ဒေါက်တာလွဏ်းဆွေ
ယနေ့ခေတ် လူငယ်လူရွယ်များသည် ရက်စက်ကြမ်းကြုတ်သော စစ် အာဏာရှင်စနစ်ဆိုးအောက်တွင် နေထိုင်ကြီးပြင်းနေရသည်။ ထိုလူ ငယ်များမျက်စိလည် လမ်းမှားလျှင် အပျက်နွံတွင်းသို့ ဆွဲခေါ်သွားမည့် ထောင်ချောက်များက ဘက်ပေါင်းစုံမှ စောင့်ကြိုနေသည်။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ လောင်းကစား (ဘောလုံး၊ နှလုံးထီ၊ ချဲထီ)၊ လိင်အပျော်အပါး … စသည်ဖြင့် မြှူဆွယ်မှုထောင်ချောက်များ က များပြားလွန်းလှသည်။
အဆိုပါ ထောက်ချောက်များကို သတိရှိရှိ၊ အသိရှိရှိ ချိန်ချိန်ဆဆ မ ကျော်လွှားနိုင်ဘဲ အပျက်နွံအတွင်း သက်ဆင်းကာ စောစီးစွာ အသက် ဇီဝိန်ချုပ်ငြိမ်းကုန်ကြသည့် လူငယ်လူရွယ်တွေ တနေ့တခြား များပြား လာသည်။ စာရေးဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ ရုပ်ရှင်မင်းသား … စသည့် နာမည်ကျော် လူငယ်လူ ရွယ် လူလတ်ပိုင်းများမှသည် ကျောင်းသားလူငယ်၊ အရပ်သားလူငယ်များအထိ ထောင်ချောက်စက်ကွင်း မ လွတ်ကင်းနိုင် ဖြစ်ကြရသည်။
စစ်အုပ်စုက ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ နိုင်ငံရေးဘက် ခြေဦးလှည့်လာမည်ကို အထူးစိုးရိမ် သည်။ နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက်တွေ ပြင်းပြထက်သန်လာပြီး ဒီမိုကရေစီရေးအတွက် တထောင့်တနေ ရာမှနေ၍ ပါဝင်တိုက်ပွဲဆင်လာကြမည်ကို အထူးကြောက်ရွံ့သည်။ ထို့အတွက် အညွန့်တလူလူ တက်နေ သည့် လူငယ်များ နိုင်ငံရေးဘက် ခြေဦးမလှည့်စေရန် အဆိုပါ ထောင်ချောက်များကို စစ်အုပ်စုက စနစ်တကျ အကွက်ချဖော်ဆောင်ထားခြင်းဖြစ်သည်။ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသက်ဆိုးရှည်ရေး အတွက်ဆိုလျှင် ဘာပဲလုပ်ရလုပ်ရ အစွမ်းကုန် ကောက်ကျစ်ယုတ်မာမည်ဆိုသည့် လူစားမျိုးတွေဖြစ်သည်။
သို့သော် ထောက်ချောက်များကို ကျော်လွှားကာ ဒီမိုကရေစီရေးတိုက်ပွဲထဲ ပါဝင်ဆင်နွှဲလာသည့် ရဲရဲတောက် ကျောင်းသားလူငယ်များလည်း ထွက်ပေါ်လာသည်။ ထိုလူငယ်များကို စစ်အုပ်စုက အရွယ်နှင့်မမျှသည့် နှစ် ရှည်ထောင်ဒဏ်များ ချမှတ်ကာ ရက်ရက်စက်စက် အပြစ်ပေးသည်။ လူငယ်လူရွယ်များ နိုင်ငံရေးဘက်သို့ နောက်ထပ် ခြေဦးမလှည့်ရဲအောင် နှိပ်ကွပ်ပြခြင်းဖြစ်သည်။
ထိုသို့နမူနာပြ နှိပ်ကွပ်နေသည့်ကြားမှ နိုင်ငံရေးကို သက်စွန့်ဆံဖျား လုပ်ဆောင်နေသည့် လူငယ်များ ဆက် လက်ထွက်ပေါ်နေသကဲ့သို့ နှိပ်ကွပ်မှုများကို ကြည့်ပြီး နိုင်ငံရေးနှင့် ခပ်ကင်းကင်း နေကုန်ကြသည့် လူငယ်များ လည်း တနေ့တခြား များလာသည်။ ကောင်းနိုးရာရာ သင်တန်းပေါင်းစုံ လျှောက်တက်သည်။ တချို့ နိုင်ငံခြား အထိထွက်ပြီး ပညာဆက်သင်သည်။ ထို့နောက် ရရာအလုပ်ဝင်လုပ်ရင်း တိုင်းပြည်အပြောင်းအလဲကို မျှော်နေ ကြတော့သည်။
