Friday, November 29, 2013

ချမ်းဆောင်းမြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီက ရခဲ့ဖူးတဲ့ အဖိုးတန်ပျော်ရွှင်မှု

ချမ်းဆောင်းမြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီက ရခဲ့ဖူးတဲ့ အဖိုးတန်ပျော်ရွှင်မှု
ဒေါက်တာလွဏ်းဆွေ

မန္တလေးဘူတာကြီးကို ရထားဆိုက်တော့ မနက် (၇) နာရီကျော်ကျော်ပဲ ရှိသေးသည်။ ရန်ကုန်ကနေ ညနေ (၅) နာရီထွက်လာသည့် အမှတ် (၅) အဆန်အမြန်ရထား အချိန်မှန်ဆိုက်ရောက်သည်ဟု ပြောရမည်။ ဖေဖော် ၀ါရီလထဲမို့လားမသိ။ ရထားပေါ်က ဆင်းဆင်းချင်း လာရောက်ပွေ့ဖက် နှုတ်ဆက်သည့် မန္တလာသူ ဆောင်း အပျိုမက အတော်ပင် ဥရောပဆန်နေသည်။ ရန်ကုန်ကနေ အနွေးအင်္ကျီနှစ်ထည် ယူလာမိလို့ တော်သေး သည်။ အတွင်းမှာ ဆွယ်တာတထပ်၊ အပြင်က ကုတ်အင်္ကျီတထပ်။ ဒါတောင်မှ မေးက ခိုက်ခိုက်တုန်ချင်နေ သည်။ ဘူတာအပြင်ဘက်တွင် နှင်းတွေ ဖွေးပိတ်နေသည်။ အခါတိုင်း ဘူတာအထွက် အ၀ရောက်သည်နှင့် ရှေ့တည့်တည့် လမ်း ၃၀ အတိုင်း မျှော်ငေးမိတတ်သည့် ရှမ်းရိုးမကြီးကို ယခုမတွေ့ရ။ ချမ်းလွန်း၍ ဂွမ်းစောင် အဖြူပွပွကြီး ခေါင်းမြီးခြုံကာ ကွေးနေသည်ထင်သည်။ ရေးတေးတေးပင် မမြင်ရ။

“ချမ်းဆောင်းမြမြ xxx သောကာလ၀ယ် xxx နှင်းမြူမှုန်ဖွေးဖွး xxx သူ့မျက်နှာတရေးရေး xxx မြင်ယောင်မိ ပါသေး xxx မြင်ယောင်မိပါသေး xxx အတွေးနဲ့လွင့်ပါး xxx နှင်းဆမ်းသော လမ်းဝယ် xxx”

“အကို တက္ကစီငှားမလား” ဆိုသည့်အသံက ရှမ်းရိုးမကို လွမ်းနေမိသည့် ကျနော်၏ ဖီလင်ကို လန့်ဖျပ်ပြီး ရပ် တန့်သွားစေသည်။ လက်ထဲမှာ ဘယ်ညာကိုင်ထားသည့် ကျွတ်ကျွတ်အိတ်ကြီး နှစ်ထုပ်ကို ကျနော် ငုံ့ကြည့် လိုက်သည်။ ပုဒ်မ ၅ ညနှင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် (၇) နှစ်ခွဲ ကျခံနေရသည့် မန္တလေးဆေး ကျောင်းမှ ညီတော်မောင်ကို ထောင်ဝင်စာတွေ့ဖို့ တောင်ငူဘူတာသို့ ရထားအဆိုက်တွင် အဖေနှင့် အမေ ထည့်ပေးလိုက်သည့် အထုပ်တွေဖြစ်သည်။ အမေက လောဘတကြီး အများကြီး ချက်ပြုတ်ကြော်လှော်ပေး လိုက်သည့်အတွက် အထုပ်တွေက ဆွဲရတာ နည်းနည်းလေးနေသည်။ ရထားပေါ်မှာကတည်းက စဉ်းစားလာ သည်မှာ ရထားပုံမှန်ဆိုက်လျှင် ဟိုတယ်တွင် ပစ္စည်းထားပြီး အမေလူထုဒေါ်အမာကို အရင်သွားနှုတ်ဆက် မည်။ ကန်တော့မည်။ ရထားနောက်ကျလျှင် အိုးဘိုထောင်ကို တန်းသွားပြီး နောက်မှ အမေဒေါ်အမာဆီသွား မည် ဟူ၍ဖြစ်သည်။ အခုတော့ ပုံမှန်ရထားဆိုက်သည့်အတွက် အချိန်စောနေသေး၍ ဟိုတယ်တခုခုမှာ အထုပ် တွေထားပြီး အမေဒေါ်အမာဆီ အဦးဆုံးသွားကန်တော့ဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။

