Saturday, October 23, 2010
ပျံသန်းနိုင်စွမ်းတောင်ပံများနှင့် နှင်းဖြူဇီးကွက်များ
မည်သူ ဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲက တေး” သီချင်းသံ လွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်တရက် တုန့်ကနဲ ရပ်သွားသလိုလို။ ထို့နောက် သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံအကြား အတွေးများ စုန်ချီဆန်ချီ ကူးလျက်။ သည်အခြေအနေသည် တိုက် ဆိုင်မှုတရပ်သာဖြစ်သည်ဆိုလျှင်လည်း အတော်ထူးခြားသည့်တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။
စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ” ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာ စကားတွင် စာအုပ်၏ မူလအမည်မှာ PEN ဖြစ်ကြောင်း၊ P မှာ Poem (ကဗျာ)၊ E မှာ Essay (အက်ဆေး) ဖြစ် ၍ N ကား Novel (ဝတ္ထု) ကို ဆိုလိုကြောင်း၊ အဆိုပါ စကား (၃) လုံး၏ အစအက္ခရာများအား ပေါင်းစပ်ဖန်တီး လိုက်သောအခါ “ကလောင်” ဟု အနက်အဓိပ္ပါယ်ရကြောင်း၊ မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာများ၏ စာ ပေလက်ရာသစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စား ပုံ၊ စကားသုံးနှုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် ရေးဖွဲ့ချက်အကြောင်းအရာများကို အရင်းအတိုင်းသုံးသပ် လေ့လာမိစေရန် တတ်နိုင်သမျှ အတိအကျ ပြန်ဆိုထားကြောင်းဆိုပါသည်။ စာအုပ်ကို ဖတ်ကြည့်လျှင် ဘာ သာပြန်ဆိုသူ၏ စေတနာနှင့် အားထုတ်မှုကို ထင်ထင်လင်းလင်း မြင်ရလိမ့်မည်။ ကျေးဇူးကြီးလှသည်ဟု အောက်မေ့၏။ စာအုပ်ကို ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါများနှင့် ဆွေးနွေးချက်များ ဟူ၍ အခန်း (၄) ခန်းခွဲ စီစဉ်ထားပြီး နောက်ဆက်တွဲသဘော စာရေးသူတို့၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားသည်မှာလည်း ထူးခြား ချက်လိုဖြစ်နေသည်။
လောလောလတ်လတ် ကျနော် ဖတ်နေသည်က ၁၉၇၂ နှစ်အတွက် စာပေနိုဘယ်လ်ဆုရှင် ဂျာမန်စာရေးဆ ရာ ဟိန်းနရစ်ဘိုးလ်၏ “သူတို့ပျံမပြေးကြပေ” ဆိုသည့် ဆွေးနွေးချက်များ အခန်းပါ စာတပုဒ်။ ဆွေးနွေးချက် များ ခေါင်းစဉ်အောက်တွင် ထည့်ထား၍သာ ဆွေးနွေးချက်ဖြစ်ရသည်ထင်၏။ တကယ်က ရသစာတမ်းလိုလို၊ ဘာလိုလို ကျနော်လည်း မခွဲခြားတတ်။ စာပေဝေဖန်သူတို့သာ လိမ္မာတတ်ပွန်ပေလိမ့်မည်ထင်သည်။