ထိုအထဲတွင် အိုင်တီနည်းပညာကို လက်လှမ်းမီသည့် လူငယ် (အထူးသဖြင့် နိုင်ငံပြင်ပရောက်လူငယ်) များ လည်းပါသည်။ ထိုလူငယ်များထဲမှ တချို့တချို့က အင်တာနက်မှတဆင့် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲနှင့် ပတ် သက်ဆက်နွယ်သည်များကို ဖတ်ရှုမိပြီး (အစာမကြေဖြစ်၍လားမသိ) မြန်မာ့နိုင်ငံရေးတွင် နအဖကလည်း ဆိုး၊ အတိုက်အခံတွေလည်း မကောင်း၊ ထို့ကြောင့် ကိုယ့်အတွက်ပဲ ကိုယ်လုပ်တော့မည်၊ ငါတို့သည် ‘ME’ Generation ဟူသည့် အတွေးအခေါ်မျိုး ဖြစ်တည်ကုန်ကြသည်ဟု ကြားရလေ၏။
ထိုသို့ ကြားရသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးကို သတိရမိ ပြန်၏။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က “အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူ တွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင်ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိ က ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက် မဲမှုဖြစ်လာ၏။”
“ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လားဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးက တော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခု တော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင် ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှ လည်း လောကီတည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။”
“လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည် မှန်းပေ၏။ ထို့ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း” ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ဆိုရလျှင် နိုင်ငံရေးနယ်ပယ်၌ နအဖစစ်အုပ်စုဘက်မှ လူတိုင်းလည်း လူဆိုးဖြစ်မည်မဟုတ်သလို အတိုက်အခံ အုပ်စုဘက်မှ လူတိုင်းလည်း လူကောင်းဟု ပြော၍ရမည်မဟုတ်။ လောဘ၊ ဒေါသ၊ မောဟ အချိုးအစား မတူ ညီသည့် လူအမျိုးမျိုး နအဖစစ်အုပ်စုဘက်တွင် ရှိမည်ဖြစ်သလို အတိုက်အခံဘက်တွင်လည်း ရှိနေမည်မှာသေ ချာပေသည်။ ထို့ကြောင့် နိုင်ငံရေးနယ်ပယ်သည် ညစ်ညမ်းသည်၊ စိတ်ကုန်စရာဖြစ်သည်ဟုယူဆလျှင် ထိုညစ် ညမ်းမှုသည် ပါဝင်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်များ၏ လောဘ၊ ဒေါသ၊ မောဟကြီးမှုနှင့် တရားမစောင့်နိုင်မှု တို့ကြောင့်ဟု ဆိုရမည်ဖြစ်၏။ နိုင်ငံရေးကို ဟန်ပြလုပ်စားသည့် လူတွေကြောင့် ညစ်နွမ်းရခြင်းဖြစ်၏။