''လူထုစာအုပ်တိုက်ကို သိလားဗျ'' ဟု ကျနော် ပြန်မေးလိုက်တော့ တက္ကစီသမားက ''သိတယ် ဆရာမကြီး လူ ထုဒေါ်အမာအိမ်ကို သွားမလို့လား။ ဧည့်သည်တွေ ခဏခဏ သွားပို့နေကျပဲ'' ဟု ပြောသည်။ ''မဟုတ်ဘူး လူ ထုတိုက်နဲ့ နီးတဲ့ဆီမှာ တည်းမလို့ပါ။ ၈၄ လမ်းပေါ်က ဟိုတယ်တခုခုကို ပို့ပေးဗျာ'' ဟုပြောပြီး ကားနောက်ခန်း ပေါ် ကျနော်တက်လိုက်သည်။ ဘူတာကြီးရှေ့ ၇၈ လမ်းမကြီးအတိုင်း ကားဘီးစလိမ့်သည်နှင့် အေးစိမ့်စိမ့် မန္တလေးဆောင်းလေကို အားပါးတရ ရှူရှိုက်ရင်း အာငွေ့တွေ ကျနော်မှုတ်ထုတ်နေမိသည်။ ၂၆ ဘီလမ်းဘက် သို့ ကားအကွေ့တွင်မူ နန်းမြို့ရိုးနှင့် ကျုံးပန်းချီကားကို ခံစားချင်သည့်စိတ်က ခေါင်းထောင်ထလာသည့်အ တွက် အလျင်အမြန် ခေါင်းပြူကြည့်လိုက်မိသည်။ သို့သော် မထင်မှတ်ဘဲ သစ်သစ်လွင်လွင် နန်းမြို့ရိုးကြီးနှင့် ထုံးဖွေးဖွေး ကန်ဘောင်ထဲက ကျုံးရေပြင်ကို တွေ့လိုက်ရသည့်အခါ အံ့သြမှင်သက်မိခြင်းနှင့်အတူ ကျနော့် စိတ်ထဲ ဒေါသထောင်းကနဲ ဖြစ်သွားလေသည်။ ရှေးဟောင်းအမွေအနှစ်တွေကို ကျွမ်းကျင်သူ ပညာရှင်များနှင့် စနစ်တကျ မထိန်းသိမ်းဘဲ လုပ်ချင်သလို လျှောက်လုပ်ပစ်နေသည့် စစ်အုပ်စု၏ မိုက်မိုက်မဲမဲ လုပ်ရပ်တွေ အတွက် ကျနော် နှမြောတသ ယူကျုံးမရဖြစ်ပြီး ကြေကွဲဒေါသထွက်မိခြင်းဖြစ်သည်။

ကျုံးဘေးပလက်ဖောင်း ခပ်ကျယ်ကျယ်တွင် တရုတ်အမျိုးသမီးများ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်နေကြ သည်။ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကို ကြည့်ရသည်မှာ ယခင်နှစ်ခေါက် မန္တလေးသို့ရောက်ခဲ့စဉ်က ငေးမောခဲ့ရ သလို အတိတ်ကို လွမ်းတချင်စရာ ဆွေးဆွေးမြေ့မြေ့ မှိုင်းမှိုင်းပျပျ အရသာမျိုး မခံစားရတော့။ အိုဟောင်းရင့် ရော်ခြင်း၏ သင်္ကေတအမှတ်လက္ခဏာတွေ ပျောက်ဆုံးကုန်ပြီး လောလောလတ်လတ် ဆောက်လုပ်ထား သည့် နန်းမြို့ရိုးအသစ်ကြီးကို မြင်တွေ့ရသလိုမျိုး ဖြစ်နေသည့်အတွက် စိတ်ထဲ အတော်ပင် ကသိကအောက် ဖြစ်နေတော့သည်။

