွားပြီ ဆိုတဲ့အကြောင်း ပြောပါသတဲ့။ ထိုင်းစီးပွားရေးသမားများက အစိုးရဖွဲ့ရင် ဦးခင်ရွှေ ဘယ်ရာထူးမျိုးရနိုင်သလဲလို့ မေးကြတယ်လို့ ဆိုပါတယ်။ အဲတော့ ဦးခင်ရွှေက သူအနေနဲ့ အနည်း ဆုံး ဒုတိယသမ္မတဆိုလား၊ ဒုတိယဝန်ကြီးချုပ်ဆိုလား အဲသလို ရာထူးမျိုးကို ရလိမ့်မယ်လို့ အဖြေ ပြန်ပေး တယ်လို့ ကြားရပါတယ်။ တဆက်ထဲမှာလည်း ဦးခင်ရွှေက ခင်ဗျားတို့ ထိုင်းကုမ္ပဏီကြီးတွေ မြန်မြန်လာပြီး ရင်းနှီးမြှုပ်နှံကြ၊ မဟုတ်ရင် တရုတ်ကုမ္ပဏီတွေက အားလုံး လက်ဝါးကြီးအုပ်သွားလိမ့်မယ်ဆိုပြီး အကြံပေး တယ်လို့လည်း သိရပါသေးတယ်။

ရွေးကောက်ပွဲအပြီး နောက်တရက်မှာ ဘန်ကောက်ကို ချက်ချင်းထွက်လာပြီး အခုလို စီးပွားရေးကိစ္စတွေ လုပ် တာဟာ စစ်အစိုးရက မျက်နှာသာပေးထားလို့သာ လုပ်နိုင်တယ်ဆိုတာကို အထင်အရှားမြင်ရပါတယ်။ နောက် အစိုးရသစ် ဖွဲ့လာမယ့်အချိန်မှာလည်း အနာဂတ်မှာ တကယ်တမ်း အာဏာရှိမှာကတော့ တပ်ချုပ်ကြီးသာဖြစ် တယ်ဆိုတာကို ဘယ်သူငြင်းနိုင်မှာလဲ။

နောက်တချက်ကတော့ မြန်မာပြည်က ပြည်သူတွေအနေနဲ့ ရေရှည်မှာ အဲသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အကြီးစား စက်မှုလုပ်ငန်းကြီးတွေကြောင့် ကိုယ့်တိုင်းပြည်က သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးမယ်။ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာတွေအတွက် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြနိုင်ခွင့် မရှိ သေးတာကိုလည်း ဝမ်းနည်းဖွယ်မြင်ရပါတယ်။ ထိုင်းနိုင်ငံကတော့ ဒီမိုကရေစီ အထိုက်အလျောက် ထွန်းကား တဲ့ နိုင်ငံဆိုတော့ အုပ်ချုပ်သူအစိုးရဟာ နိုင်ငံသားပြည်သူတွေရဲ့အသံကို နားထောင်ရပါတယ်။ နိုင်ငံသားတွေ တောင်းဆိုတာကို ပြည်ငဲ့ကြည့်ရပါတယ်။ ဒါဟာ မြန်မာပြည်အခြေအနေနဲ့ ဘယ်လောက်ကွာဟနေသလဲဆို တာကို ထင်ဟပ်ပြသရာလည်း ရောက်ပါတယ်။

ကြံ့ဖွတ်အများစု အမတ်တွေရယ်၊ စစ်ဗိုလ်တွေရယ် ပေါင်းပြီး အစိုးရသစ် ဖွဲ့မယ်ဆိုရင် မေးရမယ့် မေးခွန်းတခု ကတော့ သူတို့မှာ နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့ ခိုင်ခံ့တဲ့ ပေါ်လစီတွေရှိရဲ့လား ဆိုတာပဲ ဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးလုပ်ရင်း သဘာဝပတ်ဝန်းကျင်တွေ ဒေ သခံ ပြည်သူတွေ အကြီးအကျယ် ထိခိုက်တာမျိုးဖြစ်ခဲ့ပါတယ်။ လူနည်းစုသာ အကျိုးခံစားရပါတယ်။ အဲသည် တော့ ကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးရေးကိုလုပ်မယ်ဆိုရင် သူများနိုင်ငံမှာဖြစ်ခဲ့တဲ့ အမှားတွေကို အစိုးရလုပ်မယ့်သူတွေ က သင်ခန်းစာယူဖို့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကလည်း မေးထိုက်တဲ့ မေးခွန်းလို့ ဆိုပါရစေ။

ဇော်မင်း
(၁၆) ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်

2 comments:

Unknown said...

သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှုအခြေနေများ အိမ် ရာမြေ ဆုံးရှုံးမှုများကို တိတိကျကျ တာဝန်ယူ နိုင်လျှင် တော့ ကြိုဆိုပါမည်။

Unknown said...

ခင်ရွှေကထိုင်းမြန်မာချစ်ကြည်ရေးအသင်းမှာ မြန်မာဘက်က အရေးပါတဲ့ရာထူးကို ယူထားတယ် ထိုင်းဗိုလ်ချုပ်ဟောင်းတွေ လက်ရှိဗိုလ်ချုပ်တွေပါတဲ့အဖွဲ့မှာ သူကပြောပေးရင် မြန်မာပြည်က အငြိမ်းစားတို့ လက်ရှိဗိုလ်ချုပ်တို့မိသားစုတွေ ထိုင်းစစ်ဆေးရုံတွေမှာ အလကားကုလို့ရတယ် လက်တွေ့မို့လို့ပြောတာပါ