ယခုအချိန်တွင် နအဖစစ်အုပ်စုဘက်မှ လောဘ၊ ဒေါသ၊ မောဟ ကြီးမားသူများ၊ တရားမစောင့်နိုင်သူများ အာ ဏာရှိကာ အစွမ်းကုန် ဆိုးသွမ်းနေသဖြင့် တိုင်းပြည်စုတ်ပြတ်မွဲတေနေသကဲ့သို့ နောင်တချိန် အတိုက်အခံတို့ အာဏာရချိန်၌လည်း လောဘ၊ ဒေါသ၊ မောဟ ကြီးမားသူများ၊ တရားမစောင့်နိုင်သူများ ပါမလာဟု တထစ်ချ ပြော၍ ရနိုင်မည်မဟုတ်ပေ။ ထိုအခါမျိုးတွင်လည်း ထိုလောဘ၊ ဒေါသ၊ မောဟကြီးသော၊ တရားမစောင့်သော အတိုက်အခံများကြောင့် အနည်းနှင့်အများဆိုသလို တိုင်းပြည်ငါးပါးမှောက်နိုင်သည်သာဖြစ်၏။ ရှေ့တွင်လည်း နမူနာများ ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးနယ်ပယ်အတွင်းသို့ လောဘ၊ ဒေါသ၊ မောဟနည်းပြီး တရားပိုစောင့်နိုင်သည့် စိတ်ကောင်းနှလုံးကောင်းရှိသူများ ပိုမိုဝင်ရောက်လုပ်ကိုင်ကြပါစေဟုသာ ဆုတောင်း နေမိတော့၏။
ယခုစာအုပ်ကို ရေးသားသူ ‘နေသွင်’ သည်လည်း လူငယ်တဦးဖြစ်၏။ သို့သော် သူကား နိုင်ငံရေးနှင့် ခပ်ကင်း ကင်းနေထိုင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေသည့် လူငယ်တဦးမဟုတ်သလို တပ်ဦးမှနေ၍ အလံကိုင်ပြီး ရဲရဲ တောက် တိုက်ပွဲဝင်နေသည့် လူငယ်မျိုးလည်းမဟုတ်။ သူကား နိုင်ငံရေးကို စိတ်ဝင်စားပြီး တိုက်ပွဲနှင့် မကင်းမ ကွာ နေထိုင်ကာ တိုက်ပွဲကို အထောက်အကူဖြစ်စေမည့် နိုင်ငံတကာ အခင်းအကျင်းများကို ကြိုးစားပမ်းစား ရှာဖွေတင်ပြပေးနေသူ လူငယ်သတင်းထောက်တဦးဟု ဆိုရမည်ဖြစ်သည်။ သူ၏ ဆောင်းပါးများကို ဖတ်ရှု ကြည့်လျှင် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ ပြီးမြောက်အောင်မြင်ရေးအပေါ် ထားရှိသည့် သူ၏ စေတနာကို ရိပ် စားမိကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ယခုစာအုပ်တွင် နိုင်ငံတကာ ရွေးကောက်ပွဲအခင်းအကျင်းများအား နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပတော့ မည့် နအဖစစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ယှဉ်ထိုးကာ သုံးသပ်တင်ပြထားသည်ကို အဓိက ဖတ်ရှုရမည်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သို့ ရောက်ရှိအောင် ဦးတည်တိုက်ပွဲဝင်နေသည့် မိမိတို့အနေနှင့် ရွေး ကောက်ပွဲဆိုသည့် အခင်းအကျင်းနှင့် လွတ်ကင်းနိုင်ကြမည်မဟုတ်သလို တိုက်ပွဲပြီးမြောက်အောင်မြင်ရေးအ တွက်လည်း မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဖြစ်ရကား စာရေးသူ ‘နေသွင်’ ၏ တာဝန်သိသိ အပင်ပန်းခံ ကြိုးပမ်းအားထုတ်မှုသည် အမိမြန်မာနိုင်ငံတော်၏ အနာဂတ်ကို ငြိမ်းချမ်းသာယာဝပြောအောင် တည်ဆောက်ပြုပြင်လိုသော စိတ်စေတနာကောင်းရှိသူများအတွက် အတိုင်းအတာတခုအထိ အထောက်အ ကူဖြစ်စေမည်ဟု တထစ်ချ ယုံကြည်မိပါသည်။ ။
ဒေါက်တာလွဏ်းဆွေ
(နေသွင်၏ ‘ရွေးကောက်ပွဲအလွန်’ စာအုပ်မှ အမှာစာ ...)
Saturday, November 6, 2010
ထောင်ချောက်များ၊ တာဝန်သိမှုများကြားမှ လူငယ်တဦး၏ စေတနာ
*****
Subscribe to:
Post Comments (Atom)
No comments:
Post a Comment