ဈေးချိုနာရီစင်အရောက်တွင် ကားက ဘယ်ဘက်သို့ ချိုးကွေ့ပြီး ၈၄ လမ်းအတိုင်း မောင်းလာသည်။ ဈေးချိုကို လွန်လာပြီးနောက် ၂၉ လမ်းမရောက်မီတွင် ကားထိုးရပ်သွားသည်။ ကားသမားဆင်းသွားပြီး ပါရမီဟိုတယ် ဟူသည့် ဆိုင်းဘုတ်အောက်က မှန်တခါးကို တွန်းဖွင့်ဝင်သွားသည်။ ခဏအကြာတွင် ပြန်ထွက်လာပြီး တ ယောက်ခန်း လေးရာဟု လာပြောသည်။ ဈေးသင့်သည်ဟုထင်ပြီး အဆိုပါ ပါရမီဟိုတယ်တွင်ပင် တည်းခိုဖို့ ကျ နော်ဆုံးဖြတ်ကာ ကားခရှင်းပေးလိုက်သည်။ အိတ်တွေဆွဲပြီး ကျနော်ဝင်တော့ ကားသမားပါ ပြန်လိုက်ဝင်လာ သည်။ ကောင်တာတွင် တူညီဝတ်စုံနှင့် ဟိုတယ်ဝန်ထမ်း အမျိုးသမီးနှစ်ဦးကို တွေ့ရသည်။ အမျိုးသမီးတဦးထံ ကျနော်ငွေရှင်းပြီး ကားသမားကို လှည့်ကြည့်လိုက်တော့ ဧည့်သည်ပို့ပေးသည့်အတွက် ဟိုတယ်မှ ပေးပုံပေါ် သည့် ဘောက်ဆူးငွေကိုယူပြီး ပြန်ထွက်သွားသည်ကို တွေ့ရသည်။ ဈေးကွက်စီးပွားရေးခေတ် မန္တလေး၏ ထုံး စံတခုဖြစ်မည်ဟု ကျနော်တွေးပြီး ပြုံးလိုက်မိသည်။

မန္တလေးကို ယခုတကြိမ်မတိုင်မီ နှစ်ခေါက်သာ ကျနော်ရောက်ဖူးသည်။ နောက်ဆုံးရောက်ခဲ့သည့် အခေါက် သည် ၁၉၉၄ ခုနှစ်တွင်ဖြစ်သည်။ ထိုအချိန်က မြားနတ်မောင်မဂ္ဂဇင်းကို ကျနော်တာဝန်မယူသေး။ ရန်ကုန် တွင်ကျောင်းတက်နေစဉ် အကိုနှင့် ညီရှိရာ မန္တလေးဆေးကျောင်းကို အလည်လာရောက်ခြင်းဖြစ်သည်။ ယခု တကြိမ် ၁၉၉၈ တွင်မူ ညီကို ပထမဆုံးအကြိမ် ထောင်ဝင်စာ လာတွေ့ခြင်းဖြစ်သည့်အပြင် မြားနတ်မောင် မဂ္ဂဇင်းကို တာဝန်ယူနေသည်မှာလည်း တနှစ်နှင့်လေးလနီးပါး ရှိပြီဖြစ်သည့်အတွက် မန္တလေးရှိ စာရေးဆရာ များနှင့် အေးအေးဆေးဆေး တွေ့ဆုံလိုခြင်းကလည်း လာရင်းအကြောင်းတရပ်ဖြစ်သည်။