စာ စလျှင်စချင်း စာရေးသူက “ယခုနှစ်တွင် အရေးအပါဆုံးသော ယဉ်ကျေးမှုနှင့် လူမှုရေးပွဲလမ်းသဘင်ကိစ္စ ဆိုသည်မှာ အဘယ်နည်းဟု သင်သိလိုပေလိမ့်မည်” ဟုဆိုကာ “ဤပွဲလမ်းနှစ်ရပ်ကို အဘယ်ကြောင့် သီးခြား ခွဲသင့်ပါသနည်း” ဟု မေးလိုက်သည်။ “ယဉ်ကျေးမှုနှင့် လူမှုရေးသည် ခွဲခြား၍ ပိုင်းခြား၍မရနိုင်” ကြောင်း သူ့ အမြင်ကို တင်ပြလာသည်။ ထို့နောက် “အနုပညာနှင့် လူမှုအသိုက်အဝန်း (လူ့အဖွဲ့အစည်း) သည်သာ အစဉ် အမြဲပင် တသီးတခြားဖြစ်ပေသည်” ဟုဆို၍ သူ့အယူအဆကို ဝံ့ဝံ့စားစား ထုတ်ဖော်ချပြလိုက်သည်။ သဘော တူခြင်းမတူခြင်း လက်ခံခြင်း လက်မခံခြင်းတို့မှာ ဘက်သဘော ရပ်တည်ချက်ကိစ္စအဖြစ် နှလုံးပိုက်၍ စာကို ဆက်ဖတ်နေမိသည်။
သူ့အနေနှင့်ဆိုလျှင် “ဤနှစ်ခု၏ အရေးပါဆုံးသော ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်ချက်နှင့် အရေးပါဆုံးသော လူမှုရေးဆောင်ရွက်ချက်ဆိုသည်မှာ ဒေသတိရိစ္ဆာန်ရုံရှိ နှင်းဖြူဇီးကွက်မကြီးထံ နှစ်တပတ်လည် လည်ပတ် ခြင်းပင်ဖြစ်သည်” ဟု ဆိုလိုက်ရာ ကျနော့် စိတ်တွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြတ်ကနဲ လျှပ် ပြေးသွား၏။ ဘယ့်နှယ် ရှေ့မှာ တလျှောက်လုံး အရေးပါသည့် ယဉ်ကျေးမှုတို့၊ အရေးပါသည့် လူမှုရေးဆောင် ရွက်ချက်တို့ အနုပညာနှင့်လူ့အဖွဲ့အစည်းတို့ စသည့် ကြီးကျယ်ခမ်းနားလှသည့် စကားများပြောလာနေရင်းမှ သူ၏ အရေးပါသော ယဉ်ကျေးမှုနှင့် လူမှုရေးဆောင်ရွက်ချက်မှာကား နှစ်စဉ်သွားနေကြအတိုင်း တိရိစ္ဆာန်ရုံ က ငှက်တကောင်ကို သွားကြည့်တာ ဆိုပါကလား။ ဘယ်လိုပါလိမ့်ဟု သိချင်စိတ်က တဖွားဖွားပေါ်လာ၏။
ထို့နောက် ဆက်လက်၍ ထိုဇီးကွက်မကြီး အကြောင်းနှင့် ထိုဇီးကွက်မကြီးထံ သူအဘယ်ကြောင့် နှစ်စဉ်သွား ရောက်လည်ပတ်ရကြောင်းကို “အဘယ်အရာသည် ဇီးကွက်မကြီးထံ (ဝါ) သူ၏ ရှေ့မှောက်သို့ သွားရောက်ရ လေအောင် ဆွဲဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ခံတွေ့ဆုံနိုင်သူမဟုတ်ပါ။ ထိုမှတပါး သူတွေ့ဆုံရသူအတွက် အလွန်စေ့စေ့စပ်စပ် ဆန်းစစ်တတ်သောကြောင့်ဖြစ်ပေသည်” “ကျွန်ုပ်အား ဆွဲဆောင် သောအရာမှာ သူသည် အလွန်လှပ၍ အလွန်စင်ကြယ်ပြီး၊ အလွန်လိမ္မာ၍ အလွန်ရိုင်းခြင်းပင်ဖြစ်ပေသည်။ ထို မှတပါး သူသည် အလွန်လည်း ရဲရင့်ပေသည်။ သို့ရာတွင် ယခုအချိန်တွင်ကား သူ၏ ရဲရင့်မှုကို များစွာအသုံးမ ချနိုင်သေးပေ။ သူ၏ ခံနိုင်ရည်ရှိသောအရာကို တွက်ဆရသလောက်မှာ သူ၏ လှောင်အိမ်သံတန်းများသာ ဖြစ်ပေသည်” ဟု ပြော၍ ထိုဇီးကွက်မကြီး၏ ပကတိ အခြေအနေနှင့် စရိုက်သဘာဝကို ဖော်ညွှန်းလိုက်သည်။