မန္တလေးစာရေးဆရာများနှင့် တွေ့ဆုံချင်သည့်အထဲတွင် အထူးသဖြင့် ပြင်ပတွင် တကြိမ်တခါမှ ကျနော်မတွေ့ ဖူးသေးသည့် အမေလူထုဒေါ်အမာကို နှုတ်ဆက်ကန်တော့ရင်း စာမူတောင်းလိုခြင်းသည် အဓိကဖြစ်သည်။ မဂ္ဂဇင်းကို စတင်တာဝန်ယူစဉ်ကတည်းကလည်း အမေလူထုဒေါ်အမာထံ လစဉ် မေတ္တာလက်ဆောင်စာအုပ် တွေ ပေးပို့ပြီး စာမူတောင်းခံခဲ့သည်။ သို့သော် ထိုအချိန်အထိ အမေဒေါ်အမာထံမှ စာမူရောက်ရှိမလာသေး။ ထို့ကြောင့် ထောင်ဝင်စာတွေ့ပြီးလျှင် အမေနှင့်တကွ ကျနော်ဆုံချင်သည့် စာရေးဆရာများကို တွေ့ဆုံရန်အ တွက် မန္တလေးတွင် နှစ်ညအိပ် သုံးရက်ခန့် အေးအေးဆေးဆေးနေဖို့ ဆုံးဖြတ်လိုက်လေသည်။

ခရီးပန်းလာပြီး ငြီးစီစီဖြစ်နေသည့်အတွက် လန်းဆန်းသွားအောင် ရေအမြန်ပြေးချိုးလိုက်ရင် ကောင်းမလား ကျနော်စဉ်းစားသည်။ သို့သော် မန္တလေးဆောင်းက ဟိုတယ်ထဲအထိပါ ချမ်းလွန်းနေ၍ ရေမချိုးတော့ဘဲ ကိုယ် လက်သာ သန့်စင်လိုက်သည်။ ထို့နောက် အ၀တ်အစားအိတ်ထဲမှ နောက်ဆုံးထုတ် မြားနတ်မောင်မဂ္ဂဇင်းတ အုပ်ကိုယူကာ အမေလူထုဒေါ်အမာဆီသွားဖို့ ဟိုတယ်မှ ထွက်လာခဲ့တော့သည်။ ၈၄ လမ်းအတိုင်း ဈေးချိုကို ကျောပေး၍ ကျနော်လျှောက်လာခဲ့သည်။ ၂၉ လမ်းအကျော်တွင် ယူနီစန်ဟူသည့် လက်ဖက်ရည်ဆိုင်ကြီးကို တွေ့သဖြင့် နံနက်စာစားဖို့ ဆိုင်ထဲဝင်လိုက်သည်။ ကျနော့်အကြိုက် မန္တလေးမုန့်တီစားပြီး လက်ဖက်ရည် သောက်ရန် စားပွဲထိုးကို မှာလိုက်သည်။

၈၄ လမ်းပေါ်က မန္တလေးနံနက်ခင်းသည် လှုပ်လှုပ်ရှားရှား ဆူညံနေသည်။ စစ်ကိုင်း၊ အမရပူရဘက်မှလာ သည့်ဈေးကား (ဒိုင်နာကား) များ၊ ဈေးသည်များ၊ ဆိုက္ကားများ၊ ဆောင်းနံနက်ခင်း လမ်းလျှောက်ထွက်သူများ နှင့် သက်ဝင်လှုပ်ရှားနေသည်။ ၈၄ လမ်းနှင့်အပြိုင် ယူနီစန်ဆိုင်ထဲတွင်လည်း အိပ်မှုံစုံမွှား စားပွဲထိုးများ၏ အော်ဟစ်သံများနှင့် ဆူညံနေသည်။ ဤယူနီစန်လက်ဖက်ရည်ဆိုင်သည် မန္တလာသား စာရေးဆရာများ၏ ဆုံရပ်ဟု မဂ္ဂဇင်းတွေထဲတွင် ဖတ်ရသည်။ ထိုသို့ ဆုံရပ်ဖြစ်ရသည့်အကြောင်းတွင် ယူနီစန်ဆိုင်ဘေးရှိ ထွန်း ဦးစာပေမှ ဒကာတော် ကိုထွန်းဦး ရှိနေခြင်းကလည်း အကြောင်းအရင်းတရပ်ဟု သိရသည်။ အခုတော့ စော နေသေး၍ထင့်။ အသိမိတ်ဆွေ တဦးတယောက်မျှ မတွေ့ရသေး။ မနက်ဖြန် မနက်မှပင် ထပ်လာဖို့ဆုံးဖြတ်ပြီး ပိုက်ဆံရှင်းကာ လူထုတိုက်ရှိရာ ၃၃ လမ်းဘက်ဆီ ဆက်လျှောက်လာခဲ့သည်။

တံခါးပွင့်နေပြီဖြစ်သည့် လူထုတိုက် အောက်ထပ်ထဲ ကျနော်ဝင်သွားသည့်အခါ အစ်မကြီး မတင်ဝင်းကို အလုပ် စားပွဲတွင် တွေ့ရသည်။ “ကျနော် မြားနတ်မောင်မဂ္ဂဇင်းက ဒေါက်တာလွဏ်းဆွေပါ၊ အမေနဲ့ တွေ့ချင်လို့ လာ တာပါ” ဟုပြောပြတော့ “ဟုတ်ကဲ့ ထိုင်ပါဦးရှင့်” ဟုပြောပြီး အစ်မကြီး မတင်ဝင်း အပေါ်ထပ်တက်သွားသည်။ ခဏအကြာတွင် ပြန်ဆင်းလာပြီး “အမေနိုးနေပြီ၊ ခဏစောင့်ပေးပါဆရာ” ဟုဆိုသဖြင့် ထိုင်စောင့်ရင်း အောက် ထပ်ပုံနှိပ်စက်အခန်းနံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားများကို ငေးမောနေမိသည်။ အစ်မကြီးမတင်ဝင်းက စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်နေသည်။

“ငါ့သား ဘယ်ရထားနဲ့ လာလဲကွဲ့” ဆိုသည့်အသံကြားမှ အပေါ်ထပ်မှဆင်းလာသည့် အမေဒေါ်အမာကို ကျ နော်လှည့်ကြည့်လိုက်မိသည်။ အမေ့ကို ပထမဆုံးအကြိမ် စတင်တွေ့ဖူးခြင်းဖြစ်သည်။ မန္တလေးဆောင်းကို အန် တုဖို့ အမေက အနွေးအကျီထူထူကြီး ၀တ်ထားပြီး ခြေအိတ်လက်အိတ်တွေပါ စွပ်ထားသည်ကို တွေ့ရသည်။ အမေ့ကို “ညနေ ၅ နာရီအမြန်နဲ့ပါ အမေ” ဟု ကျနော်ပြန်ပြောလိုက်တော့ အမေက “ငါ့သား ကြားပြီးပြီလား၊ ညကပဲ ကိုမြသန်း ဆုံးသွားတယ်။ အမေ့ဆီ ဖုန်းတွေဆက်ကြတယ်။ အခုမနက် ဘီဘီစီမှာလည်း လာသွားပြီ” ဟုပြောလိုက်ရာ ကျနော် ကြက်သီးမွေးညင်းများပင် ထသွားမိသည်။ “ဟုတ်လား အမေ၊ ကျနော် မကြားမိသေး ဘူး။ အခုရထားဆင်းဆင်းချင်း အိတ်တွေထားပြီး အမေ့ဆီတန်းလာခဲ့တာ။ ကျနော်တောင် ဒီကအပြန်မှာ ဆ ရာ့ဆီ စာမူလာယူဖို့ ချိန်းထားသေးတာ” ဟု ကျနော်ကပြောတော့ အမေက“အေးကွယ် အမေတို့ဘက်က လူ တွေလည်း တယောက်ပြီး တယောက်ကို ဆုံးပါးနေတော့တာပဲ။ ကိုမြသန်းကို နှမြောလိုက်တာ။ အလုပ်တွေ တ အားလုပ်နိုင်တဲ့သူ၊ စာတွေအများကြီး ရေးနိုင်တဲ့သူ” ဟု ပြောပြီး အမေ့အသံ တိမ်ဝင်သွားသည်။