လှပခြင်းနှင့် စင်ကြယ်ခြင်းကို တွဲဖက်ပြ၍ ရဲရင့်ခြင်း၊ လိမ္မာခြင်းတို့ရှိသည်မှန်သော်လည်း ထိုအရည်အချင်းများ ကို သူ အသုံးမချနိုင်သေးကြောင်း၊ လောလောဆယ်တွင် သူ့ခံနိုင်ရည်ကို တိုင်းဆရန်မှာ လှောင်အိမ်နှင့် သံ တန်းများသာဖြစ်ကြောင်း လှပစွာ ရေးဖွဲ့ပြ၏။ ငှက်တကောင်အနေဖြင့် လူတယောက်လို ဧည့်ထောက်ခံခြင်းမ ပြုနိုင်မှန်း၊ ပြီးတော့ လာသမျှလူကို စေ့စေ့စပ်စပ် ဝေဖန်ဆန်းစစ်တတ်တတ်ကြောင်း ထိုအရာများက သွား လည်ချင်စရာမဟုတ်သော်လည်း သူ သွားလည်ချင်အောင် ဖမ်းစားနိုင်သည့် အကြောင်းများရှိနေလို့သာ သွား လည်ဖြစ်ကြောင်း ပြောထားသည်ဟု သိလာရ၏။ တိရိစ္ဆာန်ရုံတွင် မြင်ခဲ့ဖူးသည့် သံလှောင်အိမ်ကြီး များအ တွင်းမှ ငှက်ကြီးများကို ပြန်မြင်မိသည်။ ကျနော့် စိတ်အထင် သူပြောသည့် “ရိုင်းသည်” ဆိုသည်မှာလည်း အင်္ဂလိပ်လို Wild ကို ညွှန်းသည်ထင်၏။ ဤသို့ဆိုလျှင် သဘာဝအတိုင်းဖြစ်သော၊ အပြုအပြင်မရှိသော၊ ဟန် ဆောင်ဖုံးကွယ်မှုတို့ကင်းသော၊ ဧည့်ခန်းဆောင်မှလူယဉ် ကျေးမဟုတ်သော အရိုင်းဆန်ခြင်းသာဖြစ်ရမည်။ မ သွေးရသေးသည့် ကျောက်မျက်ကို အရိုင်းတုံးဟုခေါ်သည့်နှယ် ဖြစ်လေမည်လားဟု တွေးမိသည်။
စာရေးသူက သူနှင့် ထိုဇီးကွက်ကြီးတို့ မည်သည့်အကြောင်းအရာများ ဆွေးဆွေးနွေးကြသည်ကို စာဖတ်သူ၏ သိချင်စိတ်ကို အောက်ပါအတိုင်း နှိုးဆွပေးပြန်ပါသည်။ “စာရေးဆရာသည် နှင်းဖြူဇီးကွက်နှင့် အဘယ်အရာ ကို ဆွေးနွေးသနည်း” ဟု စကားခံပြီး သူနှင့် နှင်းဖြူဇီးကွက်တို့ ဆွေးနွေးချက်များကို တဆက်တည်း ပြောချ လိုက်၏။ “မကုန်ခန်းနိုင်သော အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေသည်။ ယခုနှစ်တွင်ကား ကျွန်ုပ်တို့၏ ဆွေးနွေးချက်ခေါင်းစဉ်မှာ လွတ်လပ်ရေး၏ အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေ သည်” ကျနော်တို့ ငြင်းလို့ခုန်လို့ကောင်းသည့် ခေါင်းစဉ်ပါလား။ မည်သည့်အခါမှ ရေးမကုန်ပြောမခမ်းသည့် အကြောင်းအရာဖြစ်နေပါရောလား။ “ပုံသဏ္ဍန်နှင့် အနှစ်သာရ” Form and Essence of freedom “လွတ် လပ်ခြင်း၏ ပုံသဏ္ဍန်နှင့် အနှစ်သာရ”
စာရေးသူက နှင်းဖြူဇီးကွက်မကြီးကို စဆွေးနွေးပုံကို အောက်ပါအတိုင်းဆိုသည်။ “အခြားရေခဲငှက်နှင့် လင်းတ ကြီးများကဲ့သို့ အမိုးမဲ့လေဟာပြင် ခြံဝင်းကာရံပေးထားပါသလား” ဟု မေးသည်။ ဇီးကွက်မကြီးက “ဟုတ်ကဲ့” ဟု ဖြေသည်။ “သို့ရာတွင် သူက ငြင်းပယ်ခဲ့သည်။ လှောင်အိမ်ကိုသာ ပို၍ သဘောကျသည်” ထိုအချီအချ စ ကားပြောခန်းကို ကျနော့် နားလည်ချက်မှာ အခြားသော ရေခဲငှက်နှင့် လင်းတကြီးများကို အမိုးမရှိသည့် ခြံကြီး