ခဏကြာမှ အမေကပင် စကားပြန်ဆက်သည်။ “ဒါနဲ့ ငါ့သားလာတာ အလည်သက်သက်လား၊ မဂ္ဂဇင်းကိစ္စအ တွက်လား” ဟု အမေက မေးသည်။ “မဟုတ်ဘူး အမေ၊ အိုးဘိုထောင်ထဲက ညီကို ထောင်ဝင်စာလာတွေ့ရင်း လာခဲ့တာပါ” ဟု ကျနော်ပြောတော့ အမေက “အော် ဟုတ်လား၊ ညီလေးက ဘာဖြစ်လို့လဲကွဲ့၊ ဘယ်နှစ်နှစ်ကျ တာလဲ” ဟု အံ့အားတသင့် မေးသည်။ “မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်ခံရတဲ့ အရေးအခင်းမှာ ပါသွား တာပါ အမေ၊ (၇) နှစ်ခွဲပါ” ဟု အစချီပြီး အမေ့အား ဖြစ်ကြောင်းကုန်စင်ကို အကျယ်တ၀င့် ပြောပြလိုက်လေ သည်။

အမေက “ဒီခေတ်ကြီးမှာ တရားဥပဒေဆိုတာ မရှိတော့ ဒီလိုပဲ မတရားဖမ်းဆီးနှိပ်စက်ခံနေရတာပါပဲ ငါ့သား ရေ။ ကိုညိုဆိုလည်း အခုအထိကို မလွတ်နိုင်သေးဘူး။ အမေဆို အခုအသက်အရွယ်အထိ အိုးကြီးအိုမနဲ့ သ ရက်ထောင်ကို ထောင်ဝင်စာ သွားသွားတွေ့နေရတာ။ နောက်ပြီး လမ်းကြောမသင့်လို့ ထောင်ဝင်စာသွားတွေ့ ရတာတော်တော်ဒုက္ခရောက်တာ” ဟု တိုးတိုးညင်းညင်း ပြောလေသည်။ ထိုအချိန်က အမေ့သား အငယ်ဆုံး ဖြစ်သည့် ကိုညို (စာရေးဆရာ ညီပုလေး) သည် လွှတ်ရက်စေ့သည့်တိုင် လွတ်မြောက်လာခြင်း မရှိသေးဘဲ ဆက်လက်အကျဉ်းကျခံနေရချိန်ဖြစ်သည်။

ညီတော်မောင်အကြောင်း အမေနှင့် ဆက်လက်ပြောဆိုပြီး ပါလာသည့် မြားနတ်မောင်မဂ္ဂဇင်းကို အမေ့ကို ပေး လိုက်ရာ အမေက “ငါ့သားပို့ပေးတဲ့ မြားနတ်မောင်မဂ္ဂဇင်းတွေ အမေ အကုန်ဖတ်ရတယ်။ စာမူတောင်းတဲ့စာ လည်း ရတယ်။ အမေ စာမူရေးပြီး ပို့ပေးလိုက်မယ်နော်။ ခဏစောင့်” ဟု ပြောလေသည်။ ကျနော် အတော်ပင် ၀မ်းမြောက်သွားမိပြီး “ဟုတ်ကဲ့အမေ၊ ကျေးဇူးပါပဲ” ဟုပြောကာ တမံတလင်းပေါ်ဆင်းထိုင်ပြီး အမေ့ကို ဦးချ ကန်တော့လိုက်လေသည်။

အမေက ညီလေးအတွက်ရော ကျနော့်အတွက်ပါ ဆုတွေတောင်းပေးအပြီးတွင် “ငါ့သား ခဏထိုင်ဦး” ဟုဆို ကာ အကူမပါဘဲ တယောက်တည်း အိမ်ပေါ်ပြန်တက်သွားသည်။ ဆယ်မိနစ်ခန့်အကြာတွင် ပြန်ဆင်းလာရာ အမေ့လက်မှ လိမ္မော်သီးနှင့် ပန်းသီးတွေထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကြီး ဆွဲလာသည်ကို တွေ့ရသည်။ အမေက “ညီလေးစားဖို့ ငါ့သားယူသွားပေးဦး။ ကျန်းမာရေးဂရုစိုက်ဖို့လည်း ညီလေးကို ပြောလိုက်ပါ။ ဒါပဲ အ ရေးကြီးတယ်” ဟုပြောပြီး ကျနော့်လက်ထဲ ကျွတ်ကျွတ်အိတ်ကြီး လာထည့်လေသည်။ “ကျေးဇူးပဲအမေ ကျ နော့်ကို ခွင့်ပြုပါဦး” ဟု ပြောပြီး နံဘေးရှိ အစ်မကြီး မတင်ဝင်းကိုပါ နှုတ်ဆက်ကာ လူထုတိုက်ထဲမှ ကျနော် ထွက်လာခဲ့သည်။ အမေက ခြံဝအထိ လိုက်လာပြီး “ညီလေးကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောလိုက်ဦးနော် ငါ့ သား” ဟု ထပ်မှာနေလေသည်။

ညီတော်မောင်ကို ထောင်ဝင်စာတွေ့အပြီးတွင် အမေလူထုဒေါ်အမာကိုလည်း နှုတ်ဆက်ကန်တော့ပြီးပြီမို့ ဆ ရာမြသန်းတင့်၏ ဈာပနကို အမီလိုက်ပါပို့ဆောင်နိုင်ရန် ဆွဲထားသည့် အစီအစဉ်တွေကို ဖျက်သိမ်းပြီး ညနေရ ထားနှင့်ပင် ကျနော် ရန်ကုန်ပြန်ဆင်းခဲ့တော့သည်။ ထိုသို့ အမေနှင့် ခဏတာတွေ့ဆုံခွင့်ရခဲ့ပြီး သိပ်မကြာ လိုက်ချေ။ တရက်တွင် လူထုတိုက်တံဆိပ်နှင့် စာအိတ်တအိတ် ကျနော့်အယ်ဒီတာစားပွဲပေါ် ရောက်ရှိလာ သည်။ ကျနော် ရင်ခုန်စွာဖြင့် စာအိတ်ကို ဖောက်လိုက်သည်။ အထဲမှ ထွက်လာသည့် အမေ့လက်ရေးနှင့် စာ မူကို ဖတ်နေရင်း ကျနော့်လက်တွေတုန်နေသည်။ “ကိုဗဟိန်းသို့ စကားကြွေး” တဲ့။ အမေ့လက်နှင့် ကိုယ် တိုင်ရေးထားသည့် စာမူ …။ ကျနော်၏ အယ်ဒီတာဘ၀အတွက် အမေ ပထမဆုံး အသိအမှတ်ပြု ချီးမြှင့်သည့် စာမူ။ ထိုစာမူအတွက် ကျနော်ပျော်ခဲ့ရသည့် အပျော် …။ ထိုအပျော်သည်ကား အယ်ဒီတာ ငချွတ်ငတားလေး ဖြစ်သည့် ကျနော့်အတွက် အမေ ပထမဆုံးပေးအပ်ခဲ့သော ဘာနှင့်မှမလဲနိုင်သည့် အဖိုးတန်ပျော်ရွှင်မှု ဖြစ်ခဲ့ လေသည်။

ဒေါက်တာလွဏ်းဆွေ
(ကွယ်လွန်သူ အမေလူထုဒေါ်အမာ၏ ၉၈ နှစ်ပြည့် မွေးနေ့အမှတ်တရ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

1 comment:

yone said...

ဖတ်ခဲ့ရဘူးတဲ့ အမေပြောခဲ့တဲ့ စကားတခွန်းကိုပဲ ကျနော် သတိရမိတော့တယ်...
"အင်း... လူ့ဘ၀၊ လူ့ဘ၀။ ဘယ်လိုစိတ်ကောင်း စေတနာကောင်းရှိရှိ၊ ဘယ်လို ကိုယ်ကျိုးစွန့်ပြီး ဘယ်လိုအနစ်နာခံခံ၊ ဘယ်လိုကြိုးစားကြိုးစား သူ့သမိုင်းနဲ့သူ့အရုပ်က လှလှပပ တင့်တင့်တယ်တယ် ကျန်ရစ်ခဲ့တာ မှန်ပေမယ့် သေမင်းကိုတော့ မလွန်ဆန်နိုင်ကြဘူး" (လူထုဒေါ်အမာ - 'နှမြောတသ ယူကျူံးမရနဲ့ လွမ်းလောက်တဲ့ ရေးဖော်တွေ'၊ မိုးဂျာနယ် အတွဲ ၈၊ အမှတ် ၃ မှ၊ ၁၉၉၈၊ ဧပြီ။)