များတွင် လှောင်ထားပြီး သူ့ကျမှ ဘာလို့ လှောင်အိမ်ထဲ ထည့်ထားရသနည်းဆိုသည်ကို စာရေးသူက သိလို၍ ဇီးကွက်မကြီးအား မေးမြန်းကြည့်လိုက်ခြင်းဖြစ်သည်။ သည်တွင် ဇီးကွက်မကြီးက သူ့အားလည်း ထိုသို့နေချင် ပါသလား မေးသည့်အခါ၊ သူက ထိုသို့မနေချင်ကြောင်း လှောင်အိမ်ကိုသာ ပို၍သဘောကျကြောင်းပြောပြီး၊ အမိုးမဲ့ ဝင်းခြံကို ငြင်းဆန်ခဲ့ကြောင်း ပြန်ပြောပြဟန်ဟု သဘောရသည်။
ထိုရောအခါ စာရေးသူက “ဖြစ်မှဖြစ်ရလေ” ဟု ညည်းတွားမိလိုက်သည်။ ဆက်ပြီး “ထို့ပြင်လည်း ဤစင်ကြယ် သော၊ လှပသော၊ လိမ္မာသော၊ ရိုးသော ဇီးကွက်မကြီးနှင့် စကားပြောမိသည့်အခါတိုင်းတွင် သူ့ကိုယ်သူ အလွန် မိုက်မဲလှသည်” ဟု ခံစားရမိကြောင်း ဆိုပါသည်။ တိရိစ္ဆာန်ရုံမှာ နေရသည့် ငှက်ချင်းအတူတူ ရေခဲငှက်နှင့် လင်းတကြီးများက ဇီးကွက်မကြီးထက်တော့ လွတ်လပ်သေး၏။ ထိုသို့ ပိုလွတ်လပ်မှန်းလည်းသိသိနဲ့ ဒီမလှုပ် သာမလွန့်သာ လှောင်အိမ်ကျဉ်းလေးကိုမှ ဘာကြောင့်ရွေးရလဲ။ တကယ်ဆို ခြံထဲနေမလား မေးရင် နေမယ် ပြောလိုက်ပြီးရောပေါ့။ မိုက်မဲလိုက်တဲ့ ဆုံးဖြတ်ချက်ပါလား။ ငါသာဆို လှောင်အိမ်ထက်စာရင် ခြံထဲပဲ သွားနေ တော့မှာပေါ့။ ဒီလောက်မိုက်မဲတဲ့ သူနဲ့ လာပြီး စကားပြောနေရလောက်အောင် ငါလည်း အတော်မိုက်မဲတဲ့ ကောင်ပါလားဆိုသည့်အတွေး ဝင်သွားလေဟန် ရေးဖွဲ့လိုက်သည်။ ထို့ကြောင့် ဘာမှဆက်မပြောတော့ဘဲ ရပ် လိုက်သည်။
သည်တော့မှ ဇီးကွက်မကြီးက “ရေခဲငှက်နဲ့ လင်းတတွေ ဘာလုပ်နေတယ်ဆိုတာ ရှင် သတိမထားမိဘူးလား” ဟု မေးသည်။ “ထားမိပါတယ်။ သူတို့ဟာ ကြီးမားတဲ့အတောင်ပံကြီးတွေကို ဖြန့်ရိုက်ခတ်ပြီး ခမ်းနားတဲ့ ဟိတ် ဟန်တွေကို ပြသနေကြတယ်လေ” ဟု သူဖြေလိုက်ကြောင်းပြောပြီး ဇီးကွက်မကြီး၏ အမေးကို ဆက်ရေးသွား ပြန်သည်။ “ရှင် သူတို့ အဝေးကို ပျံသွားတာကိုရော တွေ့ဘူးလား” “ဟင့်အင်း၊ ကျုပ် သူတို့ပျံပြေးတာ မမြင်ဖူး ဘူး” ဟု ပြန်ဖြေရင်း ဘာများ ဆက်ပြောမှာပါလိမ့် ဆိုသည့်အတွေးနှင့် ငြိမ်သက်နေဟန်ရှိ၏။
“ဒီလိုဆိုရင်လည်း ကျမရဲ့ မိတ်ဆွေမိုက်ကြီးရယ်၊ ဘာကြောင့်မမြင်ရတာလဲ။ သူတို့ အတောင်ပံကြီးတွေ ရိုက် ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေ လှည့်ပြသားပဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့်။ သူတို့အတောင်ပံ တွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လည်း ကျမ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ ဖွင့်လှစ်ထားတဲ့ လေဟာ ပြင်ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ ညှပ်ခံထားရတယ်လေ။ လှောင် အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံ အညှပ်မခံရဘူးမို့လား။”
“ကျမ ပျံနိုင်စွမ်းရှိသလောက် သူတို့ ပျံနိုင်စွမ်းမရှိတော့ပါဘူး”
စာရေးသူက ဤနေရာတွင် သူ့စာကို တိကနဲ ပိပိရိရိ ဖြတ်ချလိုက်သည်။ ကျနော့်ရင်ထဲ ဟာကနဲ။ သူပြောချင် သမျှကို အိပ်သွန်ဖာမှောက် ပြောချပြီးသွားပြီ။ ဘာမျှမကျန်တော့။ ကျနော့်မှာသာ အမိုးမဲ့ ခြံထဲမှ ရေခဲငှက်ကြီး များနှင့် လင်းတကြီးများအကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ ကာရံခံနေရသည့် နှင်းဖြူဇီးကွက်မ ကြီးအကြောင်း တွေးမိနေသည်။ အခန်းထဲတွင်ကား “လှောင်ချိုင့်ထဲကတေး” သည် လွင့်နေဆဲ ...။
(အကျဉ်းထောင်တွင်း ရောက်နေကြရသည့် နိုင်ငံရေးအကျဉ်းသားများအား ဦးညွတ်လိုက်ပါသည်။)
မျိုးမြင့်ချို
Posted by ဒေါက်တာလွဏ်းဆွေ at 4:53 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
1 comment:
သို့ 
မြန်မာပြည်သားလေး ကိုမျိုးမြင့်ချို
နှင်း ဂျာမနီကနေ စာရေးလိုက်ပါတယ်။
" ကျနော့်မှာသာ အမိုးမဲ့ ခြံထဲမှ ရေခဲငှက်ကြီး များနှင့် လင်းတကြီးများအကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ ကာရံခံနေရသည့် နှင်းအကြောင်း တွေးမိတယ် " ဆိုလို့ ပါ။
တွေးမနေပါ နဲ့  ကိုမျိုးမြင့်ချိုရယ်။
"သူတို့ အတောင်ပံကြီးတွေ ရိုက် ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေ လှည့်ပြသားပဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့်။ သူတို့အတောင်ပံ တွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လည်း ကျမ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ ဖွင့်လှစ်ထားတဲ့ လေဟာ ပြင်ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ ညှပ်ခံထားရတယ်လေ။ လှောင် အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံ အညှပ်မခံရဘူးမို့လား။”
“ကျမ ပျံနိုင်စွမ်းရှိသလောက် သူတို့ ပျံနိုင်စွမ်းမရှိတော့ပါဘူး” လို့  နှင်း ပြောခဲ့ တာလေ။၊
လှောငိအိမ် က ဂျာမနီကပါ ကွယ်။
ကိုမျိုးမြင့်ချို တို့  ဆီက လှောငိအိမ် ဆိုရင် နှင်းလဲ
အစာရေစာ ချို့ တဲ့ ၊ ကျန်းမာရေး ချုချာ၊ အားအင်ချိနဲ့ ပြီး ပျံနိုင်စွမ်းရှိတော့မှာမဟုတ်တော့ ပါဘူး ကိုမျိုးမြင့်ချို ရယ်။
ကိုမျိုးမြင့်ချို တို့ ဆီမှာဆို နှင်း က ခြံထဲ မှာပဲ နေမှာ။
နှင်း နှင်း ကြောက် ကြောက်။
တွေးမနေပါ နဲ့ နော်။
ခင်တဲ့ 
နှင်းဖြူဇီးကွက်မ
Post a Comment